Pages

Wednesday, 14 November 2012

အနိုင်မခံစာ
 Written by တိုက်စိုး 

ထိုစဉ်က ကျွန်တော်သည် အထက်တန်းကျောင်းမှာပဲ ရှိသေးသည်။ ကျွန်တော်တို့ အထက်တန်း ကျောင်းသားများသည် တက္ကသိုလ်ကောလိပ်ဘက်သို့ မျှော်၍ ကြည့်တတ်ကြပါသည်။

အကြောင်းမှာ တက္ကသိုလ် ကျောင်းသားများသည် အမျိုးသားလွတ်မြောက်ရေးတွင် တက်တက်ကြွကြွ ပါဝင်ဦးဆောင်ကြသောကြောင့်လည်းဖြစ်၏။ တက္ကသိုလ်မှ အရေးဆန်း အတွေးသစ်သော စာတိုစာစ များက ကျွန်တော်တို့ ဘဝင်ခိုက်စေခဲ့သောကြောင့်လည်း ဖြစ်၏

ဤသို့ဖြင့် ဒုတိယကောလိပ် သပိတ်အပြီး ၁၉၃၆-၃၇ ခုနှစ် တကသ အမှုဆောင်အဖွဲ့မှ ထုတ်ဝေလိုက် သော အိုးဝေမဂ္ဂဇင်းသည် ကျွန်တော့်လက်ဝယ် လှန်ကြည့်လိုက်သော် ၁၂၉၈ ခု၊ တော်သလင်းလ ရက်စွဲတပ်လျက် အနိုင်မခံ ဟူသော ခေါင်းကြီး ခေါင်းစဉ်နှင့်တကွ စာတည်း မောင်ညိုမြ ဟူသော အမည်ကို တွေ့ရလေသည်။ ခေါင်းကြီးမှာ ရေးရိုးရေးစဉ် ပါရိုးပါစဉ်မဟုတ်ဘဲ အောက်ပါအတိုင်း ရှိလေသည်။

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်အတွင်းမှ နေ၍ အနိုင်မခံ အရှုံးမပေးတတ် သော ငါ၏ စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ခုတ်တွင်းသို့ ကျရောက်နေသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏။ ညွတ်ကာမညွတ်။

ဤဒေါသ လောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်ဖွယ်ရာ ငံ့လင့် လျက်ရှိ၏။ သို့သော်လည်း ငါ့အား မတုန်မလှုပ်သည်ကို တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးပုရပိုက်၌ ငါ့အပြစ် တို့ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ၊ ငါကား ဂရုမပြု ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ် ၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်လေသည်။

စကားလုံးပြောင်လှ၍ စိတ်အားတက်ကြွစေသော စာပါပေ။ ဤတွင် ခေါင်းကြီး၏ မူလဇစ်မြစ်ကို ကျွန်တော်ဘာမျှ မသိသေး။ နှစ်သက်စွဲလမ်းမိသည်ကား အမှန်ပင်။

နောင်နှစ်များတွင် ကျွန်တော်သည် ကောလိပ်၌ စာဆက်လိုက်လေသည်။ ထိုအခါ ကျွန်တော်သင်ယူ သော အင်္ဂလိပ်စာပေ ပြဋ္ဌာန်းစာတွင် ပါဂရေး၏ ရွှေဘဏ္ဍာတိုက် အမည်ဖြင့် အင်္ဂလိပ်ကဗျာ ညွန့်ပေါင်း ပါလာ၏ ထိုကဗျာစုတွင် ဟိန်လေး (W.E Henley) ရေးသော Invictus အမည်ဖြင့် ကဗျာတစ်ပုဒ်ကို လည်း ကျွန်တော်တွေ့ရ၏။ ထိုကဗျာကို ဖတ်ရသည့်အခါ၌ 'အနိုင်မခံ' ခေါင်းကြီး၏ အင်္ဂလိပ်စာ မူရင်းဖြစ်ကြောင်း ပေါ်လာတော့သည်။

ဟိန်လေး၏ ဘဝတစ်စိတ်တစ်ပိုင်းကို ကျွန်တော်ဆိုပါဦးမည်။ သူသည် ၁၈၉၄ ခုနှစ်ဖွား အင်္ဂလန်ပြည် ဂလောက်စတာနယ်သား ဖြစ်လေသည်။ သူ့မိဘများမှာ စာအုပ်အရောင်းအဝယ်လုပ်၍ ချို့ချို့တဲ့တဲ့ အသက်မွေးရ၏။ ကံဆိုးလေသည်မှာ ဟိန်လေးတွင်အသက် (၁ဝ) နှစ် အရွယ်မှစ၍ အဆုတ်နာရောဂါ စွဲကပ်ခဲ့သော အဖြစ်ပင်။

မိဘဆင်းရဲသဖြင့် သူဆေးကောင်းကောင်း မကုနိုင်။ ထိုအခါ လူစဉ်မမီအောင် ချည့်နဲ့လာ၍ ဘရစ် သဒ္ဒါကျောင်းမှ သူထွက်လိုက်ရပြီး အိမ်တွင် စာရေးစာဖတ် လေ့ကျင့်ခဲ့ရသည်။ သို့ရာတွင် ရောဂါမှာ မသက်သာ။ သူ့ခြေတစ်ဖက်ဖြတ်ပစ်ရသည့် အခြေသို့ ရောက်ခဲ့လေသည်။ တစ်ဖန်သူ့ရောဂါမှာ ရင့်သထက်ရင့်လာသည်ဖြစ်ရာ အခြားခြေတစ်ဖက်ကို ဖြတ်ပစ်မှ သက်သာရာရလိမ့်မည်ဟု အကြံပေး သူက ပေးကြသည်။

ဟိန်လေးသည် ဆရာကောင်းကို ဟိုဟိုသည်သည် စုံစမ်းကြည့်၏။ ထိုအခါ အဲဒင်းဗာရာမြို့ ဆေးရုံ Infirmary မှ ဆရာဝန်ကြီး ဂျိုးဆက်ကုသပုံ ကုသနည်းကို ကြားရလေသည်။ သူ့အရပ်ရှိ ဆရာဝန်များ ကမူ ခြေတစ်ဖက် ဖြတ်ပစ်ရန်သာ တိုက်တွန်းနေကြသည်။ ဟိန်လေးသည် ကံပစ်ချရာကို မခံလို၊ ငွေကြေး လုံလုံလောက်လောက်လည်း သူ့တွင်မရှိ။ ဘယ်လိုပဲဖြစ်စေ၊ အဲဒင်းဗာရာ ဆေးရုံသို့ သူမရောက်ရောက်အောင် သွားတော့၏။ ဆရာဝန်ကြီး ဂျိုးဆက်ထံတွင် သူဆေးကုခံ၍ ဆေးရုံတွင် နှစ်နှစ်နီးပါး သူနေရ၏။ ဆေးရုံတွင်နေရစဉ် သူအချိန် အလဟသ အကုန်မခံလေ။ စပိန်စာ၊ ဂျာမန်စာ များကို သင်ယူသည်။ ကဗျာများကိုရေးသည်။ Invictus  ကဗျာသည် ထိုကဗျာများအနက် တစ်ခု ဖြစ်သည်။ ၁၈၇၅ ခုနှစ်တွင် ဟိန်လေးသည် ခြေတစ်ဖက်ကောင်းလာ၍ ဆေးရုံမှ ဆင်းနိုင်ခဲ့လေသည်။

ဤသို့ဖြင့် အင်္ဂလိပ်ကဗျာ၏ ဇစ်မြစ်ကို ကျွန်တော် သိလာရသောအခါ မြန်မာဘက်ကိုလည်း သိချင်စိတ် ပေါ်လာခဲ့ပါသည်။ အယ်ဒီတာ ကိုညိုမြကို ရှာကြည့်၏။ ထိုအချိန်တွင် ကိုညိုမြသည် အနောက်နိုင်ငံသို့ ပညာတော်သင်သွားနေ၍ ကျွန်တော့်အလိုမပြည့်။

လွတ်လပ်ရေးခေတ်၌ကား Invictus 'အနိုင်မခံ' စာသည် နာမည်ကျော်နေ၏။ သတင်းစာ မဂ္ဂဇင်းများ တွင်လည်း အခါကာလအားလျော်စွာ ပြန်လည်ဖော်ပြလျက် ရှိပေသည်။ ယခုအခါ ဦးညိုမြသည် ကျွန်တော့်ရုံးသို့ စာအုပ်အငှားအရမ်း ရောက်တတ်လေသည်။ ဤတွင် ထိုအနိုင်မခံစာအကြောင်း စကားစပ်မိကြရာ သူက အောက်ပါအတိုင်း မှတ်စု ရေးပေးလိုက်သည်။

(အနိုင်မခံ) နှင့် ပတ်သက်၍

၁၉၃၆ ခု တက္ကသိုလ်သပိတ်ကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီးနောက် ၁၉၃၇ ခုနှစ်တွင် ကျွန်တော်သည် တက္ကသိုလ် သမဂ္ဂမဂ္ဂဇင်း (အိုးဝေ) ကို တာဝန်ခံ အယ်ဒီတာအဖြစ် ကိုအောင်ဆန်း (ဗိုလ်ချုပ်) နေရာကို ဆက်ခံခဲ့ပါသည်။ ထိုနှစ်က အိုးဝေခေါင်းကြီးပိုင်းတွင် (အနိုင်မခံ) ဟူသော ခေါင်းစဉ်ဖြင့် ရေးသားပါရှိခဲ့ရာ ထိုစာမှာ W.E Henley ခေါ် အင်္ဂလိပ်စာရေး ဆရာရေးသားသည့် Invictus ဟူသော ကဗျာကို မှီး၍ ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်က ကျွန်တော်သည် တက္ကသိုလ် ထမင်းစားခန်း၌ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့နှင့် တစ်စားပွဲတည်းအတူ (ဗိုလ်ချုပ်အောင်ဆန်းလည်းပါသည်) ထမင်းစားခဲ့ရာ မင်းသုဝဏ်က ကျွန်တော်၏စာမူကို တည်းဖြတ် အချောကိုင်ပေးခဲ့ပါသည်။

ညိုမြ

Feb: 5/1979

(စာပေလုပ်သား မဂ္ဂဇင်း၊ အမှတ် ၈၊ ဒီဇင်ဘာ၊ ၁၉၈၁)

(စာပေဂျာနယ်၊ မတ်၊ ၁၉၉၅)

'စာအုပ်ဈေး' စာပေတိုက်၏ ၂ဝဝ၅၊ သြဂုတ်လ ပထမအကြိမ်ထုတ် တိုက်စိုး၏ 'စာရေးစားပွဲပေါ်မှ ပုံရိပ်များ' မှ ကူးယူဖော်ပြပါသည်။

NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language
အနိုင်မခံစာ
Written by တိုက်စိုး

ထိုစဉ်က ကျွန်တော်သည် အထက်တန်းကျောင်းမှာပဲ ရှိသေးသည်။ ကျွန်တော်တို့ အထက်တန်း ကျောင်းသားများသည် တက္ကသိုလ်ကောလိပ်ဘက်သို့ မျှော်၍
ကြည့်တတ်ကြပါသည်။

အကြောင်းမှာ တက္ကသိုလ် ကျောင်းသားများသည် အမျိုးသားလွတ်မြောက်ရေးတွင် တက်တက်ကြွကြွ ပါဝင်ဦးဆောင်ကြသောကြောင့်လည်းဖြစ်၏။ တက္ကသိုလ်မှ အရေးဆန်း အတွေးသစ်သော စာတိုစာစ များက ကျွန်တော်တို့ ဘဝင်ခိုက်စေခဲ့သောကြောင့်လည်း ဖြစ်၏

ဤသို့ဖြင့် ဒုတိယကောလိပ် သပိတ်အပြီး ၁၉၃၆-၃၇ ခုနှစ် တကသ အမှုဆောင်အဖွဲ့မှ ထုတ်ဝေလိုက် သော အိုးဝေမဂ္ဂဇင်းသည် ကျွန်တော့်လက်ဝယ် လှန်ကြည့်လိုက်သော် ၁၂၉၈ ခု၊ တော်သလင်းလ ရက်စွဲတပ်လျက် အနိုင်မခံ ဟူသော ခေါင်းကြီး ခေါင်းစဉ်နှင့်တကွ စာတည်း မောင်ညိုမြ ဟူသော အမည်ကို တွေ့ရလေသည်။ ခေါင်းကြီးမှာ ရေးရိုးရေးစဉ် ပါရိုးပါစဉ်မဟုတ်ဘဲ အောက်ပါအတိုင်း ရှိလေသည်။

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်အတွင်းမှ နေ၍ အနိုင်မခံ အရှုံးမပေးတတ် သော ငါ၏ စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ခုတ်တွင်းသို့ ကျရောက်နေသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏။ ညွတ်ကာမညွတ်။

ဤဒေါသ လောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်ဖွယ်ရာ ငံ့လင့် လျက်ရှိ၏။ သို့သော်လည်း ငါ့အား မတုန်မလှုပ်သည်ကို တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးပုရပိုက်၌ ငါ့အပြစ် တို့ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ၊ ငါကား ဂရုမပြု ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ် ၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်လေသည်။

စကားလုံးပြောင်လှ၍ စိတ်အားတက်ကြွစေသော စာပါပေ။ ဤတွင် ခေါင်းကြီး၏ မူလဇစ်မြစ်ကို ကျွန်တော်ဘာမျှ မသိသေး။ နှစ်သက်စွဲလမ်းမိသည်ကား အမှန်ပင်။

နောင်နှစ်များတွင် ကျွန်တော်သည် ကောလိပ်၌ စာဆက်လိုက်လေသည်။ ထိုအခါ ကျွန်တော်သင်ယူ သော အင်္ဂလိပ်စာပေ ပြဋ္ဌာန်းစာတွင် ပါဂရေး၏ ရွှေဘဏ္ဍာတိုက် အမည်ဖြင့် အင်္ဂလိပ်ကဗျာ ညွန့်ပေါင်း ပါလာ၏ ထိုကဗျာစုတွင် ဟိန်လေး (W.E Henley) ရေးသော Invictus အမည်ဖြင့် ကဗျာတစ်ပုဒ်ကို လည်း ကျွန်တော်တွေ့ရ၏။ ထိုကဗျာကို ဖတ်ရသည့်အခါ၌ 'အနိုင်မခံ' ခေါင်းကြီး၏ အင်္ဂလိပ်စာ မူရင်းဖြစ်ကြောင်း ပေါ်လာတော့သည်။

ဟိန်လေး၏ ဘဝတစ်စိတ်တစ်ပိုင်းကို ကျွန်တော်ဆိုပါဦးမည်။ သူသည် ၁၈၉၄ ခုနှစ်ဖွား အင်္ဂလန်ပြည် ဂလောက်စတာနယ်သား ဖြစ်လေသည်။ သူ့မိဘများမှာ စာအုပ်အရောင်းအဝယ်လုပ်၍ ချို့ချို့တဲ့တဲ့ အသက်မွေးရ၏။ ကံဆိုးလေသည်မှာ ဟိန်လေးတွင်အသက် (၁ဝ) နှစ် အရွယ်မှစ၍ အဆုတ်နာရောဂါ စွဲကပ်ခဲ့သော အဖြစ်ပင်။

မိဘဆင်းရဲသဖြင့် သူဆေးကောင်းကောင်း မကုနိုင်။ ထိုအခါ လူစဉ်မမီအောင် ချည့်နဲ့လာ၍ ဘရစ် သဒ္ဒါကျောင်းမှ သူထွက်လိုက်ရပြီး အိမ်တွင် စာရေးစာဖတ် လေ့ကျင့်ခဲ့ရသည်။ သို့ရာတွင် ရောဂါမှာ မသက်သာ။ သူ့ခြေတစ်ဖက်ဖြတ်ပစ်ရသည့် အခြေသို့ ရောက်ခဲ့လေသည်။ တစ်ဖန်သူ့ရောဂါမှာ ရင့်သထက်ရင့်လာသည်ဖြစ်ရာ အခြားခြေတစ်ဖက်ကို ဖြတ်ပစ်မှ သက်သာရာရလိမ့်မည်ဟု အကြံပေး သူက ပေးကြသည်။

ဟိန်လေးသည် ဆရာကောင်းကို ဟိုဟိုသည်သည် စုံစမ်းကြည့်၏။ ထိုအခါ အဲဒင်းဗာရာမြို့ ဆေးရုံ Infirmary မှ ဆရာဝန်ကြီး ဂျိုးဆက်ကုသပုံ ကုသနည်းကို ကြားရလေသည်။ သူ့အရပ်ရှိ ဆရာဝန်များ ကမူ ခြေတစ်ဖက် ဖြတ်ပစ်ရန်သာ တိုက်တွန်းနေကြသည်။ ဟိန်လေးသည် ကံပစ်ချရာကို မခံလို၊ ငွေကြေး လုံလုံလောက်လောက်လည်း သူ့တွင်မရှိ။ ဘယ်လိုပဲဖြစ်စေ၊ အဲဒင်းဗာရာ ဆေးရုံသို့ သူမရောက်ရောက်အောင် သွားတော့၏။ ဆရာဝန်ကြီး ဂျိုးဆက်ထံတွင် သူဆေးကုခံ၍ ဆေးရုံတွင် နှစ်နှစ်နီးပါး သူနေရ၏။ ဆေးရုံတွင်နေရစဉ် သူအချိန် အလဟသ အကုန်မခံလေ။ စပိန်စာ၊ ဂျာမန်စာ များကို သင်ယူသည်။ ကဗျာများကိုရေးသည်။ Invictus ကဗျာသည် ထိုကဗျာများအနက် တစ်ခု ဖြစ်သည်။ ၁၈၇၅ ခုနှစ်တွင် ဟိန်လေးသည် ခြေတစ်ဖက်ကောင်းလာ၍ ဆေးရုံမှ ဆင်းနိုင်ခဲ့လေသည်။

ဤသို့ဖြင့် အင်္ဂလိပ်ကဗျာ၏ ဇစ်မြစ်ကို ကျွန်တော် သိလာရသောအခါ မြန်မာဘက်ကိုလည်း သိချင်စိတ် ပေါ်လာခဲ့ပါသည်။ အယ်ဒီတာ ကိုညိုမြကို ရှာကြည့်၏။ ထိုအချိန်တွင် ကိုညိုမြသည် အနောက်နိုင်ငံသို့ ပညာတော်သင်သွားနေ၍ ကျွန်တော့်အလိုမပြည့်။

လွတ်လပ်ရေးခေတ်၌ကား Invictus 'အနိုင်မခံ' စာသည် နာမည်ကျော်နေ၏။ သတင်းစာ မဂ္ဂဇင်းများ တွင်လည်း အခါကာလအားလျော်စွာ ပြန်လည်ဖော်ပြလျက် ရှိပေသည်။ ယခုအခါ ဦးညိုမြသည် ကျွန်တော့်ရုံးသို့ စာအုပ်အငှားအရမ်း ရောက်တတ်လေသည်။ ဤတွင် ထိုအနိုင်မခံစာအကြောင်း စကားစပ်မိကြရာ သူက အောက်ပါအတိုင်း မှတ်စု ရေးပေးလိုက်သည်။

(အနိုင်မခံ) နှင့် ပတ်သက်၍

၁၉၃၆ ခု တက္ကသိုလ်သပိတ်ကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီးနောက် ၁၉၃၇ ခုနှစ်တွင် ကျွန်တော်သည် တက္ကသိုလ် သမဂ္ဂမဂ္ဂဇင်း (အိုးဝေ) ကို တာဝန်ခံ အယ်ဒီတာအဖြစ် ကိုအောင်ဆန်း (ဗိုလ်ချုပ်) နေရာကို ဆက်ခံခဲ့ပါသည်။ ထိုနှစ်က အိုးဝေခေါင်းကြီးပိုင်းတွင် (အနိုင်မခံ) ဟူသော ခေါင်းစဉ်ဖြင့် ရေးသားပါရှိခဲ့ရာ ထိုစာမှာ W.E Henley ခေါ် အင်္ဂလိပ်စာရေး ဆရာရေးသားသည့် Invictus ဟူသော ကဗျာကို မှီး၍ ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်က ကျွန်တော်သည် တက္ကသိုလ် ထမင်းစားခန်း၌ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့နှင့် တစ်စားပွဲတည်းအတူ (ဗိုလ်ချုပ်အောင်ဆန်းလည်းပါသည်) ထမင်းစားခဲ့ရာ မင်းသုဝဏ်က ကျွန်တော်၏စာမူကို တည်းဖြတ် အချောကိုင်ပေးခဲ့ပါသည်။

ညိုမြ

No comments:

Post a Comment