Thursday, 1 November 2012

နှစ်ဆယ့်တစ်ရာစု၏ အကြီးဆုံး အတွေးအခေါ် စစ်ပွဲ

အမျိုးသမီးများ ပညာသင်ကြားခွင့်ရှိရေး ကိစ္စနှင့် ပတ်သက်ပြီး ကမ္ဘာပေါ်မှာ အပြတ်သား အခိုင်မာဆုံး ခုခံကာကွယ် ပြောဆိုသူတွေထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် ပါကစ္စတန် မိန်းမငယ်ကလေး မာလာလာယူဆက်ဇိုင်းရဲ့ အိမ်ထဲကို တာလီဘန်တွေက သတိပေးစာ နှစ်ကြိမ် ပစ်ထည့်ခဲ့ကြပါတယ်။ စာထဲမှာ မာလာလာအနေနဲ့ သူအခုလုပ်နေတာတွေကို ရပ်ရင်ရပ် မရပ်ရင်တော့ အကျိုးဆက်ကို
ခံစားရလိမ့်မယ်လို့ ရေးထားပါတယ်။
မာလာလာက အဲဒီ သတိပေးချက်ကို ဂရုမစိုက်ခဲ့ပါဘူး။ သူ့လုပ်ငန်းကို မရပ်တဲ့အပြင် ဆင်းရဲတဲ့ ပါကစ္စတန် မိန်းကလေးတွေ ပညာသင်ကြားခွင့် ရရှိရေး လုပ်ငန်းကို တိုးမြှင့်ဖို့ ရံပုံငွေတစ်ရပ်ကိုတောင် ထူထောင် ခဲ့ပါတယ်။ ဒီလိုနဲ့ အောက်တိုဘာ ၉ ရက်နေ့မှာတော့ မျက်နှာဖုံးစွပ်ထားတဲ့ သေနတ်သမားတချို့ သူ့ ကျောင်းကားနား ကပ်လာပြီး သူ့ကို .....


နာမည်မေးပါတယ်။ မာလာလာမှန်းလည်း သိသွားရော သူတို့က သူ့ခေါင်းနဲ့ လည်ပင်းကို သေနတ်ကျည်ဆန်တွေ ပစ်သွင်းခဲ့ကြပါတယ်။
‘အဲဒါဟာ သူ့အတွက် သင်ခန်းစာပဲ’ လို့ အဲဒီဖြစ်ရပ် ဖြစ်ပျက်ခဲ့ပြီးနောက် မကြာမီမှာ ပါကစ္စတန် တာလီဘန် အဖွဲ့ ‘အီဆန်နှုလာအီဆန်’ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။ တကယ်လို့ မာလာလာ အသက်ရှင်ခဲ့ ရင် တာလီဘန်တွေက သူ့ကို သတ်ဖို့ နောက်တစ်ကြိမ်ကြိုးစားကြဦးမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ခွဲစိတ်ကု ဆရာဝန်တွေက မာလာလာရဲ့ ဦးခေါင်းထဲက ကျည်ဆန်တစ်တောင့်ကို ဖယ်ရှားနိုင်ခဲ့ကြပြီးပါပြီ။ ဒါပေမယ့် မာလာလာဟာ ပက်ရှ်ဝါမြို့က ဆေးရုံတစ်ရုံမှာ အခုထိ သတင်းလစ် မေ့မြောနေဆဲဖြစ်ပါတယ်။ မာလာလာရဲ့ ဦးနှောက် ထိခိုက်ဒါဏ်ရာရခြင်းမရှိဘဲ နောက်ဆုံးမှာ သူကျောင်းပြန်တက်နိုင်လိမ့်မယ်လို့ ဆရာဝန်တွေက မျှော်လင့်ယုံကြည်နေကြကြောင်း မာလာလာမိသားစုရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ ဖာဇယ်လ်မိုလာဇာဟစ်က ပြောပါတယ်။
‘ပြန်ပြီး ကျန်းမာလာရင် သူသေချာပေါက် ကျောင်းပြန်တက်လိမ့်မယ်၊ သူဟာ ပညာရေးအတွက် ဘယ်တော့မှ အရှုံးပေးမယ့်သူ မဟုတ်ဘူး။ သူဟာ အသက်ရှင်နေသမျှကာလပတ်လုံး ပညာရေးကို လက်မလွှတ်မယ့် လူစားမျိုးဖြစ်တယ်’ လို့ ဖာဇယ်လ်က ပြောပါတယ်။ ‘ဟောဒီစစ်ပွဲမှာ ကျွန်တော်တို့နဲ့ လက်တွဲ ရပ်တည်ပြီး ကျွန်တော်တို့ကို ထောက်ခံနေကြတဲ့ ခင်ဗျားရဲ့ ပြည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့က ကျွန်တော်တို့ကို အင်အားဖြစ်ထွန်းစေပါတယ်’ လို့ သူက ကျွန်တော့်ကို ဆက်ပြောပါတယ်။
မာလာလာသေနတ်နဲ့ အပစ်မခံရခင် တစ်နေ့က ပါကစ္စတန်နဲ့ ဝေးလံလှတဲံ နေရာမှာရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ မှာ ပညာရှာနေတဲ့ အခြား အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကတော့ အခြားသော မိန်းမမုန်းဝါဒ ပုံသဏ္ဍာတစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လိင်ကုန်ကူသူတွေဟာ ဖေ့စ်ဘွတ်က တစ်ဆင့် သူ့ကို ဆက်သွယ် စည်းရုံးနိုင်ခဲ့ကြပြီးတဲ့နောက် ချိန်းတွေ့ ဖြားယောင်း ဖမ်းဆီးပြီး ရက်သတ္တတစ်ပတ်လောက်ကြာ အောင် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြပါတယ်။ မိန်းကလေး ပျောက်နေတဲ့ သတင်း ဒေသအတွင်း အတော်ကလေး ပျံ့နှံ့လာတဲ့ အချိန်ကျမှ သူ ပြန်လွတ်လာခဲ့ပါတ.ယ်။
ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို သူ တက်နေတဲ့ ပုဂ္ဂလိက အလယ်တန်းကျောင်းက သိသွားတဲ့အခါ ကျောင်းတာဝန်ရှိတဲ့သူတွေက သူဟာ ကျောင်းရဲ့ နာမည်ဂုဏ်သတင်းကို ညစ်နွမ်းအောင် ပြုလုပ်ခဲ့တယ်လို့ သူ့ ကို ပြောဆိုခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံရဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အမျိုးသားကော်မရှင်’ ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဲဒီကျောင်းက အဓမ္မပြုကျင့်ခြင်းခံခဲ့ရမှုအတွက် အတန်းဖော် ရာပေါင်းများစွာတို့ရဲ့ ရှေ့မှောက်မှာ အဲဒီမိန်းကလေးကို ကျောင်းက တရားဝင် ထုတ်ပယ်ပစ်လိုက်ပါတယ်။
အဲဒီ အဖြစ်အပျက်တွေဟာ အောက်တိုဘာ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ပထမအကြိမ်မြောက် ‘ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးငယ်များနေ့’ နဲ့ တိုက်ဆိုင်နေပါတယ်။ ကျွန်တော်တို့ လူသားတွေ ၁၉ ရာစုမှာ ဆင်နွှဲခဲ့ကြတဲ့ ကျေးကျွန်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး ရုန်းကန်လှုပ်ရှားမှု၊ ၂၀ ရာစုမှာ ဆင်နွှဲခဲ့ကြရတဲ့ အာဏာ ရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး ရုန်းကန်လှုပ်ရှားမှုတို့နဲ့ တန်းတူရည်တူ ကျားမခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေး ရုန်းကန်လှုပ်ရှားမှုဟာ လက်ရှိရာစုမှာ ကျွန်တော်တို့ စိတ်ဓါတ်ရေးရာအရ ဆင်နွှဲရမယ့် အပြင်းထန်ဆုံး စစ်ပွဲဖြစ် တယ်ဆိုတာကို ဒီအဖြစ်က ကျွန်တော်တို့ကို သတိပေးနေပါတယ်။
ကျွန်တော်တို့ရဲ့ ဟောဒီ အမေရိကန်နိုင်ငံမှာတော့ အဲဒီလိုမျိုး အဖြစ်အပျက်တွေကို ဝေးလံတဲ့ အရပ်ဒေသက လူမဆန်မှုတွေ ဆိုပြီး အမှတ်တမဲ့နေလိုက်ကြဖို့ လွယ်ပါတယ်။ ဒါပေမယ့် လိင်ကုန်ကူးမှုလို ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်မတရားမှုတွေအတွက် ကျွန်တော်တို့မှာ တာဝန်ကိုယ်စီ ရှိနေကြပါတယ်။ အမေရိကန် နိုင်ငံတလွှားမှာ ဆယ်ကျော်သက်ရွယ်မိန်းကလေးငယ်တွေဟာ (Backpage.Com) တို့လို ၀က်ဘ်ဆိုက်တွေပေါ် က ပြည့်တန်ဆာခေါင်းတွေရဲ့ မြှူဆွယ် ဖြားယောင်းသိမ်းသွင်းမှုကို ခံနေကြရပြီး အကြောင်းကြောင်းကြောင့် လိင်လုပ်သားဘ၀ကျရောက်သွားတဲ့ မိန်းကလေးတွေဟာလည်း သားကောင်အစား ရာဇ၀တ်ကောင်တွေအဖြစ် ရဲတွေရဲ့ ပြုမှုဆက်ဆံမှုကို မကြာခဏဆိုသလို ခံနေရပါတယ်။ အဲဒီ မိန်းကလေးတွေဟာ ကျောင်းက အထုတ်ခံ ကြရတယ်။ ပြီးတော့ အဖမ်းခံကြရပါတယ်။
အရွယ်မရောက်သေးတဲ့ ယောက်ျားလေးငယ်များကို ဂျယ်ရီဆန်ဒက်စကီးရဲ့ လိင်မတော်မတရားပြုမူမှုက လူတွေကို ဒေါသူပုန်ထစေခဲ့ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေ အဲသလို လိင်မတော်မတရားပြုမူခံရမှုတွေက အမေရိကန်နိုင်ငံတလွှားမှာ မှန်မှန်ကြီး ဖြစ်ပျက်နေတာပါ။ ဒါပေမယ့် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က လူတချို့က ပေါ်ပေါ်ထင်ထင်ကြီး လုပ်ခဲ့သလို ဒေသဆိုင်ရာ အာဏာပိုင်တွေင အဲဒီသတင်းတွေကို အရေးမလုပ်ကြပါဘူး။
ပါကစ္စတန်က မိန်းကလေးငယ် မာလာလာ သေနတ်နဲ့ အပစ်ခံရတဲ့ အဖြစ်အပျက်လိုမျိုး ကိစ္စတွေက မိန်းကလေးတွေဟာ လူ့အခွင့်အရေးနဲ့ ထိုက်တန်ခြင်းရှိ မရှိ၊ တန်းတူရည်တူ ပညာသင်ယူနိုင်ခွင့် ရှိ မရှိ ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ ငြင်းခုံဆွေးနွေးမှုတစ်ခုကို ကိုယ်စားပြုနေတယ်ဆိုတဲ့ အချက်ကိုလည်း ကျွန်တော်တို့ တန်ဖိုးမထားကြပါဘူး။ မာလာလာဟာ အစောပိုင်းမှာ ဆရာဝန်တစ်ဦး ဖြစ်လိုခဲ့ပေမယ့် နောက်ပိုင်းမှာ နိုင်ငံရေးသမားတစ်ဦး ဖြစ်လိုခဲ့ပါတယ်။ သူ့ရဲ့ စံပြသူရဲကောင်းတစ်ယောက်က သမ္မတ အိုဘားမားပါ။ သူက အမျိုးသမီးများ ပညာသင်ကြားခွင့်ရရှိရေးကို အားသွန်ခွန်စိုက် တိုးမြှင့် လုပ်ဆောင်သွားနိုင် ဖို့အတွက် နိုင်ငံရေးသမားဖြစ်ချင်လာခဲ့တာ ဖြစ်ပါတယ်။
ပါကစ္စတန်ဟာ စစ်သွေးကြွတွေကို ရဲရဲ ရင်ဆိုင်ဖို့ ဆန္ဒမရှိတဲ့ ကြောက်လန့်ပြီး စွမ်းဆောင်ရည် ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှုရဲ့ ဒဏ်ကို သမိုင်းတလျှောက်လုံး ခံစားခဲ့ရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အဲဒီ နိုင်ငံမှာ စစ်မှန်တဲ့ ခေါင်းဆောင်မှုက သတ္တိပြောင်မြောက်တဲ့ အသက် ၁၄ နှစ် အရွယ် မိန်းကလေးငယ် တစ်ယောက်ဆီက ထွက် ပေါ်လာခဲ့ပါတယ်။
အခြားတဖက်မှာတော့ အမျိုးသမီးတွေ ပညာတတ်လာရင် ပေါ်ထွက်လာမယ့် အကျိုးဆက်တွေကို ကောင်း ကောင်းကြီး သဘောပေါက်ထားတဲ့ တာလီဘန်တွေ ရှိပါတယ်။ အမျိုးသမီးငယ်တွေ ပညာတတ်မြောက်လာရင် သူတို့ကိုယ်စားပြု ရပ်တည်နေတဲ့ အရာအားလုံး အနရ္တာယ်ရှိလာမှာ ဖြစ်တဲ့အတွက် သူတို့က မာလာလာကို သေနတ်နဲ့ ပစ်ခဲ့ကြတာဖြစ်ပါတယ်။ ပါကစ္စတန်က အစွန်းရောက်သမား အကြမ်းဖက်ဝါဒီတွေက အကြောက်ဆုံး က အမေရိကန် မောင်းသူမဲ့ လေယာဉ်တွေ သူတို့ခေါင်းပေါ်ပျံဝဲလာမှာကို မဟုတ်ဘူး။ မိန်းကလေးငယ်တွေ ပညာတတ်လာမှာကို ဖြစ်ပါတယ်။
‘ ဒီစစ်ပွဲဟာ မာလာလာရဲ့ စစ်ပွဲမျှသာ မဟုတ်ပါဘူး၊ အတွေးအခေါ်နှစ်ခုကြားက စစ်ပွဲဖြစ်ပါတယ်၊ ပညာရဲ့ အလင်းရောင်နဲ့ အမှောင်ဆိုတဲ့ အတွေးအခေါ် နှစ်ခုကြားက စစ်ပွဲပါ’ လို့ ပက်ရှ်ဝါမြို့က အသက် ၁၉ နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်က ကျွန်တော့်ကို ပြောပါတယ်။ မိန်းကလေးက သူ့နာမည်ကို ကျွန်တော့်ဆောင်းပါးမှာ အရင်းအတိုင်း ဖော်ပြပါလို့ ပြောပါတယ်။ ဒါပေမယ့် မာလာလာ သေနတ်ပစ်ခံရတဲ့ ကိစ္စဖြစ်ပျက်ခဲ့ပြီးတဲ့နောက်မှာ သူ့နာမည်ကို ဖော်ပြခြင်းဖြင့် အဲဒီမိန်းကလေးအပေါ် အန္တာရယ်ကျရောက်လာမှာ ကို ကျွန်တော်မလိုလားတဲ့အတွက် သူ့နာမည်ကို ကျွန်တော့်ဆောင်းပါးမှာ မဖော်ပြဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။
မာလာလာရဲ့ သတ္တိကို ဂုဏ်ပြုလိုသူများအတွက် ‘ Developments in Literacy’ (dil.org) နဲ့ ‘The Citizens Foundation (tcfusa.org)’ တို့လို ပါကစ္စတန်နိုင်ငံထဲမှာ ကျောင်းတွေ ဆောက်လုပ်နေကြတဲ့ အင်မတန်ကောင်းတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲဒီ အဖွဲ့အစည်းတွေက တည်ဆောက်ထူထောင်ထားတဲ့ ကျောင်းတွေနဲ့ အဲဒီကျောင်းတွေက မိန်းကလေးငယ်တွေနဲ့ လူ့အသိုင်းအ၀န်းတွေကို ဘယ်လိုပြောင်းပစ်ခဲ့တယ် ဆိုတာတွေကို ကျွန်တော် တွေ့ခဲ့ပြီးပါပြီ။
ပါကစ္စတန်ကို ကျွန်တော်ရောက်တုန်းက မြင်တွေ့ခဲ့ရတဲ့ စိတ်ပျက်စရာတွေအနက် အဆိုးဆုံးကတော့ ဆော်ဒီအာရေဗျ ဒါမှမဟုတ် အခြား တစ်နေရာရာက အလယ်ခေတ် အမျိုးသမီးများအား အဆင့်အတန်း ခွဲခြား နှိမ့်ချ ဆက်ဆံရေးဝါဒီတွေ ထောက်ပံ့တဲ့ ရံပုံငွေနဲ့ ထူထောင်ထားတဲ့ အစွန်းရောက်ဝါဒီတွေရဲ့ မဒရာဆာ သို့မဟုတ် ဘာသာရေးကျောင်းများပဲ ဖြစ်ပါတယ်။ အဲဒီကျောင်းတွေက ကျောင်းသားတွေကို အစားအသောက် အခမဲ့ ကျွေးတယ်။ ဘာသာရေးစာပေ အခမဲ့ သင်ပေးတယ်။ တခါတရံမှာ ယောက်ျားလေးငယ်တွေကို ဆွဲဆောင်ဖို့အတွက် ပညာသင်ဆုတွေ ပေးတယ်။ အကြောင်းကတော့ အဲဒီကျောင်းတွေရဲ့ အလှူရှင်တွေက ပညာရေးဟာ နိုင်ငံတစ်ခုကို ပုံလောင်းပေးတယ် ဆိုတဲ့အချက်ကို ကောင်းကောင်းကြီး နားလည် သဘောပေါက် ထားကြလို့ပဲ ဖြစ်ပါတယ်။
အဲဒါနဲ့ ဆန့်ကျင်စွာပဲ အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုကတော့ ပါကစ္စတန်စစ်တပ်အပေါ်မှာပဲ အဓိက ဗဟို ပြုထားပါတယ်။ အမေရိကန်က  ပါကစ္စတန်နိုင်ငံရဲ့ ပညာရေးအတွက် ထောက်ပံ့ငွေက ဒီနှစ်မှာ သုံးဆတိုးပြီး ဒေါ်လာ သန်း ၁၇၀ သို့ရောက်ရှိခဲ့ပါတယ်။ အဲဒါဟာ ပါကစ္စတန် စစ်တပ်ကို ထောက်ပံ့တဲ့ အကူအညီရဲ့ ဆယ်ပုံ တစ်ပုံတောင် မရှိပါဘူး။
နယူးယောက်တိုင်းမ်စ် သတင်းစာက ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ အဒမ်အဲလစ်ဆီ သေနတ်အပစ်မခံရမီက ပေးပို့ခဲ့တဲ့ အီးမေးလ်တစ်စောင်ထဲမှာ မာလာလာက ‘ အသိပညာ ကမ္ဘာလောကကြီးထဲကို ကျွန်မ ၀င်ချင်တယ်’ လို့ ရေးထားပါတယ်။ အမျိုးသမီးငယ်များ ပညာရေးနဲ့ ကမ္ဘာကြီး အား ပြုပြင်ပြောင်းလဲနိုင်စွမ်းကို တာလီဘန်တွေက ရှင်းရှင်းလင်းလင်းသဘောပေါက် နားလည်ကြပါတယ်။
ကျွန်တော်တို့ကရော နားလည်ကြပါရဲ့လား။
Translated by စိုးအုပ်
(Source: ‘Her ‘Crime’ was loving schools’.by Nicholas D.Kristof. I.H.T(10.10.12)
ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃ ၊ အမှတ် ၁၁၇ မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment