အနန္တော၊ အနန္တဂိုဏ်းဝင်အဖြစ် သတ်မှတ်ခဲ့ကြသော ဆရာ၊ ဆရာမတို့မှာ ယခုခေတ်အခြေအနေတွင် အခြိမ်းခြောက်ခံဘဝတစ်ခုနှင့် ရင်ဆိုင်နေရသည်ဟုဆိုလျှင် ယုံကြည်လိမ့်မည်မဟုတ်ဟု ထင်ပါသည်။
သို့ရာတွင် အောက်ဖော်ပြပါ အဖြစ်အပျက်တို့မှာ အမှန်တကယ် ဖြစ်ပျက်လျက်ရှိပါကြောင်း မြန်မာပို့စ် ဂလိုဘယ် စာဖတ်ပရိတ်သတ်သို့ တင်ပြလိုက်ရပါသည်။
နေရာက ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ၊ အမှတ် (၃) မူလတန်းလွန်ကျောင်းတွင် ဖြစ်ပါသည်။
အဆိုပါကျောင်းတွင် ယောက်ျားသားဖြစ်သော ကျောင်းဆရာဟူ၍ တစ်ဦးတစ်ယောက်မျှမရှိ။ အားလုံးမှာ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ကျောင်းဆရာမစုစုပေါင်း ၁၆ ယောက်ရှိသည်။
ကျောင်းတွင်လက်ရှိ ပညာသင်ယူနေသော ကျောင်းသားအရေအတွက်မှာ သူငယ်တန်းမှ သတ္တမတန်း အထိစုစုပေါင်း ၈၅ဝ ကျော်ရှိနေပါသည်။
အဆိုပါကျောင်းမှ ဆရာမတို့၏ ရင်ဖွင့်ပြောကြားချက်အရ လက်ရှိအခြေအနေတွင် ကျောင်းသို့သွားရာ ပုံမှန်အသုံးပြုနေကျ အနီးဆုံးလမ်းမှမသွားရဲ၊ အခြားသောလမ်းများမှ ကျောင်းသို့ရောက်ရှိအောင် ရှောင်ကွင်းသွားလာနေကြရသည်။
အကြောင်းမှာ ဆရာမတို့အား လိုက်လံနှောင့်ယှက်နေကြသော လူတစ်စုကြောင့် ဖြစ်သည်ဟု သိရသည်။
အဆိုပါလူတစ်စုမှာကား မိမိတို့ကိုယ် မိမိတို့ 'ပညာရေးစောင့်ကြည့်' အဖွဲ့မှဟု ဆိုသည်။ ဤအဖွဲ့မှာ မည်သည့်အချိန်တွင် မည်သည့်နေရာ၌ မည်သူကစတင်ဖွဲ့စည်းထားပြီး မည်သို့ဖွဲ့စည်းထားသည် ဆိုသည်ကို ကျွန်ုတို့ကိုယ်တိုင်လည်း မသိသကဲ့သို့ ဒုက္ခပေးခံနေရသော ဆရာမတို့ကိုယ်တိုင်မှာလည်း ကွဲကွဲပြားပြား မသိရှိကြပေ။
ကျွန်ုတို့သိရှိရသလောက်မှာ လက်ရှိပေါ်ပေါက်နေသော အသင်းအဖွဲ့၊ အဖွဲ့အစည်းတို့မှာ များသော အားဖြင့် ပြည်သူလူထုသို့ အလုပ်အကျွေးပြုရန်အတွက် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ထားသည်များကိုသာ တွေ့ရှိရပါသည်။
သို့သော် ဖွဲ့စည်းပြီးသည့်နောက်တွင်လည်း အဆိုပါအဖွဲ့၏ မူလရပ်တည်ချက်၊ ရည်ရွယ်ချက်တို့ အတိုင်း တိမ်းစောင်းမသွားစေရန်တည့်မတ်ခြင်း၊ ရရှိလာသော အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့်အပေါ် ကျော်လွန်၍ မလျော်သြဇာ အသုံးပြုခြင်းများရှိလာပါက လိုအပ်သလို အဆင့်ဆင့် ထိန်းကျောင်း တည့်မတ်ခြင်း၊ အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိကြသည်ကို တွေ့ရပါသည်။
လက်ရှိ တွေ့ကြုံခဲ့ရသော အခြေအနေမှာမူ ဤသို့မဟုတ်၊ များစွာကွဲပြားခြားနားသော အခြေအနေ တစ်ရပ်နှင့် တွေ့ကြုံခဲ့ရပါသည်။
အဆိုပါအဖွဲ့မှ ဆိုသူတို့က ဆရာမတို့အား ကာယိနြေ္ဒပျက်ပြားစေသည်အထိ ကျောင်းပြန်လွှတ်ချိန်များ တွင် စောင်းမြောင်း၍ သီချင်းသီဆို လှောင်ပြောင်ခြင်း၊ ကျောင်းအပြန် ဆရာမများသွားလာနေကျ လမ်းဖြစ်သော ရှင်ထွေးညိုလမ်းမကြီးပေါ်ရှိ၊ ရွှေခြံဘုန်းကြီးကျောင်းအရှေ့ရှိ ရေကန်နားအနီးတွင် ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်ခြင်းတို့ကြောင့် ဆရာမတို့မှာ နေ့စဉ်ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အိမ်သို့ ပြန်နေကြရကြောင်း သိရှိရပါသည်။
ထိုမျှမကသေးပါ။ အဆိုပါ အမှတ် (၃) မူလတန်းလွန်ကျောင်းအနီး ဝန်းကျင်သို့လည်း အဆိုပါအဖွဲ့မှ ဆိုင်ကယ်တဝီဝီဖြင့် ဖြတ်သန်းပြီး ကျူရှင်သင်နေခြင်းရှိမရှိကို လေ့လာစောင့်ကြည့်ခြင်း၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူခြင်းတို့ကို မကြာခဏပြုလုပ်လျက်ရှိနေကြောင်းလည်း အဆိုပါကျောင်း၏ ကျောင်း အကျိုးတော်ဆောင်အဖွဲ့၏ ပြောပြချက်များအရ သိရှိရပါသည်။
ယင်းအတွက်ကြောင့် ဆရာမတို့မှာ စိတ်အနှောင့်ယှက်များစွာဖြစ်ရသည့်အပြင် နေ့စဉ်ကျောင်းသို့ လာရောက်ချိန်နှင့် ကျောင်းပြန်ချိန်များတွင်လည်း အဆိုပါအဖွဲ့၏ ရန်ပြုခြိမ်းခြောက်မှုကို စိုးထိတ် သဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရပါကြောင်း သိရှိရသည်။
လက်ရှိကျွန်ုတို့၏ စာသင်ကျောင်းများ နိစ္စဓူဝ လုပ်ငန်းစဉ်တို့အနက်တွင် တစ်နေ့တာ စာသင်ချိန်ပြီးဆုံး ပါက အချိန်ပိုသင်ကြားခြင်းဟူသောအမှုကို ယခင်ကစာသင်ကျောင်းအများအပြားတွင် တွေ့ရှိရပါ သည်။ အချိန်ပိုသင်ကြားခြင်းနှင့် ပတ်သက်၍ နောက်ပိုင်းတွင် ကျောင်းအတော်များများ စွန့်လွှတ်လာ ကြပြီဖြစ်သည်ကို တွေ့ရှိရပါသော်လည်း အချို့ကျောင်းများမှာ ဘက်စုံစာမေးပွဲအတွက် ကျောင်းချိန် ပြင်ပတွင် ကျောင်းသားအချို့အား စုဝေးစေပြီး ဆက်လက်သင်ကြားခြင်းအမှုကို ပြုလျက်ရှိကြပါသည်။
ယင်းအတွက် အခကြေးငွေယူ၍ သင်ကြားခြင်းမျိုးမဟုတ်၊ မိမိတို့ကျောင်း၊ မိမိတို့ကျောင်းသားတို့ ထူးချွန်စေရန် ပိုမိုလေ့ကျင့်သင်ကြားပေးပြီး အခြားသောကျောင်းများနှင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့် တို့တွင် ဘက်စုံအဆင့်ဆင့်ယှဉ်ပြိုင်ကြရခြင်းလည်း ဖြစ်ပါသည်။
အဆိုပါကျောင်းတွင် တက်ရောက်သင်ကြားနေသော ကျောင်းသားမိဘတစ်ဦး၏ မိခင်ဖြစ်သူက မိမိကျောင်းမှာ နှစ်စဉ်ဆုများဆွတ်ခူးလေ့ရှိသော ကျောင်းဖြစ်ပါသော်လည်း ယခုနှစ်တွင် အထက်တွင် ဖော်ပြခဲ့သော ပြဿနာရပ်များစွာကို ကြုံတွေ့နေရခြင်းကြောင့် ဆုရရှိရန်အလားအလာမှာလည်း အလွန်နည်းပါးသွားပြီ ဖြစ်ပါကြောင်း၊ ဆရာမများမှာလည်း ထိတ်လန့်စိုးရွံ့နေရခြင်းနှင့် မလိုလားအပ် သောပြဿနာရပ်များစွာကို ရင်ဆိုင်ဖြေရှင်းနေရခြင်းတို့ကြောင့် ကျောင်းသားမိဘတစ်ဦးအနေဖြင့် များစွာစိတ်မကောင်း ဖြစ်ရပါကြောင်း ရင်ဖွင့်ပြောကြားသည်။
အဆိုပါအဖွဲ့မှာ လူများမှာအမြဲတမ်းလိုလို ကျောင်းပတ်ဝန်းကျင်တွင် စောင့်ဆိုင်းမှတ်တမ်းဓာတ်ပုံ ရိုက်ယူခြင်း၊ ကျောင်းတက်ကျောင်းဆင်းချိန်များတွင် နှောင့်ယှက်မှုများပြုလုပ်ခြင်းတို့ကို အစဉ်တစိုက် လုပ်ဆောင်ခြင်းအမှုပြုနေသည့်အပြင် တစ်ရက် ကျောင်း၌ ထူးချွန်သင်ကြားမှုပြုလုပ်နေချိန်တွင် ၎င်းတို့အဖွဲ့မှ တစ်ဦးမှာကျောင်းသို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး "ဘာလုပ်နေတာလဲ" ဓာတ်ပုံရိုက်ပြီး အလုပ်ပြုတ်အောင်တိုင်မည်ဟု ခြိမ်းခြောက်သံဖြင့် ဆရာမတို့မှာ ထူးချွန်သင်ကြားမှုကိုပင် ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ရပ်ဆိုင်းလိုက်ရကြောင်းလည်း သိရှိရပါသည်။
လနှင့်ချီ၍ကြာမြင့်အောင် အဆိုပါ 'ပညာရေးစောင့်ကြည့်အဖွဲ့' မှဟုဆိုသူတို့က ခြိမ်းခြောက်ပြောဆို ခြင်း၊ ကျောင်းတက်ကျောင်းဆင်းချိန်တို့တွင် နှောင့်ယှက်ခံနေရခြင်းတို့အပေါ် ဆရာမများမှာ ထိတ် လန့်တုန်လှုပ်နေကြပြီး ပညာတတ်သူများဖြစ်သည့်အလျောက် တတ်အားသမျှ အဆိုပါပုဂ္ဂိုလ်တို့ရန်မှ ကင်းဝေးအောင် နေထိုင်ဆောင်ရွက်လျက်ရှိပါသော်လည်း နေ့စဉ်နှင့် စိတ်ဒုက္ခကြီးစွာ ခံစားရလျက်ရှိ နေကြကြောင်း သိရှိရသည်။
နောက်ဆုံးတွင် ဆရာမများမှာ မည်သို့မျှ မခံရပ်နိုင်တော့သည့်အလျောက် သက်ဆိုင်ရာသို့ စုဝေး တိုင်ကြားခဲ့ရာ အဆိုပါအဖွဲ့ကို ဦးဆောင်သူမှာ ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအာမခံဖြင့် လွတ်မြောက်တရား ရင်ဆိုင်နေရကြောင်းလည်း သိရှိရပါသည်။
အဆိုပါပုဂ္ဂိုလ် လွတ်မြောက်လာပြီးသည့် နောက်ပိုင်းတွင်လည်း ကျောင်းအုပ်ဆရာမကြီး ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာကျောင်းကဆရာမများ အလုပ်ပြုတ်အောင်ပြုလုပ်မည်၊ သမ္မတကြီးထံ သို့စာပို့မည် စသဖြင့် ထပ်မံခြိမ်းခြောက်မှုမျိုးကို ရင်ဆိုင်ခဲ့ရပြီးနောက် ဆရာမများအား ဆက်လက် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းအမှုကို ဆက်လက်ပြုလုပ်လျက် ရှိပါကြောင်းလည်း စုံစမ်းသိရှိရပါသည်။
ဤနေရာတွင် မေးခွန်းထုတ်လိုသည်မှာ အဘယ်အတွက်ကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦး၊ အထူးသဖြင့် အားနွဲ့သော၊ ကျောင်းဆရာမတို့အား လိုက်လံနှောင့်ယှက်နေရပါသနည်းဟူသော အချက်နှင့် နိုင်ငံ့ ဝန်ထမ်း ကျောင်းဆရာမများအား ဤကဲ့သို့ နှောင့်ယှက်မှု ပြုနေမှုကို သက်ဆိုင်ရာက အဘယ့် အတွက်ကြောင့် လက်ပိုက်ကြည့်နေရပါသနည်းဟူသော အချက်တို့ကို မေးခွန်းထုတ်လိုပါသည်။
ဤကိစ္စမှာ ကြာရှည်လေးမြင့်စွာ ဖြစ်တည်နေရန်လည်း နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းသော အချက်တစ်ခုမဟုတ်သဖြင့် သက်ဆိုင်ရာအကြီးအကဲတို့မှ အမြန်ဆုံးကွင်းဆင်း ဆောင်ရွက်စေလို ကြောင်းလည်း ကျောင်းသားမိတစ်ဦးက ရင်ဖွင့်ပြောဆိုပါသည်။
ကျွန်ုတို့အနေဖြင့် ကျောင်းသားတစ်ဦး ဘက်စုံထူးချွန်အောင်မြင်လာသော ကျောင်းသားများအား မွေးထုတ်ပေးရန်မှာ ဆရာ၊ ကျောင်းသားနှင့် မိဘတို့ သုံးဦးစလုံးတွင်တာဝန်ရှိပြီး ဖြစ်ပါသည်။
သို့ရာတွင် လက်ရှိခေတ်အခြေအနေ၌ ဆရာ၊ မိဘ၊ ကျောင်းသားဟူသော သုံးဦးပတ်လည် တာဝန်ရှိမှု တွင် ခေတ်ကာလ အခြေအနေအရ ပညာရေးနှင့်ပတ်သက်လျှင် မိဘတို့၏ အခန်းကဏ္ဍမှာ မှေးမှိန် လျက်ရှိခဲ့ရပါသည်။
ဤအခြေအနေကိုလည်း ပြည့်စုံသော မိသားစုများမှလွဲ၍ မိသားစု အတော်များများ ရင်ဆိုင်နေရပါ သည်။
မိဘတို့မှာ ကလေး၏ ပညာရေးနှင့် ပတ်သက်သောကိစ္စအရပ်ရပ်တို့ကို ဆရာမထံတွင် ဝကွက်အပ်နှံ ကြကာ စားဝတ်နေရေးဟူသော ကိစ္စရပ်တို့နှင့် နပမ်းလုံးနေရသော ခေတ်အခြေအနေလည်း ဖြစ်ပါ သည်။
တစ်နည်းဆိုရလျှင် ကျောင်းသား၏ ပညာရေးနှင့်ပတ်သက်လျှင် ဆရာမတို့မှာ မိဘတာဝန်ကိုလည်း လွှဲပြောင်းရယူနေရသည်ဟု ဆိုရမည်ဖြစ်ပါသည်။
စာသင်ကျောင်းများတွင် အချိန်ပိုသင်ကြားခြင်းမပြုရ၊ ကျောင်းအပ်နှံချိန် မေလ ၂၅ ရက်နေ့အတွင်း ကျောင်းအတွက် အလှူငွေကောက်ခံခြင်း မပြုရဟူသော အမိန့်ကြေညာချက်များ ထုတ်ပြန်ထားသည် မှာ ကျောင်းသားထုတစ်ရပ်လုံးအတွက် ကျောင်းတက်ချိန်တွင် ကုန်ကျစရိတ်သက်သာစွာဖြင့် ကျောင်း တက်ရောက်နိုင်ရေးအတွက် ဖြစ်သည်ကို နားလည်လက်ခံပါသည်။ အမှန်တကယ်ပင် အခကြေးငွေ မြောက်မြားစွာကို ကောက်ခံနေကြသော ကျောင်းများအတွက် များစွာထိရောက်စေသော ကြေညာ ချက်လည်း ဖြစ်ပါသည်။
သို့ရာတွင် ဤကြေညာချက်တို့မှာ ဆရာမများအပေါ် ခြိမ်းခြောက်နှောင့်ယှက်ရန် အတွက်တော့ မဟုတ်ပေ။ အထူးသဖြင့် ဆင်ခြေဖုံးဒေသရှိ ကျောင်းအများစုတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးကြသော ကျောင်းဆရာ၊ ဆရာမများမှာ အိတ်စိုက်၍ ပညာသင်ပေးရခြင်းများစွာ ရှိခဲ့ကြောင်းကိုလည်း ယင်းနေ ရာများတွင် တာဝန်ထမ်းဆောင်ဖူးကြသော ဆရာ၊ ဆရာမများကြုံတွေ့၊ သိရှိခဲ့ကြပြီး ဖြစ်ပါလိမ့်မည်။
ယခုဆောင်းပါးအား ရေးသားနေချိန်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ် (၃) မူလတန်းလွန် ကျောင်းရှိ ဆရာမတို့မှာ ဆရာမတို့အား လိုက်လံနှောင့်ယှက်သော သူနှင့် အမှုရင်ဆိုင်နေရဆဲ ကာလဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်အာမခံဖြင့် လွတ်မြောက်လာပြီးနောက် အတန်းပိုင်ဆရာမရိုက်နှက်၍ ကျောင်းသားတစ်ဦးလက်အရိုးအက်သွားသဖြင့် ဆေးရုံတက်နေရပါသည်ဟူသော စွပ်စွဲခံရသည့် နောက်ဆက်တွဲ ပြဿနာရပ်တို့ကို ရင်ဆိုင်နေရသော ကာလလည်းဖြစ်နေပါသည်။
အဆိုပါ ပြဿနာရပ်နှင့် ပတ်သက်၍ ဒီဇင်ဘာ ၃ ရက်က အဆိုပါကျောင်းမှ ကျောင်းအကျိုးတော် ဆောင်အဖွဲ့တို့က လုံးဝမှန်ကန်ခြင်းမရှိပါကြောင်းလည်း ပြည်တွင်းသတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းဖြစ်ရပ်တို့နှင့် ပတ်သက်၍ မြန်မာပို့စ်ဂလိုဘယ် သတင်းဂျာနယ်အနေဖြင့် ဖြစ်ရပ်တွင်ပါဝင် ပတ်သက်သူများဖြစ်ကြသော ကျောင်းသား၊ ကျောင်းသားမိဘနှင့် ပါဝင်ပတ်သက်သူများအားလုံးကို တွေ့ဆုံရန်ရှိနေပါသေးသဖြင့် အသေးစိတ်အခြေအနေတို့ကို ဤနေရာတွင် ထည့်သွင်းရေးသားခြင်း မပြုသေးဘဲ နောက်ဆက်တွဲအနေဖြင့် ဆက်လက်ဖော်ပြပေးသွားမည့် အကြောင်းလည်း လေးစားစွာ ဖြင့် အသိပေးအပ်ပါသည်။
ယင်းအတွက်ကြောင့်လည်း မည်သူတစ်ဦးတစ်ယောက်မှ နစ်နာခြင်းမရှိစေရန် ဖြစ်ရပ်အတွင်း ပါဝင်ပတ်သက်နေသော ခြိမ်းခြောက်သူတို့၏ အမည်ကို လတ်တလောအခြေအနေတွင် ချန်လှပ် ရေးသားရခြင်းလည်း ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေတွင် ဆရာမတို့အနေဖြင့် ခြိမ်းခြောက်နှောင့်ယှက်မှုများ အမြဲလိုလို ကြုံတွေ့ ခံစားနေရသည့် ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ အမှတ် (၃) အခြေခံပညာမူလတန်းလွန် ကျောင်း၏ အခြေအနေကို သက်ဆိုင်ရာ အကြီးအကဲတို့မှ အလျင်အမြန် ကွင်းဆင်းလေ့လာပြီး တည်ငြိမ်အေးချမ်း စွာ ပညာသင်ကြားပို့ချနိုင်သော အမှုပြုနိုင်ရန် ဆောင်ရွက်ပေးသင့်ပါကြောင်း ကျောင်းသားမိဘများ၏ အကြံပြုချက်အရ ယခုဆောင်းပါးအား ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
Myanmar Post Global
No.88, Friday, DECEMBER – 7, 2012
No comments:
Post a Comment