လူတစ်ဦးစီဟာ လောကကြီးမှာ အထီးထီး ရပ်တည် နေထိုင်လို့ မရနိုင်ပါဘူး။
လူဖြစ်လို့လူ့ အဖွဲ့အစည်း(Human Society) အတွင်းမှာ နေထိုင်ရပါတယ်။
အဲဒီ အခါမှာတော့ ထွေးရောယှက်တင် ပူး ပေါင်းနေထိုင်လာရသမို့ သူ့အကျိုး
ကိုယ့်အကျိုးဆိုတာတွေ ရှိလာပါတော့တယ်။ ပထမဦးစွာ ကိုယ့်ရဲ့ အကျိုးအတွက်
လုပ်ဆောင်ရပါတယ်။ ဒါဟာ ဓမ္မတာပါပဲ။ အတ္တဟိတသဘော၊ အတ္တသမားပဲပေါ့။ အင်္ဂလိပ်လိုက
Cynic လေ။ နောက်တစ်မျိုးက Egotist ပေါ့။ အသစ်ထွင်သုံးတဲ့စကားကျတော့
Me-Firster တဲ့။
ကနဦး အနေနဲ့ အတ္တဟိတ သမား ဖြစ်ရတာ သဘာဝကျပါတယ်။ ဘယ်လို အတ္တသမားမျိုးလဲ။
မြန်မာ့ ယဉ်ကျေးမှုမှာ လူတိုင်း သိပြီးသားဖြစ်တဲ့ “နေ့စဉ် ပညာ၊ ဥစ္စာ၊
ကုသိုလ်ရှာ“ဆိုတာပါပဲ။ပြန် စဉ်းစားကြည့်တော့ ကျန်းမာရေး ကောင်းနေတဲ့ လူဟာ
ငယ်စဉ်ကတည်းက ပညာ သင်ယူရတယ် လေ။ သင်တော့တတ်တာပေါ့။ ဘယ်သူတတ်တာလဲ။
ကိုယ်တတ်တာ၊ မိမိတတ်တာလေ။ ပညာ ဆိုတာ ကိုယ်တိုင်သင်ယူဆည်းပူးရတာကိုး။
ကိုယ်တတ်ဖို့ ကိုယ်သင်။ ကိုယ်သင်တော့ ကိုယ်တတ်။ ဒါဟာ အတ္တဟိတ တစ်မျိုးပါပဲ။
ရှိကောင်းရုံမက ရှိကိုရှိရမဲ့ အမျိုးအစားပါ။
ပညာတတ်လာရင်တော့ နောက်ထပ် အတ္တဟိတ တစ်မျိုးဖြစ်တဲ့ ဥစ္စာ ရှာဖွေ စုစောင်းဖို့
အလုပ် လုပ်ရတော့မယ်လေ။ စီးပွားဥစ်္စာကိုလည်း သမ္မာ အာဇီဝ
အသက်မွေးဝမ်းကျောင်း မှန်မှန်ကန်ကန်နဲ့ ကြိုးစား လုပ်ကိုင်ရပါတယ်။
အလုပ်ကြိုးစားတော့ စီးပွားဖြစ်ပါတယ်။ စီးပွားဖြစ်တော့ ဥစ္စာရတာ ပေါ့။
ဥစ္စာရရင် ကိုယ့်အတွက် စိတ်ကြိုက် သုံးနိုင် ပါတော့တယ်။
ကိုယ်ကျိုးအတွက်ပေါ့။
အမှန်တော့ ပညာနဲ့ ဥစ္စာရှာဖွေ ရယူကြတာဟာ ကိုယ်ကျိုးအတွက် သက်သက်ပါပဲ။ အတ္တ
ဟိတသဘောပဲလေ။ ဒီတော့ ပညာနဲ့ဥစ္စာ ရပြီးရင် ဘာလုပ်ကြမလဲ။ ကုသိုလ်
လုပ်ရတော့မယ်လေ။ ကုသိုလ်ဆိုတာ ဘာလဲ။ မြန်မာ့ဓလေ့ ရိုးရာမှာ ကုသိုလ်ရဲ့အနက်အ
ဓိပ္ပာယ်ကို ဖွင့်ဆိုကြပုံတွေ အမျိုးမျိုး ရှိကြပါတယ်။ တစ်ခုက ကုသိုလ်ဆို
တာ ကောင်းမှုတဲ့။ ကောင်းမှု ဆိုတာကကော ဘာလဲ။ ကိုယ့်အတွက် ကောင်းတာလား။ သူများ
အတွက်ကောင်းတာလား။ ကိုယ့်အတွက်ဆိုရင် တော့ အတ္တဟိတပဲ ဖြစ်နေမှာပါ။
ဒါဆိုရင်သူတစ် ပါးကောင်းဖို့ပေါ့။ ဟုတ်ပါတယ်။ တခြားသူတွေ ကောင်းဖို့
တစ်စုံတစ်ရာ ဆောင်ရွက်ပေးတာ ပါပဲ။ ဘာဆောင်ရွက်ပေးရင် ကုသိုလ်ကောင်းမှု
ဖြစ်မလဲ။
ရှင်းပါတယ်။ အတ္တဟိတနဲ့ အားထုတ်ကြိုး ပမ်းလို့ ရရှိထားတဲ့ ပညာနဲ့ ဥစ္စာကို
တခြားသူတွေ ကောင်းကျိုးချမ်းသာ ရရှိစေဖို့ ဝေမျှပေးကမ်း
လိုက်ခြင်း(Share)ပဲ ဖြစ်ပါတယ်။ ကိုယ်တတ် ထားတဲ့ပညာတွေ တခြားသူကို
သင်ပေးလိုက် မယ်။ ကိုယ်ရထားတဲ့ ဥစ္စာ ပစ္စည်းဓနငွေကြေး တခြားသူတွေကို
ချီးမြှောက်ပေးဝေစွန့်ကြဲလိုက် မယ်။ ဒါဆိုရင် အများကောင်းကျိုးဆောင်ရွက်
တာဖြစ်လို့ ပရဟိတခေါ်တာပါပဲ။
မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းမှာ ပရဟိတ အများအကျိုးဆောင် ရွက်ဖို့
နှိုးဆော်စကားတွေက ရှိပြီးသားပါ။ အလှူ တကာ့ အလှူမှာ ပညာအလှူက အမြတ်ဆုံး။
အလှူရေစက် လက်နဲ့ မကွာ။ ပုဗ္ဗ၊ မုဉ္စ၊ ပရစေ တနာ။ စေတနာသုံးတန်ပြဋ္ဌာန်းပြီးလှူ၊
ထမင်း ရည်ချောင်းစီး လှူဒါန်း။ ဘယ်ဘက်က တစ်ဆုပ် ကြဲလို့
ညာဘက်ကတစ်လှည်းဝင်ဆိုတဲ့ စကား တွေဟာ မြန်မာလူမျိုးတွေ နားလျှံမတတ်ပါပဲ။
လက်တွေ့အကောင် အထည် ဖော်ကြဖို့သာ လိုအပ် နေတာပါ။
ဒါကြောင့်မို့ နေကြတ်ပြီးထွက်လာ တဲ့နေမင်းကြီးလို၊ လငပုတ် ဖမ်းခံရပြီး
လွတ်လာ တဲ့လမင်းကြီးပမာ အမှောင် ကင်းပျောက် အလင်းရောက် စပြုချိန်ကစပြီး
ပညာလည်း စုဆောင်း၊ ဥစ္စာလည်း ရှာဖွေကာ၊ ကုသိုလ်တွေ ပြုနိုင်ကြဖို့
ဒီကနေ့ခေတ် ဖူးငုံဆယ်ကျော် သက်တို့ အပါအ၀င် မြန်မာလူငယ် အပေါင်း ဟာ
ကိုယ်တိုင် နေထိုင် ပိုင်ဆိုင်ကြမဲ့ အနာဂတ် ကမ္ဘာကြီး အတွက် မိမိကိုယ်ကို
ဗဟို မဏ္ဍိုင်ပြုပြီး၊ ၀န်းကျင်က ပုဂိ္ဂုလ်တွေကိုပါ စည်းရုံး လှုံ့ဆော်ကာ
အများအကျိုး ဆောင်ရွက်ကြရမဲ့။ အချိန် ကောင်း အခါကောင်း ကျရောက်ပြီ
ဖြစ်ပါကြောင်း ကြေညာမောင်းခတ် လိုက်ရ ပါတော့ သတည်း။
ဆယ်ကျော်သက် ထက်မြက်ပါစေ
ဦးအေးချစ်EEAC
(ဦးအေးချစ်EEAC၏-ဝေါဟာရမှော်ရုံတောမှာ ဆိုသည့်ဆောင်းပါးမှ ကောက်နှုတ်ချက်ဖြစ်ပါသည်..)
No comments:
Post a Comment