ဒီစာဟာ လူတိုင်းအတွက် မဟုတ်ဘူး။ ခေါင်းစဉ်ကိုဖတ်ပြီး မလေးတော့ မြန်မာပြည်ပညာရေးဘယ်လောက် ညံ့ဖျင်းအသုံးမကျတာတွေကို ရေးတော့မယ်လို့ ထင်ပြီး ကျေနပ်မည့်သူတွေ… ဆက်ပြီး မဖတ်ဖို့ တိုက်တွန်းလိုပါတယ်။
ဒီစာဟာ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်လေးတစ်ခုမှ ပေးနိုင်သမျှ ပညာလေးကို ရသလောက်ယူပြီး ဘဝကို တိုးတက်အောင် လုပ်ချင်တဲ့ သူတွေအတွက် ရေးတဲ့စာပဲဖြစ်တယ်။
ဒီစာဟာ ဖဘမှာ ရေးကြသော အတွေးတွေမှ အခြေခံလာတဲ့စာဖြစ်တယ်။ ဒီစာကိုရေးတဲ့အခါမှာ ဖဘမှာ မလေး ချစ်ခင်သော၊ လေးစားသော သူတွေရဲ့ စကားတွေ၊ ဆွေးနွေချက်တွေကို အခြေခံလို့ ရေးထားတာဖြစ်ပါတယ်။ သူတို့ပါဝင်ကော့မန့်ပေးတာကိုလည်း ဝမ်းသာရုံမက၊ ထိုသူတွေရဲ့ အမြင်တွေကို လေးစားပြီးသားလည်း ဖြစ်တယ်။ ထိုသူတွေရဲ့ ခံစားချက်တွေကိုလည်း နားလည်ပြီးသားလည်း ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ … ဒီစာဟာ မြန်မာပြည် ပညာရေးကို ကောက်ရိုးတစ်မျှင်လို ဖမ်းဆုပ်ပြီး ကြိုးစားနေကြတဲ့ လူငယ်တွေကို မြန်မာပြည်ပညာရေးဟာ လူတွေနိမ့်ချပြောနေသလောက် မနိမ့်ကျဘူးဆိုတာကို ပြောချင်တဲ့စာ၊ အလွန်ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်ကနေ ရသလောက်ပညာကို ရသလောက်ယူဖို့ ထောက်ခံအားပေးတဲ့ စာပဲဖြစ်တယ်။
ငယ်စဉ်ကတည်းက နားရည်မဆန့်အောင် ကြားခဲ့ရတဲ့ စကားကတော့ မြန်မာပြည်ပညာရေးဟာ သုံးစားလို့မရဘူး၊ အဆင့်မမှီဘူး၊ ဒီပညာရေးနောက်ကို လိုက်ရင် ခွေးဖြစ်မှာပဲ ဆိုတဲ့ စကားတွေ ပဲဖြစ်တယ်။ ပြောသူတွေဟာ ဘကြီး၊ ဦးကြီးတွေပါ အပါအဝင်ဖြစ်တယ်။ ဒါပေမယ့် သူတို့ဟာ ဒီပညာရေး ဘယ်လို အသုံးမကျတာလဲ၊ ဘယ်လိုအဆင့်မမှီနေတာလဲ၊ ဘယ်လိုခွေးဖြစ်မှာလဲ ဆိုတာကို တိတိကျကျ ဆက် မပြောတတ်ကြဘူး။
ပညာရေးစနစ်မကောင်းဘူး၊ ဟုတ်ပြီ… ဘယ်လိုမကောင်းတာလဲ၊ ဘာမကောင်းတာလဲ၊ ဘယ်လိုကောင်းစေချင်တာလဲ၊ ဘာကိုပြင်ကြမလဲ၊ ဘယ်လိုပြင်ကြမလဲ၊ ဘာဖြစ်ချင်ကြတာလဲ၊ ဘယ်သူက ပြင်ရမှာလဲ၊ ဘယ်လိုပြင်ရမှာလဲ……. ဆိုတာကိုတော့ ဆက်ပြောလေ့ မရှိကြပါဘူး။
ကျမရဲ့အမြင်မှာတော့ မြန်မာပြည်ပညာရေးက လူတွေပြစ်ပြစ်နှစ်နှစ် ဝေဖန်နေသလောက် မနိမ့်ဘူး။
ဒီပညာတွေနဲ့ ပြည်တွင်းမှာသာမက နိုင်ငံခြားတိုင်းပြည်တွေမှာ ကောင်းရောင်းကောင်းဝယ် လုပ်စားနေသူတွေ အများကြီး ဖြစ်ပါတယ်။ မြန်မာပြည် အပြင်ရောက်တဲ့အခါမှာ.. နိုင်ငံခြားပညာဆက်မသင်ဘဲ မြန်မာပြည်ကဘွဲ့တွေနဲ့ တစ်နှစ်ဒေါ်လာသိန်းကျော်ရနေသူတွေ အများကြီးရှိပါတယ်။
မယုံမရှိပါနဲ့။
တစ်ခါတစ်လေကျတော့ လူတွေဟာ ကိုယ်မဖြစ်(သေး)တော့ သူများလည်း မဖြစ်လောက်ဖူးလို့ ထင်တတ်ကြတယ်။ နာမယ်တွေနဲ့တော့ ပြောလို့ မဖြစ်လို့ပါ။
မြန်မာပြည်က ပညာရေးတို့ ဘွဲ့တို့နဲ့ နိုင်ငံခြားတွေမှာ နိုင်ငံခြားဒေါ်လာငွေ သိန်းချီရနေသူတွေ အများကြီး ရှိနေတာကို မယုံပါဘူးဆိုတဲ့ စကား၊ အဲသလိုလူ လေးငါးခြောက်ယောက်ပဲ ပြပါဆိုတဲ့ မေးခွန်းကို ကြားလိုက်ရချိန်မှာတော့… “မြန်မာပြည်ပညာရေးဟာ သုံးစားမရအောင်ဖြစ်နေပြီ” ဆိုတဲ့ ကိုယ့်အသားကို ကိုယ်ပြန်မွှန်းထားလို့ ဖြစ်နေတဲ့ဒဏ်ရာဟာ ဘယ်လောက်ထိနက်နေပြီလဲ ဆိုတာကို သိလိုက်ရတယ်။
မြန်မာပြည်က သင်ပေးလိုက်တဲ့ ပညာတွေနဲ့ စင်္ကာပူမှာ အလုပ်လုပ်နေကြသော မြန်မာပညာတတ်များ၊ အနောက်နိုင်ငံတွေမှာ အလုပ်ကိုင်ကောင်းကောင်းနှင့် လုပ်နေကြသော ပညာတတ်များစွာ ရှိပါတယ်။ သိန်းချီမရသေးဘူးဆိုရင်တောင် သိန်းဂဏန်းကပ်ပြီး ရနေသူတွေ အများကြီးဆိုတာ တွေးကြည့်ရုံနဲ့ သိနေတယ်။ အမေရိကန်က ဆေးရုံတစ်ရုံမှာ သူငယ်ချင်းဆရာဝန်မတစ်ဦး မြန်မာပြည်မှဘွဲ့ဖြင့် ဒေါ်လာသိန်းချီရနေရုံမက “Doctor of the Year” ရသွားပါတယ်။ (ဥပမာပေးတာပါ - ဆရာဝန်ဖြစ်မှ လူဖြစ်တယ်ဆိုတာလည်း ခေါင်းထဲစွဲမသွားစေချင်ဘူး၊ ကမ္ဘာမှာ အောင်မြင်ကြော်ကြားနေသူတွေတိုင်း ဆရာဝန်မှ အင်ဂျင်နီယာမှ မဟုတ်ပါဘူး) အဲသလိုမျိုး နိုင်ငံခြားမှာ မြန်မာပြည်က အခြေခံပညာတွေနဲ့ ထမင်းစားနေပြီးတော့ ဒေါ်လာတွေရနေတာကိုတောင်မှ ဖိနပ်ဖိုးလောက်တောင်မရှိတဲ့ တစ်လကိုအခွန်ဒေါ်လာလေး ငါးဆယ် တိုင်းပြည်ကို ပြန်မပေးချင်တဲ့၊ တွန့်တိုတဲ့စိတ်ဓာတ်တွေကိုလည်း ပြင်သင့်ခဲ့ပါတယ် (ခုတော့… မလိုအပ်တော့ပါဘူး)။
ဒီလိုလူတွေဟာ လူနည်းစုဖြစ်ရင်ဖြစ်မယ်၊ အဲသလိုလူတွေဟာ စစ်တပ်တို့ အစိုးရတို့နဲ့ သက်ဆိုင်မှုမရှိဘူး၊ မိမိရလာတဲ့ ပညာရေးကို မိမိအတွက် အကျိုးရှိအောင်အသုံးချပြီး ကောင်းအောင်လုပ်သွားသူတွေရဲ့ အစွမ်းအစပဲဖြစ်တယ်။ ဒီလိုလူတွေ မရှိနိုင်ပါဘူး၊ ဒါတွေမဖြစ်နိုင်ပါဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ကိုကိုယ် မရိုက်ချိုးပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ အဲသလိုလူတွေဟာ အမှန်တကယ်ရှိနေလို့ပဲဖြစ်တယ်။
ပြောချင်တာက မြန်မာပြည်ပညာရေးဟာ လူတွေပြောနေသလော သုံးစားမရတဲ့ ပညာရေး မဟုတ်နေဘူးဆိုတာပါပဲ။
မြန်မာပြည်က ပညာရေးဟာ အလကားပေးတဲ့ ပညာရေးဖြစ်တယ်။ အလကားရတဲ့ ပညာရေးမို့လို့ တန်ဘိုးမထားကြတာလား၊ အဆင့်မမှီတဲ့ ပညာရေးလို့ ထင်တတ်ကြတာလား။ အလကားရတဲ့ ပညာရေးမို့ ကိုယ်ကတန်ဘိုးမထားဘူး၊ မကောင်းပြောနေကြမယ်ဆိုရင် ကြိုးစားချင်တဲ့ လူတွေကိုလည်း discourage လုပ်ရာရောက်ပါတယ်။ တော်ရုံပညာသင်ချင်တဲ့ သူတွေကိုတောင်မှ ပညာသင်ချင်စိတ် ကုန်သွားစေပါတယ်။ ပညာသင်တာဟာ ဘွဲ့ရပြီး အလုပ်ရဖို့ မျှော်လင့်တာမျိုးတွေလည်း ရှိပါတယ်။ ရေချိုးပြီး အိမ်ပေါ်ကဆင်းလာတာနဲ့ ထမင်းစားပွဲမှာ ထမင်းဟင်းအဆင်သင့်ခူးခပ်ထား၊ ဇွန်းတပ်ထားပေးသလို အလုပ်ကအဆင်သင့်ရှိနေရမယ်ဆိုတဲ့ အတွေးမျိုးနဲ့ တက္ကသိုလ်က ဘွဲ့တစ်ခုကို သွားယူတယ်ဆိုရင်လည်း မှားတော့ မမှားပါဘူး။
ဒါပေမယ့် …. ကိုယ်က သူများခူးခပ်ထားတဲ့ထမင်း၊ ဇွန်းတပ်ထားတဲ့ ထမင်းကို စားချင်တာလား၊ အဲဒီထမင်းဟင်းတစ်ခွက်ကို ကိုယ်သင်ထားတဲ့ ပညာနဲ့ ကိုယ်တိုင်လက်နဲ့ ဖန်တီးယူချင်တာလား ဆိုတဲ့ အပေါ်မှာ ပညာသင်ကြားမှုတွေက မူတည်ပါတယ်။ ဒီဘွဲ့က အလကားပဲဆိုတဲ့ အတွေး၊ ဒီပညာရေးဟာ အလကားပဲဆိုတဲ့ အတွေးဟာ… ဘယ်ပေါ်မှာ မူတည်လဲ ဆိုရင်….
သူများတည်ထောင်ထားတဲ့ ကုမဏီမှာ ရလာတဲ့ဘွဲ့လက်မှတ်ကိုင်ပြီး အလုပ်ဝင်လုပ်ချင်တာလား၊ ကိုယ်ရလာတဲ့ဘွဲ့ကိုကိုင်ပြီး ကိုယ်တိုင်ကုမဏီ (သို့မဟုတ်) ဆိုင်ကလေးတစ်ခုခု ထောင်ကြည့်ချင်တာလား၊ တီတွင်ဖန်တီးမှု တစ်ခုခု ပြုလုပ်ချင်တာလား ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်….. ။
ဒီလို အလကားရတဲ့ ပညာရေးကို တန်ဘိုးထားတတ်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းအချို့လည်း ရှိပါတယ်။ အခြား ဒီမိုကရေစီတိုင်းပြည်တွေလုပ်တဲ့အတိုင်း ပညာသင်ယူသူတွေဆီက တန်ရာတန်ကြေးယူဖို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ လုပ်တာမျိုးပါ။ ထိုက်သင့်တဲ့ငွေကိုယူပြီး ထိုက်သင့်တဲ့ ပညာရေးကို ပြန်ပေးဖို့ လုပ်သင့်ပါပြီ။
နိုင်ငံခြားတိုင်းပြည်တွေမှာ ကိုယ့်ငွေနဲ့ကိုယ်ကျောင်းတက်ရသူတွေမှာ course တစ်ခုကို ဒေါ်လာထောင်ချီပေးရပါတယ်။ ကျောင်းနေစဉ် နေစရိတ်၊ စားစရိတ် မပါသေးပါဘူး။ အစိုးရက သနားလို့ အလကားကျောင်းထားပေးတဲ့ သူတွေ မပါပါဘူး။ အဲသလို ဒေါ်လာထောင်ချီပေးတက်ရတဲ့ ကျောင်းတွေနဲ့ course တွေကိုမှ တန်ဘိုးရှိတယ်လို့ ထင်တယ်ဆိုရင်…
မြန်မာပြည်မှာလည်း ကျောင်းသားတွေဆီက တန်ရာတန်ကြေးကောက်ပါ၊ ငွေယူပါ၊ အဲသလိုကျောင်းသားတွေဆီက တန်ရာတန်ကြေး ပညာသင်ကြေး စတင်ယူတာနဲ့ ကျောင်းမှာလိုနေတဲ့ စာအုပ်တွေ၊ ဓာတ်ခွဲခန်းပစ္စည်းတွေကို အလျှံပယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအခါကျရင်တော့ ပညာပေးတဲ့ အဖွဲ့အစည်းတွင်းမှ လူတွေကော၊ ပညာသင်ယူသူတွေပါ နှစ်ဘက်လုံးက လုပ်ရတော့မယ်။ ကျောင်းတက်နေရင်း အားအားရှိ ကင်တင်းထိုင်နေလို့ မရတော့ဘူး၊ မိန်းမအဆောင်တွေပဲ သွားလည်နေလို့ မရတော့ဘူး၊ မိန်းမအဆောင်တွေရှေ့မှာ တဒေါင်ဒေါင်တဒင်ဒင် လုပ်နေလို့ မရတော့ဘူး။ ဒီနိုင်ငံက ကျောင်းသားတွေလိုပဲ အလုပ်တဘက်နဲ့ ကျောင်းတက်ရပါတော့မယ်။ class ပြီးတာနဲ့ ရုပ်ရှင်သွားကြည့်၊ အင်းလျားကန်ဘောင်မှာ ရည်းစားနဲ့သွားဖို့နေနေသာသာ တက္ကစီ မောင်းသင့်မောင်းရတော့မယ်၊ ရေနံချေးလိုက်သုတ်သင့်သုတ်ရတော့မယ်။ အဲဒီအခါကျရင် ဒီမိုကရေစီဆိုတဲ့ တိုင်းပြည်တွေကလိုပဲ…… တက္ကသိုလ် မတက်နိုင်သူတွေ အများကြီးထွက်လာမယ်၊ စာမတတ်တဲ့သူတွေ အများကြီးထွက်လာမယ်၊ အဲဒီအခါကျ ဖြစ်လာတဲ့ အကျိုးအပြစ်တွေကိုလည်း ကိုယ်တွေကပဲ ခံစားရမှာ ဖြစ်ပါတယ်။
“ပညာကို သေချာကျက်မှဖြေတဲ့လူထက် ငွေပေးပြီးအမှတ်ပိုရသွားသူတွေ ရှိလာတဲ့အခါ ကလေးတွေရော မိဘတွေရောက ဖြတ်လမ်းလိုက်ချင်လာကြပြန်ရော”
ခင်မင်သော ဘလောဂါအစ်မတစ်ဦး ပြောတာ မှန်ပါတယ်။ အဲသလိုလုပ်ရပ်မျိုးတွေဟာ စာကြိုးစားသင်ချင်သူတွေကို discourage ဖြစ်စေတယ်။ ငွေရှိသူတွေကသာလျှင် အမှတ်ပိုရပြီးတော့ ဘဝအာမခံချက်ပိုပေးနိုင်မယ့် လိုင်းတွေထဲကို ဝင်သွားတာမျိုးတွေရှိတယ်။
ဒါပေမယ့် အဲသလိုလူတွေကို ကြည့်ပြီး ပညာသင်လိုသူတွေ စိတ်ဓာတ်မကျစေချင်ဘူး။ ဒီလူတွေဟာ တစ်နပ်စားပဲရမယ်။ တစ်နပ်စား မဟုတ်ဘူးဆိုရင်လည်းပဲ… ဒီလူတွေဟာ ကိုယ်တကယ်တော်လား တတ်လားဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံးဖြစ်ပြီး၊ ကိုယ့်လိပ်ပြာကိုယ်မသန့်သူတွေအနေနဲ့ တစ်သက်လုံးနေသွားရမှာပဲ ဖြစ်တယ်။ ကိုယ်က ဒါကို ခံစားနေပြီး၊ မကျေနပ်ဘဲ အရွဲ့တိုက်လို့ လက်ဘက်ရည်ဆိုင်မှာပဲ ထိုင်၊ ဒူးနှံ့၊ ဖြတ်သွားတဲ့ မိန်းကလေးတွေကို မျက်လုံးကြွတ်ကျမတတ်ကြည့်၊ ပါးစပ်သရမ်း၊ အဆောင်ပေါ်တက် ဖဲချ၊ ဆေးမူး၊ အရာရာကို ဆိုးတဲ့ဘက်က မြင်ရင် ကိုယ်ပဲခံရမှာဖြစ်ပါတယ်။
ဒီလိုလူမျိုးတွေဟာ တိုင်းပြည်တိုင်းမှာ ရှိနေမှာပဲ။ ဒီဘက်တိုင်းပြည်တွေမှာဆိုရင် ငွေရှိ၊ ဂုဏ်ရှိသူတွေကို ပရိုဖက်ရှင်နယ်လိုင်းတွေထဲကို ဘယ်လိုခေါ်ယူသွားသလဲဆိုရင်….
ဥပမာ.. တရုတ်လူမျိုးတွေဟာ စာကြိုးစားတယ်၊ academically ပိုသာတယ်။ ဒါပေမယ့် ပရိုဖက်ရှင်နယ်လိုင်းထဲကို စာတော်တိုင်းသာဝင်ကြေးဆို တရုတ်လူမျိုးတွေချည်းပဲ ဝင်ကုန်မှာဖြစ်တယ်။ ဒါကို ဘယ်လိုကာကွယ်တဲ့ အနေနဲ့ ငွေတောင်ပေးစရာမလိုဘဲ အထက်တန်းလွှာတွေကို ဘယ်လိုမျိုး အသာလေး ခပ်ယူသွားလည်းဆိုရင်… ကျောင်းသားတစ်ဦးဟာ စာအုပ်ထဲက စာပဲ တော်နေလို့ မရဘူး၊ စန္ဒယား၊ ဂီတ၊ တယော၊ တောင်တက်၊ ကြက်တောင်၊ တင်းနစ်၊ ရေကူး၊ ဟောကီ၊ ဘောလုံး၊ အထွေထွေလှုမှုရေး၊ အဲဒါတွေ အကုန်လုပ်နိုင်သူတွေမှ အမှတ်တွေပိုရပြီး ပရိုလိုင်းတွေထဲ ကို ဆွဲထည့်ပါတယ်။ သာမန်လူတန်းစား ကလေးတွေက မလုပ်နိုင်ပါဘူး။ မိဘတွေက အလုပ် နှစ်လုပ်၊ သုံးလုပ်လုပ်နေရတယ်။ စနေ-တနင်္ဂနွေတွေမှာ ကလေးတွေကို စန္ဒယား၊ ဂီတ၊ တယော၊ တောင်တက်၊ ကြက်တောင်၊ တင်းနစ်၊ ရေကူး၊ ဟောကီ၊ ဘောလုံး လေ့ကျင့်တာတွေကို မပို့နိုင်ဘူး။ တန်ရုံသင့်ရုံလောက်နဲ့ ဘဝကို ဖြတ်သန်းသွားတဲ့ ကလေးတွေဟာ ပရိုဖက်ရှင်နယ်လိုင်းတွေထဲကို စာတော်ရုံနဲ့ ရောက်မသွားပါဘူး။ ဆင်းရဲသော third world တိုင်းပြည်ကလူတွေကို တစ်ယောက်စ နှစ်ယောက်စ အယောင်ပြလေး ထိုပရိုဖက်ရှင်နယ်ကျောင်းတွေထဲကို ဝင်ခိုင်းထားတာဟာလည်း သူတို့ သိပ်သဘောကောင်းနေတာမဟုတ်ဘဲ၊ သူတို့ရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်ပါတယ်။
နိုင်ငံခြားတက္ကသိုလ်တွေမှ ဆရာ-ဆရာမတွေဟာ genius တွေ မဟုတ်ပါဘူး၊ ဝိဇ္ဖာဇော်ဂျီတွေလည်း မဟုတ်ပါဘူး၊ “ဟပ်ချလောင်း” ဆိုပြီး လူတော် လူတတ်တွေကို မွေးထုတ်ပေးလိုက်ကြတာလည်း မဟုတ်ပါဘူး။ နည်းလမ်းလေးပဲ ပြပေးလိုက်တာပါ။ ကိုယ့်ဟာကိုယ် discussion တွေဝင်၊ ကိုယ့်ဟာကိုယ်တွေးပြီး ကိုယ့်ဟာကိုယ် ရေးကြရတာပါ။ ကြိုးစားချင်သူတွေဟာ ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ်တိုင်ကြိုးစားသင်ယူကြသူတွေသာဖြစ်ပါတယ်။ နိုင်ငံရပ်ခြားက ပညာတွေ၊ သင်ရိုးညွှန်းတမ်းတွေဆိုတာလည်း လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းကတည်းက ရှိခဲ့တာ မဟုတ်ပါဘူး။ သူတို့လည်း တဖြည်းဖြည်း မြှင့်တင်လာကြရတာဖြစ်ပါတယ်။ မိန်းမတွေ တက္ကသိုလ်ဝင်းထဲတောင် ဝင်ခွင့်မရှိခဲ့တာ ဗာဂျီးနီးယားဝံပုလွေတို့ ခေတ်ကို ကြည့်ပါ။ အဲဒီတုန်းက သူတို့ဘာတွေလုပ်ခဲ့လဲ။ အချို့အတွေးအခေါ်တွေ၊ ပညာတွေဟာ ခုနောက်ပိုင်းတွေမှ ပေါ်လာတာကို စာအုပ်တွေထဲ ချပြလာကြတာဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ကြီးတွေမှာ၊ စက်မှုတက္ကသိုလ်ဝင်းတွေထဲကို တစ်ခါလောက် သွားကြည့်ပါ။ မီးတွေဟာ ထိန်ထိန်ငြီးနေပါတယ်။ စက်မှုတက္ကသိုလ်ဝင်းဘေးက ရပ်ကွက်တွေသာ မီးပြတ်ရင်ပြတ်ပါမယ်၊ အမှောင်လေးထဲမှာ ထိုင်ရင်ထိုင်နေရမယ်။ စက်မှုတက္ကသိုလ်ဝင်း တော်ရုံမီးမပြတ်ခဲ့ပါဘူး။ ရေ၊ မီး အဆင်သင့် ဖြစ်ပါတယ်။ တက္ကသိုလ်အဆောင်တွေနဲ့ ထမင်းဟင်းတွေဟာ အလကားနီးပါး စားရတာပါ။ အလကားစားရလို့ မကောင်းဘူးထင်တယ်ဆိုရင်လည်း ကိုယ်တိုင်ရွေးချယ်ခွင့် ရှိနေကြတာပဲ မဟုတ်ပါလား။ အဲသလို ဆင်းရဲလွန်းလှတဲ့ တိုင်းပြည်လေးကနေ မီးထိန်ထိန်ငြီး တက္ကသိုလ်ဝင်းတွေထဲ က တက္ကသိုလ် ကျောင်းသားတွေ ရေ မီးအဆင့်သင့်အတွက် ဘယ်သူတွေက ထောက်ပံ့နေတာပါလဲ။ လယ်သမားတွေ၊ ပြည်သူလူထုတွေဖြစ်ပါတယ်။ ကျောင်းကြီးနဲ့ကပ်ရပ်က ရပ်ကွက်တွေမှာ ရေမလာ၊ မီးမလာ အမှောင်ထဲမှာ ဆီမီးခွက်လေးတွေ ဖယောင်းတိုင်လေးတွေနဲ့ ထိုင်နေကြချိန်မှာ မာလာ၊ အင်းလျား၊ မီးတွေထိန်ထိန်ငြီးလို့… ကျောင်းသားတွေကလည်း မိန်းမအဆောင်တွေရှေ့ ဂစ်တာတဒေါင်ဒေါင်နဲ့ ပါတီအသေးစားလေးတွေ ဆင်နွှဲနေနိုင်ကြပါတယ်။
ထိုပညာတတ်တွေဟာ ဘွဲ့တွေရပြီး တိုင်းပြည်အပြင်ရောက်ကာမှ ကိုယ်သင်ခဲ့တဲ့ကျောင်းနဲ့ ပညာရေးကို တံတွေးပြန်ထွေးတဲ့ အဖြစ်မျိုးဖြစ်လာတဲ့အခါမှာ… နောက်ပိုင်းဂျင်နရေးရှင်းတွေအနေနဲ့ ထိုသူတွေလုပ်သလို မလုပ်မိအောင်၊ သူတို့လျှောက်တဲ့လမ်း ထပ်မလျှောက်မိအောင် ကိုယ့်တာဝန်ပဲ ကိုယ်ယူသင့်ပါတယ်။
ကျမပတ်ဝန်းကျင်မှာ ပညာတတ်ရှေ့နေကြီးတစ်ဦးရှိပါတယ်။ သူဟာ မြန်မာပြည်မှာ ရှေ့နေဘွဲ့တွေရရှိပြီး မြန်မာအစိုးရက ပညာတော်သင် လွှတ်ခံထိသူဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံသားတရုတ်အမျိုးသားတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ပညာတော်သင်လွှတ်တဲ့တိုင်းပြည်မှ ပညာတွေဆက်သင်ပြီးနောက် မြန်မာပြည်ကို မပြန်တော့ဘဲ၊ နိုင်ငံခြားတွေမှာ လုပ်ကိုင်စားသောက်ရင်း ကြေးရတတ်တစ်ဦးဖြစ်သွားပါတယ်။ အခုတော့ စင်္ကာပူနိုင်ငံမှာ အခြေချနေပါတယ်။ သူ့ကို ညစာထမင်းစားပွဲတွေမှာ ဗမာတွေဟာ ဂုဏ်သရေရှိလူကြီးမင်းအဖြစ်နဲ့ ဖိတ်ကြားအည့်ခံလေ့ရှိတယ်။ သူ ကနေဒါကို အလည်လာပြီဆိုရင် သူ့အရွယ်လူကြီးများမှာ နေစရာမရှိအောင် ဟိုအိမ်ဒီအိမ်မှာ ဝိုင်းပြီးဖိတ်ကြပါတယ်။ ထိုရှေ့နေကြီးဟာဆိုရင် ညစာစားပွဲတွေမှာ မြန်မာပြည်အလွန်ညံ့ဖျင်းကြောင်းနဲ့ မြန်မာပြည်ပညာရေးကို ပက်ပက်စက်စက် နှိမ်ချပြောလေ့ရှိတယ်။ အဲဒါကိုလည်း ဗမာတွေက ခေါင်းငုံ့နားထောက်နေရုံမက သဘောတူထောက်ခံနေတာကို မြင်ရလေ့ရှိတယ်။ ထောက်ခံနေရုံမက ထိုရှေ့နေကြီးအရွယ် အခြားလူကြီးများကိုယ်တိုင်က မြန်မာပညာရေးကို အာဘောင်အာရင်းသန်သန် talk down လုပ်ကြလေ့ရှိတယ်။ ခက်တာက ထိုရှေ့နေကြီး ထမင်းစားနေတာ သူ့ကိုသင်ပေးလိုက်တဲ့ သူ talk down လုပ်နေတဲ့ ပညာရေးပဲ မဟုတ်ဘူးလားလို့ ဘယ်သူကမှ မေးခွန်းပြန်မထုတ်ကြတာပါပဲ။ နောက်ဆုံးတော့ မနေနိုင်လွန်းသူ မိအိမ်ချမ်းမြေ့ကပဲ မျက်စိမျက်နှာပျက်ဝိုင်းကြည့်နေကြတဲ့ အကြီးတွေ၊ ဦးကြီးတွေနဲ့ ခပ်လှမ်းလှမ်းမှ မျက်နှာရိပ်မျက်နှာကဲပြနေတဲ့ မိခင်ကြီးကို မသိကျိုးကျွံပြုရင်း၊ ကိုယ့်ထက် အသက် သုံးဆယ်ကျော်နီးပါးကြီးသူကို မေးခွန်းထုတ်မိပါတော့တယ်။ ထိုနေ့ကစပြီးတော့ ထိုဂုဏ်သရေရှိရှေ့နေကြီးလည်း အခြားညစာစားပွဲတွေမှာတွေ့တဲ့အခါ.. စာရေးသူကို စကားမပြောတော့ပါဘူး။
မြန်မာပြည်ပညာရေးဟာ အသုံးမကျတဲ့ ပညာရေးပဲလို့ ပြောသူတွေဟာ… အနှစ်နှစ်အလလ သင်ရိုးညွှန်းတမ်းရေးဆွဲသူတွေ၊ ဆရာသမားတွေကိုလည်း စော်ကားရာ ရောက်ပါတယ်။ မိမိရဲ့ failure ကို တစ်စုံတစ်ရာရဲ့ failure ဖြစ်တယ်လို့ လက်ညှိုးထိုး scape goat လုပ်ခြင်းပဲ ဖြစ်တယ်။ မိမိရဲ့ မခိုင်လုံတဲ့ ထိုးနှက်ချက်ဟာ နောက်ဆုံးတော့ မိမိရဲ့ နောင်လာနောင်သားတွေကိုပဲ ပြန်လည်ထိုးနှက်နေရာကျတယ်။ စာကြိုးစားချင်သူတွေတောင် စိတ်ဓာတ်ကျသွားပြီး ပညာနောက်ဆက်မလိုက်စေအောင် လုပ်နေသူ၊ ပြောနေသူတွေဟာ တစ်ကယ်ဆိုရင် ဒီပညာရေးအသုံးမကျအောင် လုပ်နေတဲ့ တာဝန်ရှိသူတွေအထဲမှာ ကိုယ်တိုင်ပါဝင်နေသလားဆိုတာကို စဉ်းစားစရာဖြစ်နေပြီ။
မြန်မာရုပ်ရှင်တွေဟာလည်း တက္ကသိုလ်ဆိုတာ ပညာသင်ကြားရာ နေရာတစ်ခုဆိုတာထက်… ရည်းစားထား ကြင်ယာရှာ၊ ဒါမှမဟုတ် ရုတ်ရုတ်ရုတ်ရုတ်နဲ့ ခေါင်းပုတ်ဘာပုတ် ပျော်နေကြတဲ့နေရာ၊ “ကောလိပ်ဂျင်တွေ” စုဝေးရာနေရာ၊ “ကျောင်းဆွေးတွေ” စုဝေးရာနေရာတွေအဖြစ် တဂျိန်းဂျိန်းကို သရုပ်ဖော် ရိုက်ကူးနေတာတွေကိုလည်း ရပ်သင့်ပါပြီ။ လူငယ်တွေအနေနဲ့ တက္ကသိုလ်တက်ရတော့မယ်ဆို ဒါလုပ်ဖို့လားလို့ မြင်တော့တာပဲ။ “ကျောင်းထဲ သွားကဲ ဦးမယ်” ဆိုတဲ့ အတွေးကို နုနယ်တဲ့လူငယ်တွေရဲ့ ခေါင်းထဲ ရိုက်ထဲ့တဲ့ ထိုရုပ်ရှင်ဂီတများကို ဖန်တီးသူတွေဟာလည်း အခုလို အသုံးမကျတဲ့ မြန်မာပြည်ပညာရေးကို ပိုအသုံးမကျအောင် လုပ်နေသူတွေထဲမှာ ပါဝင်နေသလားဆိုတာလည်း စဉ်းစားစရာဖြစ်နေပါပြီ။ ကျမ လက်လှမ်းမှီသလောက် ကနေဒါရဲ့ တက္ကသိုလ်၊ ယူနီဗာစီတီများကို အလွမ်းအဆွေး သီချင်းများရေးဖွဲ့လို့ အလွမ်းဆွေးရုပ်ရှင်များ ရိုက်ပြသည်မှာ ယခုထိတော့ မကြားဖူး၊ မမြင်ဖူးသေးပါ။
ရန်ကုန်ကျောင်းထဲမှာ စာကြည့်တိုက်ကြီးတွေရှိတယ်၊ ဓာတ်ခွဲခန်းတွေရှိတယ်။ ဒါတွေကို အသုံး ချမှု - မချမှုဟာလည်း ကိုယ်တွေအပေါ်မှာပဲ မူတည်နေပါတယ်။ ပညာကို ကောင်းကောင်းမသင်ဘဲ လက်ဘက်ရည်ဆိုင်တွေမှာ ဒူးလေးနှံ့ပြီး ဖြတ်သွားသမျှ မိန်းကလေးတွေကို ပါးစပ်သရမ်း၊ အဆောင်မှာ ဖဲချ၊ မူး၊ ရည်းစားတွေထား အသည်းတွေကွဲ၊ စီးရီးထုတ်၊ ရုပ်ရှင်ရိုက်၊ ကောလိပ်ဂျင်ဆိုပြီး ဂျင်ကျ၊ ကျောင်းစာကလွဲလို့ အကုန်စိတ်ဝင်စား….. ဒါ့အပြင်… တက္ကသိုလ်ကျောင်းသူအချို့ဟာလည်း ဘတ်စ်ကားစီးပြီး ကျောင်းမတက်ဖူးဘူး ဆိုတာကို ဂုဏ်ယူ၊ လက်သည်းရှည်ပျက်မှာစိုးလို့ အိမ်မှာ အာလူးတောင် မနွှင်ဖူးဘူး/ မနွှင်ရဘူး စသော…. တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ ထံမှ “မြန်မာပြည်ပညာရေးသည် အသုံးမကျသော ပညာရေးဖြစ်ပါသည်” ဆိုတဲ့ စကားတွေကို လူငယ်တွေ သွားပြီး နားမယောင်ပါနဲ့။ အရှေ့မှာ လက်ချာပေးနေတာကို စိတ်မဝင်စားဘဲ အရှေ့ကဆရာကသင်၊ နောက်မှာက မိန်းမတစ်ယောက်ယောက်အနားကပ် ကျူ၊ မြှားတွေထဲမှာ ကဗျာတွေရေး၊ ရည်းစားစာတွေရေးပြီး ဟိုပေါက်ဒီပေါက်လုပ်နေတဲ့ ကျောင်းသားတွေရဲ့ နှုတ်က “မြန်မာပြည်ပညာရေးသည်ေ-ာက်သုံးမကျသော ပညာရေးဖြစ်ပါသည်” ဆိုတဲ့ စကားတွေကို ပညာကိုတန်ဘိုးထားသင်ယူလိုသော-သင်ယူနေသော လူငယ်တွေ သွားပြီး နားမယောင်ပါနဲ့။
အဲသလို…. လက်သည်းပျက်မှာစိုးလို့ အာလူးတောင် မနွှင်ဖူးဘူးဆိုတဲ့ ကျောင်းသူများ၊ လက်အလှပျက်မှာစိုးလို့ ကိုယ့်ခြံထဲက ပန်းကိုတောင် မစိုက်တတ်ဘူးဆိုတဲ့ အသက် ၂၀နီးပါး အမျိုးသမီးများနေရာမှာ… ပညာကိုကြိုးစားသင်ချင်သော ကလေးမလေးတွေဟာ (ဘယ်တိုင်းပြည်ကပဲဖြစ်ဖြစ်) အသက် ၇ နှစ် ၁၀ နှစ်လောက်တွေမှာ.. မုန့်ဖုတ်တတ်ရုံမက၊ အိုးပါ ဖုတ်တတ်နေသူတွေ ရှိနေပြီ။ ဒါတွေဟာ ပညာရေးပဲ ဖြစ်ပါတယ်။ စာအုပ်ထဲကမှ ပညာရေးမဟုတ်ဘူး၊ ပြောတတ်ဆိုတတ်တွေးတတ်တာလည်း ပညာရေးပဲ ဖြစ်ပါတယ်။
ကျောင်းပြေး၊ ဂစ်တာတီး၊ မိန်းမတွေကိုစိတ်ဝင်စား၊ ဆေးမူး၊ ဘိန်းချ၊ ဖဲချသော ကျောင်းသားများနဲ့ အသက်၂၀ရောက်နေတာတောင်မှ survival skills မရှိလို့ ဘတ်စ်ကားတောင် မစီးတတ်တာကို ဂုဏ်ယူ၊ ထမင်းဟင်းမချက်တတ်တာကို ဂုဏ်ယူနေတတ်တဲ့ ကျောင်းသူ-ကျောင်းသားတွေ စုနေတဲ့ တက္ကသိုလ်တစ်ခုမှာ ပညာရေးစနစ်ကြီး သူမတူအောင် ကောင်းနေဦး၊ ဆရာ-ဆရာမတွေဟာလည်း ဝိဇ္ဖာဇော်ဂျီတွေလို တစ်ဖက်ကမ်းခပ် တော်နေဦး… ပညာရေးဟာ အသုံးမကျဘူးဆိုတဲ့ အသံတွေပဲ ထပ်ခါတလဲလဲ ထွက်နေဦးမှာပါပဲ။
ပညာဆိုတာ ကျောင်းပြီး အလုပ်ရဖို့ဆိုတာထက် အများကြီးနက်နဲပါတယ်…
(နောက်တစ်ခုက စစ်တပ်က စစ်သားတွေ ပညာတတ်သွားမှာကို မကြောက်ပါနဲ့၊ တတ်ပါစေ။ သူတို့ ပညာများများတတ်မှ အတွေးခေါ်ဒီထက်ဒီထက်ကောင်းမှ သူတို့စစ်တပ်ရဲ့ဆိုးဝါးမှုတွေကို သူတို့ဖျောက်ဖျက်မြေလှန်မှာဖြစ်ပါတယ်။ သူတို့အတွေးအခေါ်ကျယ်ပြန့်လာမှုတွေ၊ ပညာတတ်လာမှုတွေ၊ organizational skills, interpersonal skills စတာတွေ တက်လာတာနဲ့အမျှ.. သူတို့စစ်တပ်ရဲ့ လိုအပ်မှု၊ ဆိုးဝါးမှုတွေကို အမြစ်ကလှန်ပြီး အကောင်းဆုံးပြုပြင်သွားနိုင်မှာ ဖြစ်ပါတယ်))
ဒါကြောင့်… ပညာသင်ကြားလိုသော်လည်း ကိုယ်သင်နေတဲ့ ပညာရေးဟာအသုံးမကျတဲ့ ပညာရေးဆိုပြီး စိတ်ဓာတ်ကျနေသူများအနေနဲ့…..
နိုင်ငံခြားက ပညာတွေ၊ သင်ပုံတွေ ကောင်းလှပါတယ်ပြောပြီး တိုင်းပြည်မှာ ဘယ်လိုပြန်အသုံးချပါလို့ အပြုသဘောနဲ့ ဘယ်သူပြောလာမလဲ ဆိုတာလည်း မမျှော်လင့်ကြပါနဲ့။ ရသမျှစာအုပ်ကိုဖတ်ပါ၊ စာကြည့်တိုက်တွေကိုသွားပါ၊ ဆရာတွေကို ချဉ်းကပ်ပညာယူပါ။ ဆရာအများစုဟာ အလွန်ပညာပေးချင်သူတွေဖြစ်ပါတယ်။ တော်ရုံဆရာဟာလည်း တန်စိုးလက်ဆောင်ကို မမက်မောပါ။ အင်တာနက်တွေပေါ်မှာ ပညာရှာမှီးပါ။ စာမကြိုးစားဘဲ ပိုက်ဆံပေးပြီး စာမေးပွဲအောင်သွားသူတွေကိုကြည့်ပြီး အရွဲ့မတိုက်ပါနဲ့၊ မကြေကွဲပါနဲ့၊ ကိုယ်ပဲခံရမှာဖြစ်ပါတယ်။ ပညာရေးဆိုးတာမဟုတ်ဘူး…လူတွေက ဆိုးတာဖြစ်တယ်၊ ဒါတွေကို ငါဖြတ်ကျော်မယ်ဆိုတဲ့ စိတ်မွေးပါ။ အသုံးမကျတဲ့ ပညာရေးဖြစ်ခဲ့ရင်တောင်မှ ကိုယ့်အတွက်အသုံးကျအောင် လုပ်ပါ။ ဒီပညာရေးအသုံးမကျဘူးဆိုပြီး ကိုယ့်ကိုကိုယ် brainwash မလုပ်ပါနဲ့၊ သူများကလာပြီး brainwash လုပ်တာလည်း မခံပါနဲ့။ လာပြောသူအတွက် အသုံးမကျပေမယ့် ငါ့အတွက်တော့ အသုံးကျရမယ်ဆိုတဲ့ စိတ်မွေးပါ။ စံမှီပြည့်စုံတဲ့ ပညာရေးစနစ်တစ်ခုဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။
လူ့အတွေးအခေါ်တွေပြောင်းနေတာနဲ့အမျှ ပညာရေးဆိုတာလည်း ပြောင်းနေမှာပဲ။ စံမှီပြည်စုံတဲ့ ပညာရေးတစ်ခုကို ထိုင်မျှော်နေလို့ကတော့ အရိုးဆွေးသွားရုံပဲရှိပါမယ်။ ဒါကြောင့် bad mouth လုပ်နေမယ့်အစား ရသမျှကို ယူပြီး ကိုယ်အကျိုးရှိအောင်၊ ကိုယ့်ပတ်ဝန်းကျင်အကျိုးရှိအောင် လုပ်ကြပါ။
ကိုယ်ကိုတိုင်လည်း နောင်ခေတ်လူငယ်တွေရှေ့မှာ သွားပြီးတော့လည်းေ-ာက်သုံးမကျသော ပညာရေး လို့ သွားမပြောမိပါစေနဲ့၊ ဘာဖြစ်လို့လည်းဆိုတော့ နောင်လူငယ်တွေက “.. then, take your own responsibility and do something about it, just don’t sit & bad-mouth” လို့ တစ်ခွန်းပဲ ပြန်ပြောလိုက်ရင် ကိုယ်ပဲ အခက်တွေ့မှာဖြစ်ပါတယ်။
ဒီလောက်ဆင်းရဲတဲ့ တိုင်းပြည်ထဲကနေ ပေးနိုင်သလောက်ပေးနေတဲ့ ပညာကို ရနိုင်သလောက်ယူပြီး ကိုယ့်ဘဝကိုယ်ပဲ အတတ်နိုင်ဆုံး တည်ဆောက်ကြပါ၊ မြန်မပြည် ပညာရေးသည် လိုအပ်ချက်တွေ ရှိသည်ဖြစ်သော်လည်း (လိုအပ်ချက် စုံလုံးကင်းသော ပညာရေးစနစ်ဆိုသည်မှ မရှိသေးပါ) သင်ကြားသိနေရသလောက် သုံးစားမရအောင် မနိမ့်ကျပါ၊ ရသလောက်ယူပြီး ကိုယ့်ကိုကိုယ်မြှင့်တင်ပါ…။
အလကားပေးနေတဲ့ ပညာရေးကိုတောင် အကြောင်းကြောင်းကြောင့် မရယူနိုင်သူတွေလည်း စိတ်ဓာတ်မကျပါနဲ့။ ပညာရေးဆိုတာ… ကျောင်းကပေးမှာ စာအုပ်ကပေးမှ မဟုတ်ဘူးဆိုတာပါပဲ…။ လူ့ကမ္ဘာကြီးဟာ ကျောက်ခေတ်ကတည်းက တက္ကသိုလ်ကျောင်းတွေ ကောလိပ်တွေ ရှိခဲ့တာမှ မဟုတ်ပဲ။ အခုလက်ရှိသုံးနေတဲ့ နိုင်ငံခြားပညာရပ်တွေဆိုတာလည်း မနေ့တစ်နေ့ကမှ လေထဲက ပေါ်လာတာမဟုတ်ပါဘူး။
ဘဝက သင့်ကို သံပုရာသီးပေးလိုက်ရင် သံပုရာရည်လုပ်ပါ ဆိုတဲ့ စကားပုံရှိပါသည်။
မြန်မာပြည်မှ အလကားပေးနေသော ပညာရေးသည် ထိုသံပုရာသီးထက် အများကြီးသာပါသေးသည်။ အသုံးကျအောင် အသုံးချတတ်ဖို့ မိမိအပေါ်မှာပဲ မူတည်နေပါသည်။
အိမ့်ချမ်းမြေ့
No comments:
Post a Comment