ဘဘကြီး ဦးခင်မောင်လတ်
(၁၉၁၅ သြဂုတ်လ ၂၄ ရက် – ၁၉၉၆ သြဂုတ်လ ၁ ရက်)
ကွယ်လွန်ခဲ့သော ၁၉၉၆ခုနှစ် သြဂုတ်လ ၁ ရက်နေ့က
အမှတ်တရကဗျာ
နေ့စဉ်ကောင်းမူ၊ အမြဲပြုသည်
သာဓု သာဓု ဆရာကြီး။
မိမိတတ်သိ၊ ပညာရှိကို
အဓိကထား၊ မေတ္တာပွားလျက်
တပါးသူငှ၊ ပေးဝေမျှသည်
ဆရာ့ဂုဏ်မြောက်၊ ဘ၀ တလျှောက်။
ရင်၌ဖြစ်ပွား၊ သမီးသားသို့
အများအပေါ်၊ အကျိုး မျှော်လျက်
မတော်တော်အောင်၊ သူ ပျိုးထောင်ရင်း
ညဥ့်မှောင်ချိန်သို့၊ ရောက်ခဲ့ပြီ။
စာပေတတ်ပွန်၊ ဇနီးမွန်ကို
သေတပန်သက်တဆုံး၊ တပြုံးပြုံးနှင့်
နှလုံးတူမျှ၊ တွဲ ကြပြီးနောက်
တယောက်တည်း ထွက်ခွာသွားလေပြီ။
ပညာရေးနှင့်၊ တိုင်းရေး ပြည်ရေး
လူ့အရေးကို၊ အရေးကြုံအောင်
သူ ထမ်းဆောင်ကာ
ကလောင်ကိုင်ရင်း၊ စာသင်ရင်းပင်
သေမင်းရင်ခွင် လှုံခဲ့ပြီ။
ထောင်လွှား မာန၊ သူ နှိမ်ချကာ
စိတ်လှ ချောပြေ၊ မေတ္တာ ဝေလျက်
အနေရိုးရိုး၊ အသရေ တိုးစွ။
မျိုးချစ် စိတ်ဓါတ်၊ အရောင် ဟပ်ကာ
မြင့်မြတ် ရိုးဂုဏ်၊ ကိုယ်လုံးထုံလျက်
သူ ယုံကြည်ရာ၊ စေတနာဖြင့်
ပညာဖြန့်ဝေ၊ ရဲရင့်ပေ၏
အနေမြတ်သော ဆရာကြီး။
ယခုအခါ၊ တို့ဆရာသည်
တာဝန်ကျေကျေ၊ ဆောင်ပြီးလေ၍
အသေ မြတ်စွာ၊ သူ ထွက်ခွာပြီ
သာဓု သာဓု ဆရာကြီး။ ။
ကဗျာဆရာကြီးဦးတင်မိုးက ၂-၈-၁၉၉၆ နေ့က ဆရာကြီး ဦးခင်မောင်လတ်၏ ဈာပနမှ အပြန် ရေးခဲ့သောကဗျာဖြစ်ပါ၏။
http://maungyit.wordpress.com/ မှကူးယူဖော်ပြသည်။
No comments:
Post a Comment