Pages

Thursday, 1 November 2012

နိုင်ငံရဲ့ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး

ကနေ့ မြန်မာပြည်မှာ လူတော်တော်များများ နိုင်ငံတော်ရဲ့ ပညာရေး စနစ်ကို သိပ်ပြီး အထင်တ ကြီး တလေးတစား မြင်မှာမဟုတ်ပါဘူး၊
ဒါကလည်း နှစ်ပေါင်းများစွာ အမှောင်ကျနေတာမို့ သူတို့ ကို အ ပြစ်တင်လို့ လဲမရဘူး၊ ကျောင်းပြီးလို့ လည်း အလုပ်ရဖို့ ကမလွယ်ပါဘူး၊
ကျောင်းမှာလည်း ဘာမှတတ်အောင် သင်ပေး တာလည်းမဟုတ်ပါဘူး၊ လို့ ပညာရေးကို ထမင်းစားလက်မှတ် တစ်ခု အနေနဲ့ ပဲ အမြင်ကျဉ်းကျဥ်းလေးနဲ့ ကြည့်နေကြတယ်။

တကယ်တော့ စနစ် မကောင်းလို့  ဆိုပြီး စနစ်အပေါ် လုံးလုံးအပြစ်ပုံချ ရင်တော့ ၁၀၀% မမှန်ပါဘူး၊
ပညာရေးဝန်ထမ်းတွေရယ်၊ မိဘတွေရယ် နဲ့  ကျောင်းသားတွေ ကိုယ်တိုင်မှာလည်း အပြစ်တင် လို့ ရ ပါတယ်၊

မြန်မာနိုင်ငံ မှာ အစိုးရက သတ်မှတ်ပေးထားတဲ့ သင်ရိုးညွန်းတန်းတွေ ကို လွန်ခဲ့တဲ့ နှစ်၃၀ ကစပြီး ဒီနေ့ အထိပြန်လည် ကြည့်လိုက်ရင် ကမ္ဘာမှာ နောက်ကျန်ခဲ့ တဲ့ အပိုင်းက မပြောပလောက်အောင် နည်းပါတယ်၊ အထူးသဖြင့် ကမ္ဘာမှာ လျင်မြန်စွာပြောင်းနေတဲ့ နည်းပညာပိုင်းဆိုင်ရာ နဲ့  စီးပွားရေး အမြင် ပိုင်းဆိုင်ရာ ဘာသာရပ် တချို့ မှာ ပဲ ခေတ်နောက်ကျနေခဲ့ပါတယ်၊ ဒါကလည်း မြန်မာပြည်က အဆင့်မြင့် တက္ကသိုလ် တွေပဲ မဟုတ်ပါဘူး ၊ တခြားနိုင်ငံ က တက္ကသိုလ်တွေလည်း မနဲ ရုံးကန်ပြီး မှီအောင်လိုက်နေကြပါတယ်။






ဒီနေရာမှာ မြန်မာနိုင်ငံက ပညာရေးလောကနဲ့  တိုးတက်တဲ့ နိုင်ငံ နဲ့ ကွာတာကို လူတိုင်းသတိထား မိကြမှာပါ၊
ပထမဆုံး အဓိက ကွာခြားချက်ကတော့ အစိုးရ နဲ့ ဌာနဆိုင်ရာတို့ ရဲ့ ငွေကြေးထောက်ပံ့မှု ကို နိုင်ငံခြားက တက္ကသိုလ် နဲ့ ယှဉ်ရင် မြန်မာနိုင်ငံက တက္ကသိုလ်တွေ မဖြစ်စလောက်ပဲ ရပါတယ်၊ နှစ်အချက်ကတော့ ဆရာတချို့ နဲ့ တပည့်အများတို့ ရဲ့ အင်္ဂလိပ်စာတတ်ကျွမ်းမှု နည်းပါးလို့  ဖြစ်ပါတယ်၊( ဒါကလည်း မူလတန်းတို့ အလယ်တန်းတို့ အထက်တန်းကျောင်းပညာ ဖက်မှာ အင်္ဂလိပ် စာ ချို့ တဲ့ လာခဲ့လို့ ပါပဲ၊

တတိယအချက်ကတော့ ကျောင်းသားတွေ သူတို့ ရဲ့ပညာရေးအပေါ် ထားတဲ့ခံယူချက်ပါပဲ၊ ဘွဲ့ ရဖို့ ကို ဘယ်လိုနည်းနဲ့ ပဲဖြစ်ဖြစ် ဖြတ်လမ်းလိုက် လွယ်လွယ်ကူကူ ရဖို့ ပါပဲ၊ အထူးသဖြင့် ဆရာတွေကို ငွေပေးရပေးရ၊ အချိန်ပို ကျောင်းပြင်ပမှာ ခေါ်သင်ရခေါ်သင်ရ၊ တတ်နိုင်ရင်တတ်နိုင်သလို လုပ်ကြမှာပဲ၊ (ဒီနေရာမှာ အဲဒီလို လုပ်ကြတဲ့ ဆရာတွေ လစာနည်းသော်လည်း သမားဂုဏ်ကို ထောက်သင့်ပါတယ်၊) တခါ တလေ မြန်မာနိုင်ငံက ကျောင်းသားတွေ သူတို့ ရဲ့ ဘွဲ့ ကို ကော တန်ဖိုးထားသလားဆိုတာ တွေးမိပါတယ်။

ဒီတော့ မြန်မာပြည်က ပညာရေးစနစ်ကို ပြုပြင်ပြောင်းလည်းဖို့ လုပ်မယ်ဆိုရင် တော့ မြန်မာပြည်က လူတွေရဲ့ ပညာရေးအပေါ် မြင်တဲ့ အမြင်ကအစပြုပြင်ရမှာပါပဲ။ အစိုးရ နဲ့ ပြည်သူ တွေ တပြိုင်တည်း လုပ်ကြရမှာပဲ။


အစိုးရအနေနဲ့ ပညာရေးဝန်ထမ်းတွေကို ထိုက်တန်တဲ့ လစာပေးဖို့ လိုပါတယ်၊ ဆရာကောင်းတွေ နယ်အနှံ့ ရောက်ဖို လို ပါတယ်၊ ဆရာကောင်းတွေ နယ်ကို ရောက်ဖို့ ဆိုရင် မြို့ ကနေရာတွေထက် လစာ ပိုပေးပြီး ခန့် ဖို့ သင့်ပါတယ်၊
မဟာဘွဲ့ ရထားတဲ့ အလုပ်လက်မဲ့ ဘွဲ့ ရတွေ ကို ဆရာတွေအဖြစ် ခန့် အပ်ဖို့ လိုပါတယ်။ နိုင်ငံအပြင်ကို ရောက်နေတဲ့ ပညာတတ်တွေ ကို လည်း ထိုက်တန်တဲ့ အခွင့်အရေးပေးပြီး မြန်မာပြည်ပညာရေးစနစ်မှာ အသုံးချသင့်ပါတယ်၊

နိုင်ငံတော်ဌာနဆိုင်ရာ တွေရဲ့ သုတေသနလုပ်ငန်းတွေကို တက္ကသိုလ်တွေမှာ ထားရှိသင့်ပါတယ်၊ အစိုးရ အနေနဲ့  နိုင်ငံတော်ဘတ်ဂျက်မှာ ပညာရေးအတွက်အသုံးစရိတ်ကို သိသိသာသာ တိုး မြှင့် သုံးစွဲ ရမှာဖြစ်ပါတယ်၊ ပညာရေးအသုံးစရိတ်ဟာ အနာဂတ်တိုင်းပြည်အတွက် သေချာပေါက် အကျိုးရှိမဲ့ ရင်းနှီးမြုပ်နှံမှု တခု ဆိုတာဘယ်သူငြင်းမှာလဲ။ တက္ကသိုလ်တွေမှာ လည်း သုတေသနပြုနိုင်ဖို့ အစိုးရ ကိုယ်တိုင်နဲ့ ပြည်ပအဖွဲ့ အစည်းတွေရဲ့ ထောက်ပံ့မှု ကို ပိုမို ရယူ သုံးစွဲဖို့ လိုပါတယ်၊ တကယ်တော်တဲ့ ကျောင်းသားတွေအတွက် စကော်လားရှစ်တွေ ပိုမို လျာထားပေးသင့်ပါတယ်၊ ကျောင်းလခ ကိုလည်း တင်သင့်သလောက်တင်ရမှာဖြစ်တယ်။ ဆင်းရဲ ပြီးထူးချွန်တဲ့ သူ တွေကို ပညာသင်ဆုတွေ ကို လုံလုံလောက်လောက်ချီးမြှင့်သင့်ပါတယ်။ အစိုးရ တစ်ခုတည်းမဟုတ်ပဲ ဌာန ဆိုင်ရာ တွေနဲ့ လုပ်ငန်းရှင်တွေလည်း ဒီ့ထက်ပိုပြီး တိုင်းပြည်ရဲ့ ပညာရေးမှာပိုမို ပါဝင်လာ သင့် ပါ တယ်၊
ပညာရေးအဆင့် တိုးတက်ရင် တိုင်းပြည်ရော ဌာနဆိုင်ရာကော လုပ်ငန်းရှင်တွေအတွက် ပါ အားလုံးအကျိုး ရှိမှာပါ၊ အသီးအပွင့်ရဖို့ ကတော့ အချိန်တော့နည်းနည်းယူရတာပေါ့၊

အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းကျောင်းအောင်ပြီးသူတွေ အထက်တန်းပညာ ဆက်မယူ နိုင်ခဲ့ ရင်လည်း သူတို့ တွေ ခေတ်နဲ့ အညီ လူ့ ဘ၀မှာ ၀င်ဆန့် ဖို့ အသက်မွေးဝမ်းကြောင်း ပညာသင် ကျောင်းတွေ မှာ သင်ယူ နိုင် တဲ့/အောင် အစီအစဉ်တွေ ရှိသင့်ပါတယ်၊

ဒီနေရာမှာ ကိုယ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ ယွင်းချက်ရှိတဲ့ သူတွေ ကို လည်း မေ့ချန် ထား လို့  မဖြစ်ပါဘူး၊ သူတို့ အတွက်ကတော့ သီးသန့် လေ့ကျင့်ပျိုးထောင်ရေးကျောင်းတွေ လိုအပ်မှာဖြစ်ပါ တယ်၊

မြန်မာပြည်ရဲ့ ပညာရေးအဆင့်အတန်းကို မြှင့်တင်ဖို့ နည်းလမ်းအားလုံးကို အသုံးပြုရမဲ့ အချိန်ပါပဲ၊
ကျောင်းရောက်လာ သူတိုင်း ဘွဲ့ ရစေရမယ်ဆိုတဲ့ ခေတ် မြန်မာပြည်မှာ ပျောက်ဖို့ လိုနေပါပြီ ၊ တကယ် တတ်တဲ့ ကျောင်းဆင်းတွေ ရဖို့ ကတော့ အချိန်တန်ရင်ဘွဲ့ ရမှာပဲ ဆိုတဲ့ အခြေအနေတွေ မရှိသင့် တော့ပါဘူး၊ သူများနိုင်ငံတွေမှာ အထူးသဖြင့် စက်မှုထွန်းကား တိုးတက်တဲ့ နိုင်ငံတွေမှာ တက္ကသိုလ် ပညာ ရဖို့ ဆိုတာ ဘယ်လောက်ကြိုးစားရင်းနှီးရုံးကန်ရတယ်ဆိုတာ နိုင်ငံခြားမှာ ဘွဲ့ ရတဲ့ သူ တိုင်း/ကျောင်းတက်နေတဲ့သူတိုင်းသိပါတယ်၊

(ဦးခင်ညွန့် တို့ ခေတ်က သူဌေးကြီး ဦးခင်ရွှေ လို Dr. ဘွဲ့ စာရွက်စုပ်ကို ဒေါ်လာ နဲနဲနဲ့  ၀ယ်ပြီး မြန် မာနိုင်ငံမှာ ထောင်သောင်း ချီပြီး အခန်းအနားလုပ်လက်ခံ ယူခဲ့တာ တွေ့ လို့  ရီစရာ တစ်ခု အဖြစ် မှတ်မိပါသေးတယ်၊)


မြန်မာပြည်မှာ တကယ်ပဲ ပညာကို လိုလားပြီး ထိပ်ဆုံးမှာ မရှိသော်လည်း သိပ်မညံ့ တဲ့ ကျောင်း သားတွေ လည်းအများကြီးရှိပါတယ်၊
အခါမကောင်းလို့  မိသားစု ချောင်ချောင်လည်လည် မရှိပဲ စီးပွါးရေး ကျပ် တည်းနေ လို့ သင်ချင်တာမသင်နိုင်ပဲ ရရာ အဆင်ပြေရာပညာကို ပဲယူလိုက်ရတဲ့ ကျောင်းသားတွေလည်း မနည်းပါဘူး၊

သူတို့ အတွက်နိုင်ငံတော်ကဦးစီးပြီး ဘဏ်တွေက ပညာရေး ချေး ငွေ ကို အတိုးနှုန်းသက် သက်သာသာနဲ့ ရအောင်လုပ်ပေး နိုင်ရင် သူတို့ ရဲ့ ပညာရေးကို အထောက်အကူပြုရာ ရောက်နိုင်ပါတယ်၊ (တချို့ မသိတဲ့ သူတွေ ကတော့ တွေးနေမယ် ခလေးရဲ့ ချေးငွေကို အဖေလုပ်သူက အရက်သောက် ဖြုံး လိုက်ရင်ဘယ်လို လုပ်မှာလည်း ဆိုတာကို၊ ငွေက ကျောင်သားတွေ လက်ထဲမရောက်ပါဘူး၊ ဘဏ်ကနေ ကျောင်းတွေဆီ တိုက်ရိုက်သွားရပါတယ်၊)

ဒီနေရာမှာ ဟိုးအမြင့်ဆုံးကပညာရေး စနစ်ထိ ကောင်းအောင်လုပ်ဖို့ ကတော့ အခြေခံပညာရေးမှာ အခြေခံကောင်းဖို့ လို ပါတယ်၊
အခြေခံကောင်းဖို့ ဆိုရင် ဆရာတွေကောင်းဖို့ လိုပါတယ်၊ ဆရာတွေ ကိုယ်သင်တဲ့ဘာသာရပ်တွေမှာ ကျွမ်းဖို့ လိုပါတယ်၊ ဘာသာရပ်မှာကျွမ်းဖို့ ဆိုရင် အဲဒီဘာသာရပ်ကို သင်ယူလာရဖို့ လိုပါတယ်။

အထူးသဖြင့်အဲဒီဘာသာရပ်မှာ ဘွဲ့ ရလာဖို့ လိုပါတယ်၊ ပညာရေး တက္ကသိုလ် နဲ့ ဆရာအတတ်သင် က ဆရာ/ဆရာမ တွေကို ပုတ်ခတ်လို လို့ မဟုတ်ပါဘူး၊ မြန်မာပြည် မှာ ဘာသာရပ်တခု မှာ စာသင်ဖို့ ဆိုရင် ဆရာဆရာမလုပ်လိုသူတိုင်း ဘွဲ့ ရဖို့ လိုပါ တယ်၊ ပြိးတော့ မှ နိုင်ငံတော်ကကြီးမှုးလုပ်တဲ့ ဆရာမွမ်းမံအောင်လက်မှတ်ရှိမှ သာပညာရေးဝန်ထမ်း လုပ်ခွင့် ပြု သင့်ပါတယ်၊ နောက်ပြီး မြို့ ကခွာပြီးနယ်ဆင်းတဲ့ ပညာရေးဝန်ထမ်းတွေ ကို အခွင့်အလမ်း နဲ့ လစာ ပိုပေးခန့် သင့်ပါတယ်၊

ကဲဒီတော့ တိုင်းပြည် က အခုနေအခါမှာ ဆင်းရဲရင်ဆင်းရဲသွားပါစေ တကယ် ခေတ်ပညာတတ် ကျွမ်းကျင် လုပ်သားအင်အားရှိတဲ့ တိုင်းပြည် တစ်ခုဖြစ်ဖို့ အခုအချိန်ကစပြီး လုပ်သင့် တာတွေကို ပြတ်ပြတ်သားသား လုပ်ဖို့ အချိန်တန် နေပါပြီ၊

-M.O. Maung

No comments:

Post a Comment