Pages

Monday, 10 December 2012

အကြင်နာလက်များဖြင့် နွေးစေသတည်း



"ဟယ် … ခိုင်မာ အစောကြီး ရောက်နေပါလား"
လစဉ် လစာထုတ် အစည်းအဝေး ခန်းမထဲသို့ အစောကြီးရောက်နေသော ခိုင်မာ အသံလာရာသို့ ကြည့်လိုက်တော့ သူငယ်ချင်း အကူကျောင်းအုပ် ဒေါ်မြင့်မြင့်သိန်း ဖြစ်နေသည်။
"ဟယ် …… ဟုတ်တယ် မမြင့်မြင့်သိန်းလာ ဒီမှာထိုင် ….. ကဲ ဒီလ လစာ ဘယ်လောက်ကျန်မှာလဲ …"
"အင်း GEC ကပစ္စည်းယူထားတာရယ်၊ စု/ ချေး မှာ ဆပ်ရမှာရယ်ဆို .. ဟဲဟဲ … ကိုယ်တော့ ပြန်အမ်း ရလိမ့်မယ် ထင်တယ်၊ ခိုင်မာရော …."
"ခိုင်မာလည်း ဟင်းချေးများတဲ့အိမ်က သားကြီးနဲ့သားငယ်ကို ဒီလတော့ပီတိဟင်းနဲ့ ချော့ကျွေးရ လိမ့်မယ်…."
"သာဓုပါခင်ဗျာ …. သာဓုပါ ….. ခုလိုလှူရတဲ့ အကျိုးကြောင့် … အသံလာရာသို့ လှမ်းကြည့်လိုက် တော့ ….
"ဟယ်ဆရာကြီး ဦးတင်ငွေ ဘာအလှူခံတုန်း …. ရော့ ခိုင်မာလည်းထည့်မယ် …."
ပြောပြောဆိုဆို ၅ိ တန်လေး တစ်ရွက် လှူလိုက်သည်။

"ညည်းတို့ ကုသိုလ်ရပါတယ် ကလေးမတို့ရယ် …. ရုံးရှေ့မှာ ထိုင်နေတာတွေ့လား … ဘဘကြီး တစ်ယောက်လေ … အဲဒါ ဆရာကြီးဟောင်းတစ်ယောက်ပေါ့ ပင်စင်စားကြီးလေ … သားသမီး မရှိဘူး မျက်စိ မမြင်ရှာဘူး … သူ့ကိုလှူဖို့ ငါစုနေတာ …."
ဦးတင်ငွေက ခိုင်မာတို့ကို ရှင်းပြရင်း ငွေဆက်စုရန် ခြေလှမ်းပြင်သည်။
"ဟင် … ရုံးရှေ့က အဘိုးကြီးလေ … ခိုင်မာတွေ့ခဲ့ပါရောလား … ခိုင်မာက … မထင်ကောင်းတာတွေ တွေးနေတာ … အို … ဖြစ်ရလေ ဆရာကြီးရယ် … မှားတွေးမိတဲ့အဖြစ်ကို အားနာလိုက်တာ … ဦးတင်ငွေ ဒီမှာ ခိုင်မာ ထပ်လှူပါရစေရှင် ….."
ဆယ်တန်အသစ်ကလေးတစ်ရွက်ကို ဖိနပ်ကလေး ချွတ်ပြီး ရိုရိုသေသေ လှူလိုက်သည်။ လစာက လည်း မထုတ်သေး။
"မမြင့်သိန်း … ခိုင်မာ ဆရာကြီးကို သွားတွေ့လိုက်ဦးမယ်"
ပြောပြောဆိုဆို ရုံးအပြင်သို့ ထွက်ခဲ့သည်။ ရုံးဝင်းခြံတံခါးဝမှ ထွက်လိုက်တော့ …. တွေ့ရပါပြီ။ အုတ်တံတိုင်းဘေး မြက်ခင်းအစပ်လေးမှာ ဘကြီးတစ်ယောက်။ နွမ်းလွန်းသော ပုဆိုး၊ တိုက်ပုံ အညိုရောင် အစုတ်ကလေးနှင့် အတွင်းက ရှပ်အင်္ကျီအဖြူမှာလည်း မည်းလွန်းနေပါပြီ…။
"ဖြစ်ရလေ ဆရာကြီးရယ်"
နှုတ်မှ စကားတစ်ခွန်း အလိုလို ထွက်သွားသည်။ ဆရာကြီးအနားမှာ မျက်မှန်နှင့် မိန်းကလေး တစ်ယောက်ထိုင်၍ စကားပြောနေသည်။ ခိုင်မာလို မိန်းကလေးပဲ ဖြစ်ရမယ်။ ထိုမိန်းကလေးက စလင်းဘက်ကလေးကို ချိုင်းညှပ်၍ ဆရာကြီးကို ရွှင်ပျစွာ စကားဆိုနေသည်။ နွမ်းနွမ်းဖတ်ဖတ် အိုမင်း မစွမ်း ဒုက္ခိတအဘိုးအိုကြီးနှင့် သစ်သစ်လွင်လွင် ခပ်သွက်သွက် မိန်းကလေးတို့၏ စကားဝိုင်းကို ခိုင်မာ ပိုစိတ်ဝင်စားသွားသည်။
ထို့ကြောင့် အနားက ဗာဒံပင်စည် မြစ်ပျဉ်းမှာ ခိုင်မာထိုင်ရင်း နားစွင့်မိသည်။
"ဒီစာအုပ်ထဲက အတိုင်းဆိုရင် အဘ မတ်လတုန်းကပင်စင်ထုတ်ပြီးပြီပေါ့နော် … ၅ လတစ်ကြိမ် ထုတ်တာဆိုတော့ ခုရှစ်လပိုင်းမှာ တစ်ခါထုတ်ရမှာပေါ့"
မိန်းကလေး၏ အမေးကို ဆရာကြီးက တိုးတိုးဖြေလိုက်သည်။ ခိုင်မာမကြားရ။
"အဘက ၈၁ နှစ် ဆိုပေမယ့် သီလအရမ်းကောင်းလို့ထင်တယ်။ ကျန်းမာတယ်နော် တော်သေးတာ ပေါ့"
မိန်းကလေး သူ့လက်ထဲက ပင်စင်စာအုပ် ဖြစ်ဟန်တူသော စာအုပ်အစုတ်ကလေးကို ဟိုလှန်ဒီလှန်ဖြင့် မေးလိုက်ပြောလိုက် လုပ်နေသည်။ ဆရာကြီး၏ စာအုပ်ပဲ ဖြစ်မည်။
"ဒါနဲ့ …. အဘ ဒီပညာရေးမှူးရုံးကို ဘာနဲ့လာသလဲ" "ဆိုက်ကားနဲ့လာတာမြေးရယ် …. အဘရဲ့ မိတ်ဟောင်း ဆွေဟောင်းတွေ တွေ့လိုတွေ့ငြားပေါ့"
"မိတ်ဆွေတွေ တွေ့တော့ရော အဘမှ မမြင်တာ ဘယ်လိုလုပ်နှုတ်ဆက်မလဲ အဘရဲ့"
မိန်းကလေးရယ်မောရင်း ဆရာကြီးကို ပြောသည်။
"အဘက သူတို့ကိုမမြင်ပေမယ့် သူတို့က အဘကို မြင်မှာပေါ့ မြေးရယ် .."
"အို" …။ ဆရာကြီး၏ အဖြေကြောင့် ခိုင်မာရင်ထဲ နင့်သွားသည်။ ထိုင်ရာမှ ထရင်း အနားသို့ လျှောက်သွားမိသည်။
"ဒီအထက်တန်းကျောင်းကြီးမှာ ဆရာကြီးရဲ့ တပည့်အထက်တန်းပြ ဆရာ ဆရာမတွေ ရှိတယ်။ ဆရာကြီးဂုဏ်ယူတယ်။ အခက်အခဲတွေ ရှိပေမယ့် မတောင်းပါဘူးကွာ … ကိုယ့်ကြောင့်သူတို့ ဂုဏ်ငယ်မှာ စိုးတယ်။ သူတို့ အိမ်တွေကျတော့ ဆရာကြီးက မသိဘူး၊ ဒါကြောင့် ဒီကိုလာတာလေ …. အကူအညီရလိုရငြားပေါ့ကွယ် …။ ဆရာကြီးရဲ့ ဇနီးက ချော်လဲထားတာ မထနိုင်ဘူး၊ အဲဒါဆေးကုချင် တယ်…သူက မျက်စိမြင်တော့ နေကောင်းမှ သွားနိုင်လာနိုင်မယ်လေ"
ဆရာကြီးက စကားကို ခဏရပ်ထားသည်။ ခိုင်မာရင်ထဲမှာ မွန်းကြပ်နေသည်။
"ခု … ဘတို့ ဘယ်မှာနေလဲဟင် … " သိချင်ဇောဖြင့် ဝင်မေးလိုက်သည်။
"အရင်တုန်းက တူမ တစ်ယောက်အိမ်မှာ နေတယ်ကွယ်။ သူတို့က သိပ်မကြည်ဖြူလို့ ခု .. မြို့ထဲက (…) ထဲမှာနေတယ်…။
"အို"
နှစ်ပေါင်းများစွာ ပညာပါရမီ ဖြည့်ဆည်းပေးခဲ့သော ဆရာကြီး၊ နာပေါင်းအသေင်္ချေဖြင့် ကလေးများကို ပြုစုခဲ့သူ…ဘယ်လိုဝဋ်ကြွေးတွေကြောင့် ဒီဘဝမျိုးတွေ ကြုံရသလဲလို့ ဝဋ်ကြွေးရှိရင် ကြေပါစေလို့ ဆရာကြီးအတွက် ဆုတောင်းနေမိသည်။
ရင်ထဲမှာ…. ငါ့အဘိုးဖြစ်ခဲ့ရင် … ငါ့အဖေဖြစ်ခဲ့ရင် … ငါကိုယ်တိုင် ဖြစ်ခဲ့ရင်လို့ ခံစားတွေးနေမိသည်။
တစ်ယောက်စ နှစ်ယောက်စနှင့်အနားမှာ ဆရာများများလာသည်။ ဆရာကြီးတစ်ဦးက ရုံးခန်းထဲမှ ကုလားထိုင်တစ်လုံးကို ယူလာပေးပြီး ဆရာကြီးကိုထိုင်စေသည်။ ဒီအကြံကို ခိုင်မာမတွေးမိ။ ကုလားထိုင် ယူလာပေးပြီး ထိုင်စေဖို့ သတိမရလို့ မိမိကိုယ်ကို အပြစ်တင်မိသည်။
ငွေစုနေတဲ့အဖွဲ့ တော်ကြာရောက်လာတော့မည်။ တို့စကားပြောရင်း စောင့်ကြတာပေါ့လို့ ဆရာကြီး တစ်ဦးကပြောသည်။
မထင်မှတ်ဘဲ အစီအစဉ်မရှိဘဲ မင်္ဂလာရှိသော ကန်တော့ပွဲလေးတစ်ခု ဖြစ်တော့မည်။ မည်မျှကောင်း လိုက်ပါသနည်း။
"ခိုင်မာ .. ညည်းတို့အဖေ ဦးခင်ရွှေကို ဆရာကြီး သိနိုင်တာပေါ့ … မေးကြည့်ပါလားလို့ ဆရာကြီး ဦးအေးသန်းက ပြောသည်။"
"ဗျို့ ကိုဇော်သွင် .. ကျွန်တော်လည်း တစ်နေ့ကျ ဒီလို အိုနာ၊ ဒီလိုပင်စင်စားဘဝနဲ့ ဒီလိုမကြုံဘူးလို့ မပြောနိုင်ဘူးဗျနော် …."
ပေါင်းချုပ် ကျောင်းအုပ် ဦးခင်မောင်သွင်က ရွာသစ်ကုန်း ကျောင်းအုပ်ကြီးကို လှမ်းနောက်သည်။
သူတစ်ခွန်း ကိုယ်တစ်ခွန်းဖြင့် ဆရာကြီးနှင့် အဖွဲ့ကျကာ စကားပြောရင်း ပြောရင်း ဆရာကြီးမှာ လက်ရှိအခြေအနေကို မေ့နေပုံရကာ ကျောင်းအကြောင်း ဆရာအကြောင်းပြောရင်း ပျော်မွေ့နေပုံ ရသည်။
ထိုစဉ် ငွေစုနေသောအဖွဲ့ ပြန်ရောက်လာသည်။ ညောင်ဝိုင်းကျောင်းအုပ်ကြီး ဦးတင်ငွေက
"ကဲ .. ဆရာ ဆရာမတို့ ဒီမှာ … လူကလည်း သိပ်မစုံဘူးဗျ။ ရှိတဲ့လူတွေ အလှူခံခဲ့တာ … စုစုပေါင်း ၅၉၅ိ / - ရတယ် .. ကျွန်တော်တို့ရဲ့ ကုသိုလ်ပေါ့ဗျာ … ဆရာကြီးကို ကန်တော့ရတာပေါ့ …" ဟု ပြောတော့
"ဦးတင်ငွေပဲ ဆရာကြီးလက်ထဲထည့်ပါ" ဆရာများက ဝိုင်းပြောကြသည်။
ဆရာကြီးကတော့ မမြင်ရသော မျက်လုံးလေးများဖြင့် ဟိုကြည့် ဒီကြည့်လုပ်နေသည်။
"ကဲ … အဘ အဲ … ဆရာကြီးခင်ဗျား …. ကျွန်တော်တို့ မြေးတပည့် ဆရာ ဆရာမများက ဆရာကြီးကို ဆေးဖိုးဝါးခ လှူပါတယ် … ဆရာကြီး လိုသလို သုံးပါခင်ဗျား …" ဟု ရိုသေစွာ လက်ထဲသို့ ထည့် သည်။ ဆရာ ဆရာမများအားလုံး အတွေးကိုယ်စီနှင့် တိတ်ဆိတ်နေကြသည်။
"ငါ့မြေးတို့ ဘုန်းကြီးပါစေ .. သက်ရှည်ပါစေ … ကွယ်။ လိုရာ ဆန္ဒပြည့်ကြပါစေ"။
အဘက တုန်တုန်ယင်ယင်နှင့် ဆုပေးသည်။
"လစာ ထုတ်ပြီးပလား မြေးတို့ .."
"မထုတ်ရသေးဘူး အဘ" အဘ၏အမေးကို ဆရာမတစ်ဦးက ဖြေသည်။
"သြော် လစာမထုတ်သေးဘဲ ကန်တော့ကြတာကိုး" အဘက တစ်ဦးတည်း ညည်းသလို ပြောနေ သည်။
ခိုင်မာတို့ဆရာအဖွဲ့နှင့် အဘအခြေအနေကို လက်ထောက် ပညာရေးမှူး ဦးအောင်မြင့် ဘယ်အချိန်က ကြည့်နေသည် မသိ။ ကြည်နူးသော ကျေနပ်သော အပြုံးတို့ဖြင့် ဆရာကခေါင်းတညိတ်ညိတ်။
"အဘ .. ပိုက်ဆံတွေ အိတ်ထဲထည့်မှဖြစ်မယ်။ ဆိုက်ကားခ ထုတ်ပေးရင် မမြင်မစမ်းနဲ့ ထွက်ကျမယ်"
ဆရာကြီးတစ်ဦးက ပြောသည်။
အဘက သူ့ရှပ်အင်္ကျီအိတ်ထဲမှ အိတ်ကို ဆွဲထုတ်သည်။ လည်ပင်းတွင် ကြိုးနှင့်ချည်ထားသော အိတ်ရှုံ့ကလေး။ ဆရာကြီး ဦးအေးသန်းက အိတ်ရှုံ့လေးထဲသို့ ပိုက်ဆံများ ထည့်ပေးလိုက်သည်။
"ကဲ … ကဲ ဆိုက်ကားခေါ်ဟေ့" ဆိုတော့ နတ်ရေကန်ကျောင်းအုပ် ဦးမျိုးဆွေက ဆိုက်ကားခေါ်လာ သည်။ သိုင်းဝိုင်းလိုက်ကြသည့် ဖြစ်ခြင်း။ ကြင်နာလိုက်ကြသည့် ဖြစ်ခြင်း။ ဆရာဟူသော လူတန်းစား ၏နူးညံ့ခြင်းတို့ကို ခိုင်မာကြည်နူးရပါသည်။ ကြည့်စမ်းပါဦးလေ။ သည်လူတွေထဲမှာ လူချမ်းသာဟု မရှိ အကြင်နာတွေ၊ မေတ္တာတွေအတိုင်းအဆ မရှိ။ နူးညံ့လွန်းပါဘိ၊ သိမ်မွေ့လွန်းပါဘိ။
"ကဲ ဆရာကြီး .. လာ"
ဆရာကြီး ဦးအောင်သန်းနှင့် ဆရာကြီးတစ်ဦးက အဘ ဆရာကြီးကို ဘေးမှတစ်ဖက်စီ တွဲလျက် ဖြည်း ဖြည်းဆိုက်ကားပေါ်သို့တင်ပေးလိုက်ကြသည်။
ဆရာ ဆရာမအားလုံး အတွေးကိုယ်စီဖြင့် ရပ်ရင်းကြည့်ကျန်ရစ်ကြသည်။
သည်နေ့ ခိုင်မာတို့ပြုလိုက်သော အလှူပွဲလေးကို ကြည့်ပါဦး။ အခမ်းအနားမရှိ၊ ပကတိမြေတလင်း ဗာဒံပင်အရင်းမှာ၊ ပကာသနမရှိ၊ ဂုဏ်ဒြပ်မရှိ။ မေတ္တာတွေနဲ့ ပြည့်လျှမ်းနေသော စေတနာ စစ်စစ် အလှူပွဲ။ ကမ္ဘာ့မြေပံသု သက်သေမပြုလိုက်ရ၊ ရေစက်မချလိုက်ရ၊ ပီတိတိတ်တစ်ဆိတ်ကလေး။ မည် မျှယဉ်ကျေးလိုက်ပါသနည်း မည်မျှမင်္ဂလာ မည်လိုက်ပါသနည်း။
မိမိပြုရသောကုသိုလ်၊ ဘဝတူဆရာ ဆရာမများရဲ့ လောဘ ဒေါသ မောဟကင်းသော အဖြူစင် အသန့်ရှင်းဆုံး အပြုအမူ၊ အငြိမ်းချမ်းဆုံး အခမ်းအနားလေးကြောင့် ကြည်နူးမှုတွေ ခန္ဓာကိုယ်သွေး ကြောအနှံ့ ပျံ့နှံ့စိမ့်ဝင်နေသည်။ "အဲဒီလို အပြုအမူမျိုး၊ အဲဒီလို အကြင်နာမျိုးဟာ တို့များဆရာ ဘဝမှာ ပဲရှိရမယ် … ဆရာဆိုတဲ့ ဒေသမှာပဲ ရှိနိုင်မယ်။
"သိပ် ချစ်စရာကောင်းတဲ့ ဆရာ ဘဝ"
"သိပ်နှစ်သက်စရာ ကောင်းတဲ့ ဆရာဘဝ"
အတွေးတို့ဖြင့် ရင်ထဲမှာ ပဲ့တင်ထပ်မျှ ရေရွတ်နေမိသည်။
"ခိုင်မာ..ခိုင်မာ…အိုမျက်ရည်တွေနဲ့ပါလား…ဘာဖြစ်တာတုန်း ခိုင်မာရယ် … အစည်းအဝေး စတော့ မယ်"
"သြော် .. မမြင့်သိန်း ဟုတ်တယ် .. ခိုင်မာ ဝမ်းသာ တာလား၊ ဝမ်းနည်းတာလားဆိုတာ မသိတော့ဘူး အမှန်ကတော့ ဝမ်းသာမှုနဲ့ ဝမ်းနည်းမှုအပြိုင် လွန်ဆွဲကြတော့ နှလုံးသားက ဒဏ်မခံနိုင်တော့လို့ မျက်ရည်အဖြစ် ကျလာတာနေမှာ ….
ခိုင်မာ တိုးတိုး ပြန်ပြော မိသည်။ ဝမ်းသာစရာလား၊ ဝမ်းနည်းစရာလား ခိုင်မာမခွဲခြားတတ်သော်လည်း အဘဆရာကြီး ခွဲခြားတတ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်
နူးညံ့သိမ်မွေ့လွန်းသော အကြင်နာလက်တို့ဖြင့် ထွေးပွေ့ခြင်းကြောင့် သူ့ရင်ထဲမည်မျှ နွေးထွေးသွား သည်ကို သူသာ အသိဆုံး မဟုတ်ပါလား။
(ကန်တော့ပွဲ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသော ညောင်ဝိုင်း အ.မ.ကမှ ကျောင်းအုပ်ဆရာကြီး ဦးတင်ငွေနှင့် ကျောင်းအုပ်ဆရာကြီးများအား ဂုဏ်ပြုလေးစားစွာဖြင့်)
အေပရယ်ယုနိုင် (ရွှေတောင်)
*(၁၉၉၈ ခု အောက်တိုဘာလထုတ်၊ ပညာတန်ဆောင်မဂ္ဂဇင်းမှ)*

No comments:

Post a Comment