|
ရေချိုးခန်းရေထလျှံသလို
ပိုနေတဲ့အသားအရည်တွေ
ပိုနေတဲ့အဓိပ္ပါယ်တွေ
ရေအိမ်ကရေတွေပြေးဆင်းသွားသလို
မှားခဲ့
ပြားပြားဝပ်ခဲ့ပေမယ့်
ဒူးမထောက်ဘူးချည်းပဲပြောနေ
မင်းတို့ငါတို့
ဓါတ်မီးတိုင်အဖျားမှာ ညည်းငွေ့ဖွယ်
လမ်းနဲ့မထိဘဲလင်းလို့
ဒီသီချင်းဆိုမှ
ဒီအခန်းတွေလင်းမယ်ဆိုမှတော့
လက်မောင်းသွေးကိုဖောက်မယ်
ပြန်အမ်းစရာ ၁ ကျပ် ၁ပြားအတွက်
ဘတ်(စ်)ကားပေါ်
ဓါးထိုးမှုဖြစ်ခဲ့တဲ့တစ်နေ့က
ပင်လယ်ကိုအော်ဆဲမိတယ်
မင်းလည်းငါလည်း ၅ နှစ်သားရေနစ်သလို
မင်းလည်းငါလည်းသွေးလှူဖို့မစဉ်းစား
မင်းလည်းငါလည်း အမှောင်မှာသင့်တော်သလိုနေထိုင်နည်းနဲ့
အအေးခံထားတဲ့နှစ်တွေ
ပြန်လည်နွေးယူထားတဲ့ဘ၀တွေနဲ့
ခွေးတံဆိပ်ဓါတ်ပြားလေးလျှာပေါ်တင်လို့
ခွေးတံဆိပ်ခဲတံလေး နားရွက်ကြားညှပ်လို့
“ခွေးဖြစ်မယ့်ကောင်တွေ””ဆိုတဲ့ ခွန်းတုန့်စကားမှာ
ဥယျာဉ်တစ်ခုလုံးအိပ်ကပ်ထဲထည့်ပေးတာတောင်
ကမ်းကမခွာနိုင်တဲ့သင်္ဘောတွေတဲ့
ကမ်းနဲ့ဝေး
တစ်သံသရာအတွက်
တစ်ဘ၀စာဆက်ပြီး ကျွန်ပမာကျန်းမာနေဖို့မကောင်းဘူး
အဖေပြောခဲ့တယ် တစ်ခါတုန်းက
ငါတို့လူငယ်ဘ၀ရဲ့သွေးစသွေးနများ။ ။
ခရမ်းပြာထက်လူ
|
Written by ခရမ်းပြာထက်လူ
|
Sunday, 04 November 2012 18:03 | | | |
ကောင်းကင် နိုင်ငံ အနုပညာ မဂ္ဂဇင်းမှ
|
No comments:
Post a Comment