Pages

Friday, 6 September 2013

နှစ်ငါးဆယ် ပညာခရီးသည်

ကိုဖြူ ။ ။ တစ်လောက သတင်းစာထဲမှာ ဆရာဘွဲ့တွေနဲ့ ကုန်အမှတ်တံဆိပ်ကြော်ငြာ တွေ့လိုက်ရပါတယ်။ ဒီဘွဲ့တွေ  ဘယ်လိုရအောင် ယူခဲ့သလဲ။ ဘွဲ့တွေအများကြီး ယူလို့ရသလား။ ယူလို့လွယ်သလား ပြောပြပါဗျာ။


ယူကေတီ ။ ။ ဘွဲ့ဒီဂရီဆိုတာလည်း တကယ်တော့ အရေအတွက်ပါပဲ။ ဘွဲ့ဒီဂရီရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အရည် အချင်းရှိဖို့ အရေးကြီးကြောင်း နောက်ပိုင်းမှာ ကျွန်တော် သိလာရပါတယ်။ ဒါပေမဲ့ ဒီဘွဲ့လက်မှတ်တွေရဖို့အတွက် အချိန် တစ်ခု၊ အခြေအနေတစ်ခု၊ အဆင့်တစ်ခုအထိ ဝီရိယစိုက်ထုတ် ရင်းခဲ့ရတာ၊ ပေးဆပ်ခဲ့ရတာတွေအကြောင်းတော့ ပြောပြချင် ပါတယ်။ ဒီနေ့နိုင်ငံတော်သစ်မှာ မျိုးဆက်သစ်တွေ လွတ်လပ်စွာ ပညာသင်ယူခွင့်ရစေချင်တယ်။ ပညာစစ်စစ်ကို စနစ်တကျ စဉ်ဆက်မပြတ် သင်ယူစေချင်ပါတယ်။
ကျွန်တော်ရဲ့ ပထမဘွဲ့တစ်ခုရဖို့ ပညာရေးခရီးစကို တင်ပြပါမယ်။
၁၉၆၃ ခုနှစ်မှာ (HSF) လို့ခေါ်တဲ့ တန်းမြင့်ကျောင်းထွက် စာမေးပွဲအောင်ပါတယ်။ မိဘနှစ်ပါးက ကျွန်တော် ငယ်ငယ်ကတည်းက ဆုံးသွားပါပြီ။ မြင်းခြံကုန်သွယ်ရေးမှာ အောက်တန်းစာရေးလုပ်ပါတယ်။ (၁၂၆)ကျပ်(၇၅)ပြား ရပါ တယ်။ စာရေးလုပ်ရင်း မြင်းခြံလူငယ်ရေးရာညကျောင်းက (၁၀)တန်းအောင်ပါတယ်။ ကိုယ်နဲ့ကျောင်းနေဘက်တွေ တက္ကသိုလ်သွားကြတော့ တက္ကသိုလ်တက်ချင်လိုက်တာ၊ ဘွဲ့တစ်ခု ရချင်လိုက်တာ။ ဒါပေမဲ့ အဘွားနဲ့ အရွယ်မရောက် သေးတဲ့ ညီနဲ့ညီမတို့ရဲ့ စားဝတ်နေရေးတာဝန်ရှိတော့ စာရေးပဲ ဆက်လုပ်ရတာပေါ့။ ဒါနဲ့ မန္တလေးတက္ကသိုလ်မှာ ညနေ သင်တန်းရှိကြောင်း သိလာတယ်။ စာရေးအလုပ်ကလည်း ထွက်လို့မဖြစ်ဘူး။ မန္တလေးကုန်သွယ်ရေးမှာ နေရာလစ်လပ် မလားစုံစမ်းတော့ မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ ကျောက်ဆည်မြို့တွေမှာ နေရာမလစ်လပ်ဘူး။ တံတားဦး၊ မတ္တရာ၊ ပုသိမ်ကြီးမှာ နေရာလစ်လပ်တယ်။ ကျောင်းတက်ဖို့ ခရီးစဉ်သွားလေ့လာတယ်။ မြင်းခြံကနေ ပုသိမ်ကြီးကုန်သွယ်ရေးကို အလုပ်ပြောင်းပြီး မန္တလေးတက္ကသိုလ် ညနေသင်တန်းကျောင်းသားတစ်ယောက်ဖြစ်လာပါတော့တယ်။ အဲဒီတုန်းက အိပ်ရာ ခေါင်းရင်းမှာ “ဘွဲ့ရချင်လိုက်တာ”လို့ ရေးထားခဲ့ပါတယ်။
မန္တလေး ဗောဓိကုန်း နုကြည်ရိပ်သာအဆောင်မှာ နေတယ်။ နံနက်(၈)နာရီခွဲမှာ မောင်ဗမာစက်ဘီးစုတ်နဲ့ ပုသိမ်ကြီးကို သွားရတယ်။ ညနေ(၄)နာရီမှာ ပုသိမ်ကြီးကနေ မန္တလေးတက္ကသိုလ်(အင်းဝဆောင်-၄)ကို (၅)နာရီ(၁၀)မိနစ်အရောက် ကျောင်းလာတက်ရတယ်။ ည(၁၀)နာရီမှာ ဗောဓိကုန်းအဆောင်ကိုပြန် ထမင်းချက်စားပြီး ကျောင်းတက်ခဲ့ရပါတယ်။ အဲဒီ တုန်းက လုပ်သားကောလိပ် ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ် ညနေသင်တန်းက ဘွဲ့တစ်ခုရဖို့ (၅)နှစ် ဖြစ်ပါတယ်။ (၅)နှစ်တာ ကာလ မိုင်(၂၅၀၀၀)စက်ဘီးစီးပြီး B.Sc (Chem:) ဘွဲ့တစ်ခု ရခဲ့ပါတယ်။ အဲဒီတုန်းက ဓာတုဗေဒဌာနက ဆရာများကတော့ ဒေါက်တာ ခင်မောင်၊ ဒေါက်တာ မောင်ဒီ၊ ဒေါက်တာ ချစ်မောင်၊ ဦးခင်မောင်ကြည်၊ ဦးတင်မောင်၊ ဦးကျော်တင့်၊ ဦးချစ်ဆောင်၊ ဦးချိုချို၊ ဦးသိန်းအောင်၊ ဦးဝေထွန်း၊ ဦးသန်းထွန်းအောင်၊ ဦးခင်မောင်ဦး တို့ ဖြစ်ပါတယ်။ ပါမောက္ခချုပ်က ဦးဘတုတ် ပါ။
ဘွဲ့တစ်ခုလည်း ရပြီ။ အထက်တန်းစာရေးလည်း ဖြစ်ပြီ။ နောက်တစ်ဆင့် အရာရှိဖြစ်ချင်လိုက်တာ။ ရာထူးဝန်အဖွဲ့ ကခေါ်တဲ့ သံတမန်အရာရှိနဲ့ တရားရေးဝန်ထမ်းအဆင့်(၄)ရာထူးများကို လျှောက်ခဲ့ပါတယ်။ ရာထူးဝင်ခွင့် စာမေးပွဲနှစ်ခုစလုံး အောင်မြင်ပါတယ်။ တရားရေးဝန်ထမ်းသင်တန်းကို ၁၉၇၃ မှာ ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း၊ ပြည်သူ့ရေးရာ အရာရှိသင်တန်း အမှတ်စဉ်(၇)၊ အောင်ဆန်းတပ်ခွဲမှာ တက်ရပါတယ်။ (၁၉၇၄)မှာ သင်တန်းဆင်းပြီး မန္တလေးအရှေ့တောင်မြို့နယ် တရားရုံး မှာ တရားရေးဝန်ထမ်းအဆင့်(၄) တရားရေးအကြံပေးအဖြစ် အလုပ်ရပါတယ်။ (Judicial Officer) (B.J.S) (Best Cadet) ရလာခဲ့တဲ့ဘွဲ့က သိပ္ပံဘွဲ့ (ဓာတုဗေဒ)ဖြစ်ပြီး အလုပ်က တရားရေးအကြံပေးဖြစ်တော့ ဥပဒေနဲ့ဆိုင်တဲ့ဘွဲ့၊ လက်မှတ် တွေ ရထားသင့်တယ်။ ဒါမှ ဌာနဆိုင်ရာမှာ ထိထိရောက်ရောက် အလုပ်လုပ်ပေးနိုင်မယ်လို့ ထင်ခဲ့မိတယ်။ ဒါကြောင့် ရနိုင်တဲ့ ဘွဲ့တွေ ရှာဖွေစုံစမ်းကြည့်ခဲ့တယ်။ “ရှာဖွေလေ တွေ့ရှိလေ” ဆိုသလိုပါပဲ။ (၁၉၇၄)မှာ အထက်တန်းရှေ့နေ စာမေးပွဲ အောင်တယ်။ HGP (1st Position) (၁၉၇၅)မှာ တရားရေးဝန်ထမ်း လုပ်ရင်းရှေ့နေသင်တန်းကျောင်းဆရာ လုပ်ပါတယ်။ ရန်ကုန်မှာဖွင့်တဲ့ မှတ်ပုံတင်ရှေ့ နေသင်တန်း (R.L) နဲ့ ဒီပလိုမာ စာရင်းကိုင်သင်တန်း (D.A) ကို စာရင်းသွင်းပြီး မန္တလေးက သွားဖြေခဲ့ပါတယ်။ R.L (1st Position) နဲ့ D.A တို့ ရခဲ့ပါတယ်။ ဒီမှာတင် ပြဿနာပေါ်တော့တာပါပဲ။ နယ်က တရားရေး ၀န်ထမ်းက R.L ဖြေခွင့် မရှိဘူးတဲ့။ တရားရေးဝန်ထမ်းအလုပ်က လည်း ထုတ်ပစ်ခံခဲ့ရပါတယ်။ (ဒီနိုင်ငံမှာ စာမေးပွဲ ဖြေခြင်းဟာ အပြစ်တစ်ခု ဖြစ်ခဲ့ပါကလား။) (ဘွဲ့တစ်ခုရပြီးရင် ဘွဲ့ထပ်ယူ ခွင့်မရှိဘူးလို့ အဲဒီတုန်းက လူကြီးတစ်ယောက်ရဲ့ နှုတ်မိန့်နဲ့ ပိတ်ပင်ထားတယ် ဆိုပါလား။)
ဘွဲ့တစ်ချို့ရလာတဲ့အခါ ဘယ်သူတားတား နောက်ထပ်ရနိုင်သလောက် ပညာကို ဆက်လက်သင်ယူသင့်တယ်ဆိုတဲ့ မခံချင်စိတ်တွေ ပေါ်ခဲ့တယ်။ စာမေးပွဲတိုင်းမှာ ပထမရအောင်ဖြေမယ်။ မရရင် သတ်သေမယ်ဆိုတဲ့ ရူးကြောင်ကြောင် ဆုံးဖြတ်ချက်တွေ ပေါ်ခဲ့ဖူးပါတယ်။ အိပ်ရာခေါင်းရင်းမှာလည်း “လူမှန်ရင် စာမေးပွဲအောင်မှ၊ စာမေးပွဲကျမှာ ရှက်စရာ” ဆိုပြီး ရေးထားခဲ့ဖူးတယ်။
ဒီစိတ်ကြောင့် မန္တလေးတက္ကသိုလ်မှာ ကျင်းပတဲ့ ပြင်ပ၀ိဇ္ဇာစာမေးပွဲ(၅)နှစ်ဘွဲ့ကို စိတ်ပညာအဓိကနဲ့ ပြန်တက်ပါ တယ်။ ဥပဒေသမားတွေအတွက် အသုံးကျလို့ပါ။ (၅)နှစ်ကြာတော့ B.A (Psychology) ဘွဲ့ရပါတယ်။ မဟာဝိဇ္ဇာတန်း တက်ဖို့ M.A(Q) အဆင့်မီလို့ နောက်ထပ်(၅)နှစ်တက်ပြီး မဟာဝိဇ္ဇာစိတ်ပညာ (M.A, Psychology) ဘွဲ့ ထပ်ယူဖြစ်ခဲ့ပါ တယ်။ ဆရာများကတော့ ဒေါက်တာ စိန်တူ၊ ဦးခင်မောင်သန်း၊ ဒေါ်ကြင်စိန်၊ ဦးခင်မောင်ဆွေ၊  ဒေါက်တာ ထွန်းသန်း၊ ဒေါ်ခင်လတ်၊ ဒေါ်မြမြယဉ် တို့ဖြစ်ပါတယ်။ ရန်ကုန် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်က ကျင်းပတဲ့ ဥပဒေဘွဲ့ (L.L.B) (၅)နှစ်ကို စာပေးစာယူနဲ့ ရယူခဲ့ပါတယ်။ ရာထူးဝန်အဖွဲ့က ကျင်းပတဲ့ ဗဟိုတရားရုံးရှေ့နေစာမေးပွဲ (Advocateship) (Credit) ကို ရယူခဲ့ပါတယ်။ ဥပဒေဘွဲ့တွေဖြစ်လို့ အသုံးကျပါတယ်။
နယ်ကလာသူဖြစ်တော့ အင်္ဂလိပ်စာ ညံ့ပါတယ်။ ဒါကြောင့် အိပ်ရာခေါင်းရင်းမှာ “(ဘိုလို)မှုန်နေအောင် တတ်ချင်တယ်”လို့ ရေးထားခဲ့တယ်။ ဘ၀အတွက် အသုံးကျလို့ပါ။ မန္တလေးမှာ နိုင်ငံခြားဘာသာသိပ္ပံ (IFL) မရှိပါဘူး။ ၁၉၉၈ ကျမှ မန္တလေးမှာ (MUFL) ပေါ်လာပါတယ်။ ၀င်ခွင့်(ရေးဖြေ/နှုတ်ဖြေ)တွေအောင်လို့ (၁)နှစ်သင်တန်း အချိန်ပြည့်၊ လေးထပ် ဆောင်မှာ တက်ခဲ့ရပြီး Dip in English (Cerdit) ရခဲ့ပါတယ်။ ဆက်ပြီး အချိန်ပြည့်တစ်နှစ်တက်တော့ မန္တလေးတက္ကသိုလ် အင်္ဂလိပ်စာဌာနက Dip E.L.T (Credit) ရခဲ့ပါတယ်။ B.A (Eng:) မရပေမယ့် မဟာဝိဇ္ဇာဆက်တက်ခွင့်ရခဲ့လို့ အချိန်ပြည့် (၂)နှစ်တက်ပြီး M.A (English) ရခဲ့ပါတယ်။
အဲဒီအချိန်မှာ မန္တလေးတက္ကသိုလ်မှာ ဖွင့်နေတဲ့ စီးပွားရေးဆိုင်ရာဥပဒေ (D.B.L) ခေါင်းဆောင်မှုစွမ်းရည်ဖွံ့ဖြိုးမှု ဒီပလို မာ (D.L.D) တို့လည်း ရခဲ့ပါတယ်။ အင်တာနက်ခေတ်ရောက်လာတော့ အွန်လိုင်းနဲ့ စာမေးပွဲတွေ ဖြေပါတယ်။ ဖြေဆဲပါ။ ၂၀၀၉ မှာ ဂျနီဗာက DL.IP Law (Geneva) လက်မှတ်ရပါတယ်။ ၂၀၁၂-၂၀၁၃ မှာ မန္တလေးမှာ စဖွင့်တဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေဒီပလိုမာ DIL သင်တန်းကို ယခုတက်ရောက်သင်ယူ နေဆဲ ကျောင်းသားဖြစ်ပါတယ်။ ဥပဒေသမားနဲ့ ဆက်စပ်တဲ့ဘွဲ့တွေ ဖြစ်ပါတယ်။

ကိုဖြူ ။ ။ ပါရဂူဘွဲ့ (Ph.D) ဘာလို့ ဆက်မတက်တာလဲ။

ယူတီကေ။ ။ ဒီနိုင်ငံမှာ အသက်(၃၀)ကျော်ရင် တက်လို့မရဘူးတဲ့။

ကိုဖြူ ။ ။ အခု ဆရာရခဲ့တဲ့ ဘွဲ့တွေ ယူလို့ရသေးလား။

ယူတီကေ။ ။ မန္တလေးတက္ကသိုလ် (ညနေသင်တန်း)၊ ပြင်ပ၀ိဇ္ဇာ၊ တက္ကသိုလ်စာပေးစာယူတို့ မရှိတော့ပါဘူး။ H.G.P, R.L, Advocateship, D.L.D တို့လည်းမရှိတော့ပါဘူး။ ဥပဒေပညာ အညွန့်ကျိုးသွားခဲ့ပါပြီ။

ကိုဖြူ ။ ။ စာမေးပွဲတွေ ဖြေဆိုခဲ့ရတဲ့နှစ်ပေါင်း ဘယ်လောက်ရှိသလဲ ဆရာ။

ယူတီကေ။ ။ (၁၀)တန်းအောင်ပြီးနောက် နှစ်ပေါင်း(၄၀)၊ ဖြေဆိုရက်(၄၀၀)လောက် ဖြေလာခဲ့ရပါတယ်။ စာမေးပွဲမရှိတဲ့ ကာလတွေမှာ ဘာသာရေးစာပေတွေနဲ့ သီချင်းတွေကို ကျက်မှတ်ခဲ့ပါတယ်။

ကိုဖြူ ။ ။ ဆရာရဲ့ ပညာရေးခရီးဟာ ခက်ခဲကြောင်း၊ ပင်ပန်းကြောင်း၊ ပြဿနာတွေများကြောင်း၊ ငွေကုန်ကြောင်း၊ အချိန်ကုန်ကြောင်း၊ အလုပ်ရှုပ်ကြောင်း၊ ရင်တထိတ်ထိတ်နဲ့ ဖြေခဲ့ရကြောင်း မပြောတော့ဘူးလား။

ယူတီကေ။ ။ အားလုံးကို ကျော်ဖြတ်ခဲ့ပါပြီ။ ပထမဘွဲ့ရဖို့ စတက်စဉ်ကတော့ (၅)နှစ်ဆိုတော့ အကြာကြီးပဲလို့ အားငယ် မိပါရဲ့။ အနှစ်(၅၀)ကြာလို့ နောက်ပြန်ကြည့်လိုက်တော့ ခဏလေးလိုပါပဲ။

ကိုဖြူ ။ ။ ဘွဲ့တွေအများကြီးရတော့ ဘာထူးသလဲဆရာ။

ယူတီကေ။ ။ မသိသေးတာတွေ၊ မသိနိုင်တာတွေ အများကြီး၊ အများကြီးပါလားဆိုပြီး ကြောက်လာမိတယ်။

ကိုဖြူ ။ ။ နောက်ပိုင်းစာမေးပွဲတွေမှာရော ပထမရသေးသလား။

ယူတီကေ။ ။ မရတော့ဘူး။ အခြေအနေ၊ အချိန်အခါ၊ အခွင့်အလမ်းအရ မဖြစ်နိုင်တော့လို့ လက်လျှော့လိုက်ရတယ်။

ကိုဖြူ ။ ။ ဘွဲ့ရပြီးသူ ဘွဲ့ထပ်ယူရင် အပြစ်ဖြစ်တယ်ဆိုပြီး ဆရာ့ဘွဲ့လက်မှတ်တွေ ပြန်သိမ်းသွားရင်ကော။

ယူတီကေ။ ။ ခေါင်းထဲမှာ ရောက်ပြီးတဲ့ ပညာကိုတော့ ပြန်လုယူလို့မရပါဘူး။ ဒီကိစ္စဟာ အရင်ကတော့ အပြစ်ကြီးပေါ့။ အခုတော့လည်း ပညာရေးတစ်ခေတ်ဆန်းလာပြီတို့၊ တစ်သက်တာသင်ယူနေရမယ်တို့ ပြောလာကြပါပြီဗျာ။

ကိုဖြူ ။ ။ ဆရာ အခုတက်နေတဲ့ (၁၆)ခုမြောက်ဘွဲ့ DIL ဘွဲ့ရရင် ဆရာ ဘာဖြစ်သွားမှာလဲ။

ယူတီကေ။ ။ ဆံဖြူ၊ သွားကျိုး၊ မျက်စိမှုန်၊ ခါးကိုင်း၊ နားထိုင်း၊ သတိတွေမေ့တတ်တဲ့ လူအိုကြီး ဖြစ်သွားပြီ။

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
  • B.Sc (Chemistry)
  • B.A (Psychology)
  • LL.B
  • M.A (Psych: Testing)
  • M.A (English)
  • Diploma in Account
  • Dip in Business Law
  • Dip in Leadership Devt:
  • Dip in English (Credit)
  • Dip in E.L.T (Credit)
  • Dip inInternational Law
  • B.J.S (Best Cadet)
  • H.G.P (1st Position)
  • R.L (1st Position)
  • Advocateship (Credit)
  • DL 101 IP.Law (Geneva)

1 comment:

  1. ဘယ်လောက်ပဲအရည်အချင်းရှိရှိပါဗျာ.... သာမန်ဘွဲလေးတစ်ခုတောင်မရရင် ဘယ်မှာမှနေရာမရဘူး......... ဘယ်သူမှလဲလူရာမသွင်းဘူးဗျ.... ကျွန်တော်ကိုယ်တွေ့..........

    ReplyDelete