Pages

Tuesday, 6 November 2012

မြန်မာကျောင်းသားများအတွက် အမေရိကန်ပညာသင်ဆု နှစ်ခုထပ်တိုး


မြန်မာကျောင်းသားများအတွက် အမေရိကန်သံရုံးက ပေးအပ်နေသော ပညာသင်ဆုအစီအစဉ် များတွင် ယခုလအတွင်းပညာသင်ဆု အခွင့်အလမ်းနှစ်ခု တိုးမြှင့်လျှောက်ထားနိုင်ကြောင်း ကြေညာ လိုက်သည်။

ပြည်တွင်း၌ တက္ကသိုလ်ပထမနှစ် အောင်မြင်ထားသော ကျောင်းသားများအတွက် နိုင်ငံတကာ ဘွဲ့ကြိုကျောင်းသား ဖလှယ်ရေး အစီအစဉ်နှင့် ဒီဂရီဘွဲ့နှင့်အထက် အာဆီယံပညာတော်သင် ဖိတ်ခေါ်မှု အစီအစဉ်တို့ဖြစ်ပြီး ပညာသင် အခွင့်အလမ်းများအတွက် သံရုံးမှ လျှောက်လွှာများ ခေါ်ယူလျက်ရှိသည်။
နိုင်ငံတကာဘွဲ့ကြိုကျောင်းသားဖလှယ်မှု အစီအစဉ်အတွက် အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား ကြွယ်ဝ ချမ်းသာသော မိသားစုဝင် မဟုတ်သည့် လူငယ်များ လျှောက်ထားနိုင်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ပညာသင်နှစ်ဝက် (ငါးလခန့်) နှင့် ပညာသင်နှစ်အပြည့် (ဆယ်လခန့်) တို့အတွက် သွားရောက်ပညာ သင်ယူခွင့်ရမည် ဖြစ်သည်။
ပညာသင်စုအတွက် ဘာသာရပ်နယ်ပယ်စုံမှ လူငယ်များ နိုဝင်ဘာလ ၆ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်မည်ဖြစ်ပြီး ဆေးပညာ၊ သူနာပြု၊ ဆေးဝါးနှင့် ရောဂါကာကွယ်ရေးပညာ၊ ဥပဒေနှင့် အင်္ဂလိပ်ဘာသာလေ့လာမှုကဲ့သို့ ဘာသာရပ်လေ့လာသူများ လျှောက်ထားရန် အားပေးမည်မဟုတ် ကြောင်းသံရုံးက ကြေညာထားသည်။
အာဆီယံပညာတော်သင် ဖိတ်ခေါ်မှုအစီအစဉ်အတွက် အသက် ၅၅ နှစ်ထက် မကျော်လွန်သူများ အနေဖြင့် တက္ကသိုလ်ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစိုးရဌာနများ၊ အင်န်ဂျီအိုနှင့် အခြား အသက်မွေးဝမ်းကျောင်းနယ်ပယ်တွင် အမေရိကန်နှင့် အာဆီယံကိစ္စရပ်များကို စိတ်ဝင်စားလုပ်ကိုင် နေသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် သုတေသနနှင့် ပညာလေ့လာရေးအတွက် ၃ လမှ ၄ လအထိနေထိုင်ရမည့် အစီအစဉ်အတွက် ပညာရေး၊ အင်ဂျင်နီယာ၊ သဘာဝပတ်ဝန်းကျင်၊ အစားအသောက်နည်းပညာ၊ ပထဝီပညာရှင်၊ ဘူမိဗေဒပညာရှင်၊ သတင်းအချက်အလက်ပညာရှင်၊ ဂျာနယ်လစ်၊ ဥပဒေ၊ သတင်း အချက်အလက် စီမံခန့်ခွဲမှုနည်းပညာရှင်၊ ပြတိုက်လေ့လာသူ၊ နိုင်ငံရေးသိပ္ပံပညာရှင်၊ ပြည်သူ့စီမံ ခန့်ခွဲမှု၊ ပြည်သူ့ကျန်းမာရေး၊ ဘာသာရေးလေ့လာသူ၊ လူမှုရေးလုပ်ကိုင်သူ၊ စာရင်းအင်းပညာရှင်နှင့် ဘာသာစကားလေ့လာသူများလည်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထား သည်။
အာဆီယံပညာတော်သင် ဖိတ်ခေါ်မှုအစီအစဉ်အတွက် နိုဝင်ဘာလ ၁၆ ရက် နောက်ဆုံးလျှောက်ထား ရမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို http://burma.usembassy.gov/ scholarships.html တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။
7 Day News Journal

No comments:

Post a Comment