Pages

Friday, 2 November 2012

ကမာရွတ်မြို့နယ် အထက (၂) မှ ကျူရှင်မယူတဲ့ ကျောင်းသားများရဲ့ ဒုက္ခ

မြန်မာနိုင်ငံ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်အပိုင် အထက်တန်းကျောင်း အမှတ် ၂ အလယ်တန်းပြ အတန်းပိုင်ဆရာမ နှင့် ဘာသာရပ်ဆိုင်ရာ ဆရာမများထံတွင် ကျူရှင် မယူသဖြင့် မဲခံနေရသော(အငြိုးထားခြင်း) ခံနေရသော ကျောင်းသူ တဦးရဲ့ မိဘတွေရဲ့ ရင်ဖွင့်သံလေးကို ရေးပေးစေချင်တဲ့အတွက် အများဖတ်ရှုနိုင်ရန်နှင့် အထူးသဖြင့် သက်ဆိုင်ရာ တာ ဝန်ရှိသူများအနေဖြင့် အပြုသဘောဆောင်ပြီး ဖြေရှင်းပေးကြနိုင်ပါရန် တင်ပြရေးသားလိုက်ရပါသည်။အထက ၂ ကမာရွတ် အလယ်တန်း၌ ပညာသင်ကြားနေသော ကျောင်းသူ တဦးနှင့် မိဘများ၏ခံစားနေရမှုကို ရင်ဖွင့် တင်ပြအပ်ပါသည်။ ရှေးဦးစွာဖြင့် အာစရိယ ဂုဏော အနန္တောဟု ရိုသေစွာဖြင့် အနန္တဂိုဏ်းဝင်ဆရာသခင်များကို ရိုသေ စွာ ကန်တော့ဦးတင် လိုက်ရပါသည် ။

ပြောရမယ့်စကားကို မပြောသေးခင် ဦးစွာပြောလိုတာကတော့ ငါးပါးဂိုဏ်းဝင်ဂုဏ်အင်ပြည့်ဝ မွန်မြတ်ပါလှ သောဆရာ များနေ့ အကြောင်းပါပဲ အောက်တိုဘာလ ၅ ရက်နေ့ဟာ ကမ္ဘာ့ ဆရာများနေ့ ဖြစ်တယ်။ ယူနက်စကို(UNESCO) အဖွဲ့က နေပြီး ၁၉၉၄ ခုနှစ်မှာ အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ယူနက်စကို ဆိုတာ United Nations Education Scientific and Cultural Organization လို့ဆိုတဲ့ ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ဖြစ်တယ်။ ပညာရေးဆိုတာ လူ့အခွင့်အရေးတရပ် ဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေး အ တွက် အဓိကကျတဲ့ အခန်းကဏ္ဍတရပ်လည်း ဖြစ်ပါတယ်။ အရည်အသွေးပြည့်မီတဲ့ သင်ကြားခြင်းတွေဟာ ဆရာများရဲ့ အရည်အသွေးအပေါ်မှာ တည်မီနေရပါတယ်။
ဆရာဆိုတဲ့ ဂုဏ်ကို မြန်မာနိုင်ငံရဲ့ ပညာရေး အဖွဲ့အစည်းများနဲ့ လူမှု အသိုက်အ၀န်းမှာ ၁၉၉၄ ခုနှစ် မတိုင်မီ ကာလများ ကပင် ဆရာ၊ ဆရာမများကို ရိုသေကန်တော့တဲ့ အာစရိယ ပူဇော်ပွဲတွေ ရှိနေခဲ့ပါတယ်။ ဆရာတို့ရဲ့ ဂုဏ်ကျေးဇူးကို တန် ဘိုး ထားပြီးကျင်းပရခြင်းလည်း ဖြစ်ပါတယ်။
“တပည့်တို့ရဲ့ အကျိုးကျေးဇူးတို့ကို ကျင့်ဆောင် တတ်သောကြောင့် ဆရာလို့ ခေါ်ဆိုရကြောင်း အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ အညီ ဆရာသည် တပည့်သားတို့ အပေါ် မေတ္တာ၊စေတနာ အရင်းခံထား၍ မလိမ္မာ မယဉ်ကျေးသည်ကို လိမ္မာယဉ်ကျေး လာစေရန်လည်းကောင်း မကောင်းသော အမှုကို ရှောင်ကြဉ်စေ၍ ကောင်းသော အမှုကို ပြုလုပ်စေရန်လည်း ကောင်း၊ ချိုသာစွာ ဆုံးမသွန်သင်ပြသကြသည်။
ထို့အပြင် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ် ငါးဖြာဟူသည် နှင့် အညီ ဆရာ့ကျင့်ဝတ် များကို ပြည့်စုံစွာ ဆောင်ရွက် ပေးကြပါသည်။ ဤသို့အားဖြင့် ဆရာတို့သည် တပည့်များ၏ အနန္တကျေးဇူးရှင်များ စာရင်းတွင် ပါဝင်ပါသည်”လို့ ဗုဒ္ဓ ဘာသာကောင်း တစ်ယောက် စာအုပ်ရဲ့ အခန်း ၂၊ စာမျက်နှာ ၈၊ အာစရိယ ဂုဏော အနန္တောခေါင်းစဉ် အောက်မှာ ဖော်ပြထားပါတယ်။
အနန္တော အနန္တငါးပါးစာရင်းဝင် ဆရာဆိုတာ ဘယ်လို အမျိုးအစားလည်းဆိုတာ အားလုံး သိပြီးသားပါပဲ။ ဒါပေမယ့် ဒီနေ့ ခေတ်ရဲ့ ကြေးမုံထဲမှာတော့ အရောင်အသွေးစုံတဲ့ ဆရာအမျိုးအစားများစွာ ရှိလို့နေပါပြီ။ တာဝန်ထက် ပိုလွန်တဲ့ လုံ့လနဲ့ ချီတက်နေတဲ့ ဆရာတွေကို တွေ့ကြရသလို။ ငွေရဲ့အထူအပါးအလိုက် ပညာကို အလိုက်ပေး ဖလှယ်ပေးနေတဲ့ ဆရာ တွေဆိုတာလည်း တွေ့နေကြရပါတယ်။ တကယ်တော့ ကြည်ညိုဖွယ်ရာ ဆရာ/ဆရာမတွေဆိုတာ ဘယ်လိုဟာလဲလို့ စဉ်းစားတွေးတော ကြည့်ဖို့က…။
ကျမတို့ မိဘများအနေနဲ့ သားသမီးတွေ ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလို့ ကျောင်းမှ သင်ယူလိုက်ရသည့် သင်ခန်း စာကိုသာ အားပြုပါသည်။ အတန်းပိုင်ဆရာမနှင့် ဘာသာရပ်ဆိုင်ရာ ဆရာမများပေးနေသော ကျူရှင်များကို သွားရောက် သင်ကြားရန် ငွေအင်အားကြောင့်၎င်း၊ အပို့၊ အကြို အခက်အခဲများကြောင့်၎င်း မသင်ကြားနိုင်သောကြောင့် စာမေးပွဲ စစ် တိုင်း အမှတ်များ မတရားလျှော့ခံရခြင်း၊ အဖြေလွှာကို ဘာကြောင့် အမှတ်လျှော့ရသလဲလို့ သွားရောက်မေးသည့်အခါ ဆရာစိတ်ဓါတ်ပီပီ ရှင်းပြ၊ ပြောပြခြင်းမရှိဘဲ လူမဆန်စွာ အဖြေလွှာစာရွက်ကို လွှင့်ပစ်ခြင်း၊ ဆရာမများ ဗုဒ္ဓဘာသာဝင် ဆရာကောင်းများ ထားရှိအပ်သော ဆရာစိတ်ဓါတ် မရှိတော့ဘဲ ပိုက်ဆံ(ငွေ) မျက်နှာ တခုတည်းကိုသာ ကြည့်ပြီး သင် ကြားနေတဲ့အတွက် ပညာကို တကယ်လိုချင်သော တပည့်များက ကျောင်းမသွားရဲတဲ့ စိတ်ဓါတ်များ ခံစားနေရခြင်း မျက် နှာငယ်ရခြင်းများ ခံစားနေရခြင်းများ ဖြစ်နေကြရပါသည်။
ဒီလို အကြောင်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက မိမိတို့ အုပ်ချုပ်နေသော ကျောင်းအတွင်းမှာ ဖြစ်ပျက်နေမှုများကို သေချာစွာသိနိုင်ရန် ရင်ဖွင့်ပြောကြား တင်ပြပေးလိုက်ရပါသည်။ ဤကဲ့သို့ ရေးသားတင်ပြခြင်း မပြု မီမှာလည်း အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့ရပါသေးသည်။ ပြောမပြရင် အကောင်းသား ပြောပြလိုက်ကာမှ ပြဿနာပိုများ ရှာလေမလား ကျမတို့ သားသမီးတွေအပေါ် ပိုပြီးတော့များ အဖြစ်ဆိုးစေမှာလား အငြိုးတကြီးနဲ့များ ကလေးတွေ အပေါ် တုန့်ပြန်ကြမလားလို့ စိုးရိမ်စိတ်တွေ များခဲ့ရပါတယ်။
ဒါပေမယ့် ကိုယ်တဦးတယောက် အနစ်နာခံလို့ နောင်လာနောင်သား အများအတွက် ကောင်းကျိုးဖြစ်စေနိုင်ခဲ့မယ် ဆိုရင် တော့ စတေးရကျိုးနပ်နိုင်မယ်လို့ပဲ ခံယူပြီး ခံစားချက်တွေကို ရင်ဖွင့်ပြရတော့တာပါပဲ။ ကျောင်းသူ မိဘအနေနဲ့ မိမိ သား သမီးနှင့် ထပ်တူထပ်မျှ ခံစားနေကြရပါတယ်။
အထက ၂ ကမာရွတ်မှာ ရင်ဆိုင်နေကြရသော ဤအခက်အခဲမှ လွတ်မြောက်အောင် ကျောင်းအုပ် ဆရာမကြီးနှင့်တကွ မိမိတို့၏ သားသမီးများပမာ ကျောင်းနေတပည့်များ အပေါ်၌ စေတနာမေတ္တာဖြင့် ကူညီဖြေရှင်း ပေးနိုင်ကြပါရန် အနူး အညွတ် မေတ္တာရပ်ခံ အသိပေး ရင်ဖွင့် တိုင်ကြားလိုက်ရပါသည်။

No comments:

Post a Comment