"တစ်ဦးချင်းဝင်ငွေမြင့်မားလှသော
တောင်ကိုရီးယားလိုနိုင်ငံတွင်ပင် ဒေါ်လာ နှစ်ဆယ်သုံးဆယ်ခန့်
လစဉ်ပေးရုံဖြင့် ကနဦးတပ်ဆင်ခပင် တစ်စုံတစ်ရာပေးစရာမလိုဘဲ
တစ်လလုံးအင်တာနက်စိတ်ကြိုက်သုံးနိုင်လေသည်။"
တတိယလှိုင်းရိုက်ခတ်လာခြင်းနှင့်အတူ အရာရာသောတန်ဖိုးထားမှုနှုန်းစံတွေ
ပြောင်းလဲလာကြသည်။ တရွေ့ရွေ့ပြောင်းလဲနေသော ကမ္ဘာကြီးအဖြစ်ကနေ
အိုင်တီနည်းပညာ အကျိုးကျေးဇူးကြောင့် အလျင်အမြန်ပြောင်းလဲတတ်သော
ကမ္ဘာ့အစီအစဉ်သစ်တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ပေသည်။ ကမ္ဘာတစ်ဘက်အခြမ်းမှ
အကြောင်းအရာတစ်ခုသည် တစ်ခြားကမ္ဘာတစ်ဘက်ခြမ်းသို့
တစ်မဟုတ်ချင်းရောက်ရှိနိုင်သော ခေတ်ကြီးပင်ဖြစ်လေသည်။
တစ်ချိန်ကဆိုလျှင် ပစ္စည်းကြီးကြီးမားမားထုတ်လုပ်သော သံမဏိလုပ်ငန်း၊
ကားထုတ်လုပ်ရေး၊ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ ရေနံထုတ်လုပ်ခြင်းစသည့်
လုပ်ငန်းကြီးများသည် အကြွယ်ဝဆုံးအနေအထားတွင်ရှိနေရာမှ
ယခုအိုင်တီနည်းပညာခေတ်တွင်တော့ မျက်စိဖြင့်ပင်မမြင်နိုင်သော
လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့် ဆော့ဖ်ဝဲကုမ္ပဏီကြီးများသည်
ထိပ်တန်းဝင်ငွေအကောင်းဆုံး လုပ်ငန်းများအဖြစ်ရပ်တည်လာကြပေသည်။
အိုင်တီနည်းပညာခေတ်၏နောက်တွင် အရေးကြီးသောအိုင်ဒီအိုလိုဂျီတစ်ရပ်
ကပ်လျက်ပါလာသည်မှာ ပညာသည်အရာရာအတွက်အခရာကျသည်ကို ယခင်ကထက်ပင်
ပညာရှင်များကျယ်ကျယ်ပြန့်ပြန့် လက်ခံလာခြင်းပင်။ ယခင်လို
ကော်ပိုရေးရှင်းကြီးများက လက်ဝါးကြီးအုပ်ထားတတ်သော စီးပွားရေးသွင်ပြင်မှသည်
တစ်ဦးချင်းအရည်အချင်းဖြင့်ပင် ယခုအိုင်တီခေတ်တွင်
ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိသည်ကို ကွယ်လွန်သူ Apple CEO ဟောင်း
စတိဗ်ဂျော့ဘ်၊ Microsoft CEO ဟောင်း ဘီလ်ဂိတ် စသူတို့၏အောင်မြင်မှုကို ကြည့်ခြင်းဖြင့်ပင် သိနိုင်လေသည်။
"ယခု ကမ္ဘာ့အအောင်မြင်ဆုံး လူမှုကွန်ယက် Facebook ကို ထူထောင်သူ မက်ဇကာဘက်ဆိုလျှင်လည်း သူ၏ Facebook ရှေ့ပြေး Facemash ဆိုတဲ့ ပရိုဂရမ်လေးကို Havard တက္ကသိုလ်အဆောင်မှာပင် စတင်ခဲ့လေသည်။ "
ထိုသို့ တက္ကသိုလ်အဆောင်လေးမှာစတင်ခဲ့သော လုပ်ငန်းလေးသည် ယခုအချိန်တွင်
ကမ္ဘာ့အကျယ်ပြန့်ဆုံးလူမှုကွန်ယက်ကြီး ဖြစ်နေပေပြီ။ ထိုကဲ့သို့
စွမ်းဆောင်ရည်ပြည့်ဝသော လူငယ်လေးများသည် ရေခံမြေခံကောင်းမှ ပေါက်ဖွားလာသော
ကြာပန်းလေးများသဖွယ် လောကအလယ်အလှဆင်ကာ တင့်တယ်လှပေသည်။
ရေခံမြေခံကောင်းဆိုသည်မှာ သူတို့ဖြတ်သန်းရာ အခြေခံ၊အဆင်မြင့်
ပညာရေးပျိုးခင်းကြီးကို ဆိုလိုပေသည်။
ထို့ကြောင့်ပင် ကမ္ဘာနှင့်အ၀ှမ်းတွင် ပညာ ပညာဟူ၍
တကြော်ကြော်အော်သည့်အဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ ဖွံ့ဖြိုးပြီးနိုင်ငံရှိ
တိုင်းသူပြည်သားများအတွက်တော့ တက္ကသိုလ်ကောင်း၊ ကျောင်းကောင်းများကို
ရွေးချယ်၍မကုန်နိုင်အောင် ရှိနေသော်လည်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်တော့
ထိုကဲ့သို့သော နိုင်ငံတကာအဆင့်မီပညာရေး သင်ယူနိုင်ရေးဆိုသည်မှာ
လွယ်ကူသောအရာမဟုတ်ပေ။
"နိုင်ငံတကာအဆင့်မီ
တက္ကသိုလ်ကြီးများသို့ သွားရောက်ပညာသင်ယူခွင့်ရရေးဆိုသည်မှာ
ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူငယ်များ၏ အိပ်မက်တစ်ခုပင်ဖြစ်လေသည်။"
ယင်းကဲ့သို့ ရည်မှန်းချက်ကြီးမားသော လူငယ်လေးများ၏
ဆန္ဒကိုဖြည့်ဆည်းပေးရန်အတွက် ယခုဆိုလျှင်အင်တာနက်ပေါ်တွင် မိမိသင်ကြားလိုသော
ဘာသာရပ်များကို အခမဲ့သင်ကြားပေးနေသော အင်တာနက်စာမျက်နှာများ
အလျှိုလျှိုပေါ်ထွက်လာကြပေပြီ။ M.I.T, Havard တို့ကဲ့သို့သော
ကမ္ဘာကျော်တက္ကသိုလ်ကြီးများမှလည်း မိမိတို့တက္ကသိုလ်တွင် ပို့ချသော
တစ်ချို့သောဘာသာရပ်များကို OpenCourseWare အနေဖြင့် အင်တာနက်စာမျက်နှာတွင်
အများသူငှာလေ့လာနိုင်ရန် ဖြန့်ဝေပေးထားလေသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံ
I.I.T မှလည်း ၎င်းတို့၏သင်ခန်းစာ တော်တော်များများကို Youtube မှတဆင့်
အများသူငှာတို့လေ့လာနိုင်ရန် တင်ပေးထားလေသည်။ ဗီယက်နမ်၊
အင်ဒိုနီးရှားနိုင်ငံမှ တက္ကသိုလ်အချို့ပင်လျင် ၎င်းတို့၏သင်ခန်းစာများကို
အင်တာနက်စာမျက်နှာတွင် စတင်ဖြန့်ဝေနိုင်ရန် ကြိုးစားနေကြပြီဖြစ်လေသည်။
ပညာရေးကိုစိတ်ဝင်တစားရှိသူမှန်လျင် ပညာရပ်ပေါင်းစုံကို လေ့လာနိုင်သော Khan Academy (http://www.khanacademy.org/)
ကို မသိသူမရှိသလောက်ပင်။ စာသင်ကျောင်းခန်းတွင် လွတ်သွားသောဘာသာရပ်တစ်ခုကို
မိမိကိုယ်ကိုလေ့လာနိုင်လာသည်။ ပညာရပ်ပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံမှ
OpenCourseWare များကို တစ်နေရာတည်းမှာ စုစည်းပေးထားသော Freevideolectures (http://www.freevideolectures.com)
ကဲ့သို့သောနေရာသည်လည်း ပညာလိုလားသော လူငယ်များအတွက် တန်ဖိုးမဖြတ်နိုင်သော
ရတနာသိုက်သဖွယ်ဖြစ်လေသည်။ udemy.com တွင်လည်း သက်ဆိုင်ရာပညာရပ်ကို
ငွေကြေးအနည်းငယ်ပေး၍သော်လည်းကောင်း၊ တချို့သော ပညာရပ်များကို
အခမဲ့သင်ယူနိုင်သည်။ Alison.com တွင်လည်း ထိုကဲ့သို့ပင်သင်ယူနိုင်ပြီး၊ Diploma ကိုပင်ထုတ်ယူနိုင်ပေသည်။
ယခုဆိုလျှင် အွန်လိုင်းပညာရေး၏ အရေးပါမှုကို
ထိထိရောက်ရောက်မြှင့်တင်ပေးနိုင်ရန်အတွက် OCW Consortium
ကဲ့သို့သောအဖွဲ့အစည်းကိုပင်ဖွဲ့ကာ ကမ္ဘာ့အဆင့်မီပညာရပ်သင်ခန်းစာများကို
ဖြန့်ဝေရန်ကြိုးစားနေကြပေပြီ။
ကမ္ဘာကြီးကို ပညာဖြင့်အလှဆင်ကြတော့မည့်ခေတ်ကြီးအတွက်
ကမ္ဘာအရပ်ရပ်မှလူသားမျိုးနွယ်အားလုံးသို့ ဆင်းရဲချမ်းသာမရွေး
ကမ္ဘာ့အဆင့်မီပညာရပ်များကို အခမဲ့သင်ကြားလေ့လာနိုင်ရန်အတွက်
တက်ညီလက်ညီကြိုးစားပေးနေကြပေပြီ။ အင်တာနက်
ခေတ်ပြောင်းတော်လှန်ရေးကြီးကိုကြည့်လျင် စာသုံးသူများကို
အခမဲ့ပေးသုံးနိုင်ရန်ကြိုးစားခြင်းသည် ၂၁ ရာစု ပါရာဒိုင်းအသစ်ဖြစ်လေသည်။
ဥပမာ- လက်ရှိအအောင်မြင်ဆုံး နည်းပညာကုမ္ပဏီကြီးနှစ်ခုဖြစ်သော Google နှင့်
Facebook တို့ကိုကြည့်က အသုံးပြုသူများအနေဖြင့်
စိတ်ကြိုက်သုံးစွဲခွင့်ပြုထားပြီး သူတို့အတွက်အကျိုးအမြတ်ကိုမူ
အွန်လိုင်းကြော်ငြာကဲ့သို့သောနေရာမှ ပြန်လည်ရှာဖွေကြလေသည်။ ယင်းကဲ့သို့ပင်
အနာဂတ်ပညာရေးပါရာဒိုင်းသည်လည်း လူတိုင်းလွတ်လွတ်လပ်လပ်
ငွေကြေးတစ်စုံတစ်ရာပေးစရာမလိုဘဲ စိတ်ကြိုက်လေ့လာသင်ယူနိုင်သော အခြေအနေသို့
ပြောင်းလဲလာနိုင်ဖွယ်ပင်ရှိလေသည်။
"
အနာဂတ်ပညာရေးပါရာဒိုင်းသည်လည်း လူတိုင်းလွတ်လွတ်လပ်လပ်
ငွေကြေးတစ်စုံတစ်ရာပေးစရာမလိုဘဲ စိတ်ကြိုက်လေ့လာသင်ယူနိုင်သော အခြေအနေသို့
ပြောင်းလဲလာနိုင်ဖွယ်ပင်ရှိလေသည်။"
မည်သို့ပင်ဆိုစေကာမူ အင်တာနက်သည် နိုင်ငံသူနိုင်ငံသားတို့၏ ပညာရေး၊
ဆက်သွယ်ရေးတို့အပြင် ပိုင်ဆိုင်မှုအမြောက်အများဖြင့်
တက်လူများအပေါ်လက်ဝါးကြီးအုပ်ထားတတ်သော အရင်းရှင်စီးပွားရေးဓနရှင်များအား
ကွန်ပြူတာတစ်လုံးနှင့်အန်တုနိုင်သော Entrepreneurလေးများမွေးထုတ်ရေးအတွက်လည်း
အရေးပါလှပေသည်။ ထို့သို့အရေးပါလှသောကြောင့် ကမ္ဘာအရပ်ရပ်ရှိ
အစိုးရတာဝန်ရှိသူတို့က နိုင်ငံသားတိုင်း အင်တာနက်အသုံးပြုနိုင်စေရန်အတွက်
လုပ်ဆောင်ပေးလေ့ရှိကြလေသည်။ တစ်ဦးချင်းဝင်ငွေမြင့်မားလှသော
တောင်ကိုရီးယားလိုနိုင်ငံတွင်ပင် ဒေါ်လာ နှစ်ဆယ်သုံးဆယ်ခန့် လစဉ်ပေးရုံဖြင့်
ကနဦးတပ်ဆင်ခပင် တစ်စုံတစ်ရာပေးစရာမလိုဘဲ
တစ်လလုံးအင်တာနက်စိတ်ကြိုက်သုံးနိုင်လေသည်။
ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်နှင့် လုပ်ဆောင်နေသော
ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ကြီးတွင်လည်း ကမ္ဘာအရပ်ရပ်က
အခမဲ့ဖြန့်ဝေပေးနေသောပညာရပ်များကို သင်ကြားလေ့လာနိုင်ရန်၊ အခြားသော
ဝန်ဆောင်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွန့်ဦးတီထွင်လူငယ်များ
အမြောက်အမြားပေါ်ထွက်လာစေရန်အတွက် နိုင်ငံတကာအဆင့်မီ အင်တာနက်လိုင်းများ
တပ်ဆင်အသုံးပြုဖို့ အထူးပင်လိုအပ်လှပါကြောင်း စေတနာထားတင်ပြလိုက်ရပါသည်။
မောင်မျိုး(စက်မှု)
No comments:
Post a Comment