Pages

Thursday, 13 December 2012

အမှောင်ခေတ်မှ လူဖြစ်သူ (၇) ဆင်ခြင်တုံတရား ကျောင်းတော်သို့


ဆရာကြမ်းတွေရှိသလို ဆရာကောင်းတာတွေလည်း ကြုံရတာရှိတယ်။ ဒါကတော့ ခြောက်တန်းမှာ ကျနော်တို့ ၆တန်း ရောက်တော့ အိမ်ကမိဘတွေက ရပ်ကွက်ထဲက ဆရာမတဦးစီမှာကျုရှင်ထားတယ်။ အရင်က ဆရာတဦးစီမှာထားသေး တယ်။ ဒါပေမဲ့သူက အရိုက်ကြမ်းတဲ့အတွက် ကျနော်က မတက်ချင်ဘူးလို့ မိဘတွေကိုဆန္ဒပြတာနဲ့ ဒီဆရာမဆီမှာ ကျနော်ကိုထားပေးတာ၊ ဆရာမနာမည်က မမြမြစိုးလို့ ခေါ်တယ်။ သူက ရန်ကုန်တက္ကသိုလ်မှာ ကျူတာလုပ်နေတာ၊ အင်္ဂလိပ်စာကောင်းတယ်လို့နာမည်ထွက်တယ်။ သူက ချောမောတဲ့အပြင် သဘောကောင်းသေးတယ်။
သူက တခြားဆရာတွေနဲ့မတူတာကတော့ မရိုက်ဘူး၊ စာမေးရဲအောင်လည်း အားပေးသေးတယ်။
မသိလို့မေးရင် သူက တလေးတစားပြန်ဖြေသေးတယ်။ ကျနော်က စာဖတ်ဝါသနာပါတာကို သူသိတော့ ဖတ်သင့်တဲ့စာအုပ်တွေကို မိတ်ဆက် ပေးသေးတယ်။ ဆရာနဲ့ကျောင်းသား ဆက်ဆံရေးမျိုး မဟုတ်ဘဲ ကိုယ့်အမတယောက်လို သူငယ်ချင်းတယောက်လို ကျနော်တို့ သူ့ကိုဆက်ဆံနိုင်တယ်။ သူ့ကို ကျနော်တို့က နောက်ပိုင်းမှာဆရာမလို့တောင်မခေါ်တော့ဘဲ မမစိုးလို့ပဲ ခေါ် ကြတော့တယ်။
တခြားဆရာမတွေလို ကျနော်တို့က လက်ပိုက်စကားပြောရတာ ရိုကျိုးနေရတာ တွေမလုပ်ရဘဲ ခြေထောက်ကိုဆင်းထိုင် နိုင်တယ်။ စာသင်ချိန်မှာ မုန့်စားနေနိုင်တယ်။ ကာတွန်းနဲ့ ဝတ္ထုတွေကိုဖတ်နိုင်ပြီး သူဖတ်ထားတာတွေကို ကျနော်တို့ကို သူက ပြန်လည်ဆွေးနွေးပေးသေးတယ်။ ပြောပြတဲ့ ဇာတ်လမ်းတွေကို ကျနော်တို့ ဖတ်ချင်လာကြတယ်။
သူက စာသင်တဲ့အခါမှာ အလွတ်ကျက်မှတ်ခိုင်းတာတွေမလုပ်ဘဲ ဆွေးနွေးတယ်။ ကျနော်တို့ဘယ်လောက်သိ သလဲ နားလည်သလဲဆိုတာကို လေ့လာတယ်။ ဘယ်လိုစဉ်းစားရမလဲဆိုတာတွေကို ဦးစားပေးစဉ်းစားတယ်။ ကျောင်းစည်း ကမ်းကို ကျနော်တို့ကို ချမှတ်ခိုင်တာဖြစ်တော့ ကျနော်တို့ လိုက်နာလာရတော့တယ်။ အိမ်စာကိုတယောက်က ဦးဆောင် ပြီး ပြန်ပြောခိုင်းတာမျိုးတွေဆိုတော့ နောက်တခါကိုယ်ကလည်း ပြောနိုင်အောင်ဆိုပြီး ကျနော်တို့ စာတွေဖတ်လာကြ တယ်။
သူ့ကောင်းမှုကြောင့် လူထုဦးလှပုံပြင်စာအုပ်တွေကအစ ချက်ကော်ဗ်၊ ဟဲလ်မင်းဝေးဝတ္ထု ဘာသာပြန်တွေကို ဖတ်ဖြစ်မိ ပြီး စာဖတ်တာကို စတင်စွဲလန်းလာတယ်။ ချက်ကောဗ်ရဲ့ မျှောင်တလင့်လင့်တို့၊ ဟဲလ်မင်းဝေးရဲ့ ပင်လယ်ပြာနဲ့တငါအို တို့ သောမတ်အယ်ဒီဆင် အတ္ထုပ္ပတ္တိတို့ပေါ့၊ ကလေးဆိုတော့ တန်းကြိုက်သွားတယ်ဗျာ၊ ကျနော်ကို ကျနော် ဇာတ်လိုက် လိုလို ဘာလိုတောင် ထင်မိတယ်ဗျာ၊ ဗမာပြည်မှာကလည်း ပုံပြင်တွေဇာတ်လမ်းတွေ စတင်ကြိုက်တဲ့ ဒီအရွယ်တွေအ တွက် ဘာဖြော်ဖြေမှုမှလဲမရှိတော့ ဒီဝတ္ထုတွေကို ဘယ်နှစ်ကြိမ်မှန်းကို မရေတွက်နိုင်အောင်ဖတ်မိတယ်။ စွဲလန်းမိတယ်။ ကိုယ်နဲ့သူနဲ့ ဖြစ်ရပ်တွေတူတယ်။
ဒါကြောင့် ငါကြီးရင်တော့ သူလိုဖြစ်မှာသေချာပြီလို့ စိတ်ကူးနဲ့မြူးနေတယ်။ ကောင်းတဲ့သူတွေကို အားကျမိတာ ကောင်း တာပေါ့နော၊ ဒီလိုအားကျတတ်တဲ့စိတ်ကို ပေးခဲ့တဲ့သူ့ကိုလည်း တကယ့်ဆရာသမားပါလားလို့ အသိမှတ်ပြုမိတော့တယ်။
ဒီအချိန်က ဗီယက်နမ်စစ်က အကြီးအကျယ်ဖြစ်နေချိန်ဆိုတော့ သူအိမ်မှာ နိုင်ငံရေးစာအုပ်တွေကိုလည်း တွေ့ရတယ်။ လက်လှမ်းမီတဲ့ နိုင်ငံရေးစာအုပ်တွေကိုဆွဲဖတ်မိတယ်။ သူကလည်းမသိတာတွေကို ရှင်းပြပေးတယ်။ ဒါကြောင့် သူ့ ကျောင်းကအကြောက်တရားကို အခြေမခံဘဲ ဆင်ခြင်တုံတရားကိုပဲ အားပေးခဲ့တဲ့အတွက် ကျနော်အဖို့ မမေ့နိုင်တဲ့ ကျောင်းကလေးတခု ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူ့ကျောင်းမှာ ကြာကြာမတက်လိုက်ရဘူး၊ တနှစ်ပဲတက်လိုက်ရပြီး ကျောင်း ပိတ်သွားတယ်။
၁၉၇၄ ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ကျနော်တို့ဆရာမ ပါခဲ့တယ်။ နောက်တော့ ဗမာပြည်ကွန်မြူနှစ်ပါတီရှိတဲ့ တရုတ် ပြည်နယ်စပ်ကိုကူးပြောင်းသွားလို့ပဲ၊ သူရုတ်တရက်ပျောက်သွားတာကို ဘယ်သူကမှမသိလိုက်ကြဘူး၊ သူမရှိတော့ပေမဲ့ ကျနော် သူ့အိမ်ကိုဆက်သွားနေမိတယ်။ သူ့အခန်းမှာ ကျန်ခဲ့တဲ့စာအုပ်တွေကို ဆက်ဖတ်နေတယ်။
သူ့အိမ်သားတွေကလဲ ကျနော့်ကို အထူးတလည်အခွင့်အရေးပေးတယ်။ကျောင်းသားတွေထဲမှာ သူ့စာအုပ်စင်က စာအုပ် တွေကို အများဆုံးဖတ်ခဲ့တာ ကျနော်ပဲ။
သူ့ကျောင်းမှာ တနှစ်လောက်ပဲတက်လိုက်ရပေမဲ့ အလင်းတန်းကရှည်လျားစွာ ကျရောက်ခဲ့တယ်။ ပညာဆို ဆရာကို ကြောက်နေစရာမလို ဆရာနဲ့ကျောင်းသားအပြန်အလှန် လေးစားမှုနဲ့လည်း သင်လို့ရပါလား၊ ကိုယ်ပြောချင်တာ ယုံကြည် တာကို လွတ်လွတ်လပ်လပ် ပြောရဲတာ မေးမြန်းရဲတာဟာ ကိုယ်ဘဝအတွက်ပိုပြီး တိုးတက်ကြီးပွားစေပါလား အခိုင်အ မာစဉ်းစားမိခဲ့တယ်။ အစိုးရကျောင်းတွေကတော့ ငါလိုချင်တဲ့ပညာ မပေးနိုင်ဘူးဆိုတာ အခိုင်အမာကို သဘောပေါက် သွားတယ်။
သူ့ကို ကျနော် ပြန်မတွေ့တာ ဒီနေ့အထိပဲ၊ ဘာသတင်းမှာလည်း မကြားရတော့တာ ခုထိပဲ၊ ကျနော် ရှစ်လေးလုံး ဒီမိုက ရေစီလှုပ်ရှားမှု ဖြစ်လာတော့ မောင်လေး.. ခေါင်းဆောင်တယောက်ဖြစ်နေတာ ကြားရလို့ မမဂုဏ်ယူတယ်ဆိုတဲ့ အ ကြောင်းပါ၊ သူ့နာမည်ကိုတော့ ၁၉၈၉ ခုနှစ် စစ်အစိုးရကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုကျမှ ပြန်ကြားရတယ် ဗမာ ပြည်ကွန်မြူနှစ်ပါတီကို ဝတွေအာဏာသိမ်းလိုက်တော့ ကွန်မြူနစ်ပါတီက ရံပုံငွေရတနာသေတ္တာကို သူက သူတို့ပါတီ လူကြီးတွေလက်ထဲ ပြန်အပ်လိုက်တယ်ဆိုတဲ့ သတင်းပါ၊ သူဖာသာသူ နယ်စပ်မှာ ရပ်တည်နေတယ်လို့ပဲ နောက်ဆုံး သတင်းကြားရတယ်။
နာသုံးနာ
ဒီလို ဆရာဆရာမတွေ ကျနော်တို့ကို ရိုက်နှက်ဆုံးမနေတာကိုခံရသလို ရိုက်နှက်ဆုံးမနေရတဲ့ ဆရာ ဆရာမတွေရဲ့ ဘဝ ကျတော့လည်း မသက်သာလှဘူး၊ စားဝတ်နေရေးအခက်ခဲရှိတယ်။ဒီဆရာ ဆရာမတွေရဲ့ ကြိုးပန်းမှု အနှစ်နာခံမှုတွေက မှတ်မှတ်ရရရှိတယ်။
ဆရာဆရာမတွေရဲ့ကို ဒီစနစ်က နာသုံးနာဆိုပြီး နှစ်သိမ့်ထားလိုက်တယ်။ စေတနာ၊ ဂရုဏာ၊ အနှစ်နာဆိုတဲ့ နာသုံးနာ ပေါ့၊ ဘယ်နဲ့ဗျာ၊ ဒီသုံးနာကိုကြည့်ရင် သူ့ဘဝအနာဂတ်နဲ့ ပျော်ရွင်မှုသုခကို အာမခံချက်မပေးဘူး။
ကျနော်တော့ သူတို့အစား ရင်နာလှတယ်။ ဦးနုအစိုးရလက်ထက်မှာ ဆရာဆရာမတွေ ဘဝက တော်ဦးမယ်။ စာသင် တယ်။ ဒီအတွက် လခအလုံအလောက်ရတယ်။ မူလတန်းပြဆရာတဦးဟာ သူ့လခနဲ့ ဂုဏ်သိက္ခာရှိရှိ နေနိုင်တယ်။
ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ရှိတဲ့အတွက် သူ့ကျောင်း နာမည်ကောင်းရနိုင်အောင် သူကြိုးစားနိုင်တယ်။ မက်လုံးရှိတယ်။ ဒါက ဆရာအတွက်ရော ကျောင်းသားအတွက်ပါ ကောင်းတဲ့အချက်ပါ၊ ဒါပေမဲ့ စစ်အစိုးရလက်ထက်မှာ ဆရာ ဆရာမ တွေရဲ့ လုပ်ခက မလုံလောက်တော့ဘူး။
မကြာသေးခင်က ကျနော်မိတ်ဆွေ ရန်ကုန်တက္ကသိုလ်က ဥပေဒေ ဆရာတယောက်ပြောတယ်။ ထမင်းဘူးမှာ ဘဲဥတလုံး ပဲပြုတ်တဆယ်သားတောင် မထည့်နိုင်တော့ဘူးလို့ပြောတယ်။ ဒါဆို မူလတန်းပြဆရာတယောက်ရဲ့ဘဝက ဘယ်နှယ်ရှိ မလဲ မတွေးရဲဘူး။
အဆိုးဆုံးကတော့ သူတို့ရဲ့လခကို ငွေသားအဖြစ်မရဘူး၊ ထိုင်းမှာ ဆရာတယောက်က သူ့လခကို ထိုက်တန်တဲ့ ငွေကြေး သတ်မှတ်ချက်အတိုင်းရတယ်။ အမေရိကန်မှာ ထိုက်တန်တဲ့လခအဖြစ် ချက်လက်မှတ်ရတယ်။
ဗမာပြည်မှာ ငွေသားတချို့ရတယ်။ တလစာ သူစားဖို့ ဆန်ရတယ်။ဒါဟာ တွေးကြည့်ရင် အတော့ကိုကြေကွဲစရာကောင်း တဲ့ဖြစ်ရပ်၊ ထားပါတော့ ဆန်က အပြင်ဈေးနဲ့သက်သာတယ်။ ဒါဖြင့်ရင် အပြင်ပေါက်ဈေးအတိုင်း ကျသင့်တဲ့ငွေကို အစိုး ရက မပေးနိုင်ဘူးလား၊ ဒီလိုငွေမပေးဘဲ ဆန်ကိုပေးတာဟာ တကယ်တော့ စော်ကားတာ၊ ဘာဖြစ်လို့လဲဆိုတော့ ဆရာ ဆရာမတွေ ဘဝက လူစင်စစ်က တရိစ္ဆာန်လိုဆက်ဆံတာကို ခံရလိုပဲ၊ အစိုးရက ဆရာဆရာတွေ ကျောင်းသား တွေနဲ့ ပေါင်းပြီး ဆန်ကျင်မှုတွေဖြစ်မှာကို ထိန်းချုပ်ချင်တယ်။
ဒီတော့ ထိန်းချုပ်တဲ့နည်းကတော့ ဖေါင်းကြီးစစ်သင်တန်းကျောင်းကို တက်ရတာတွေလုပ်ရတယ်။ ဒီထဲမှာ ဆန်ပေးတဲ့စ နစ်ကို တီထွင်ပြီးထိန်းလိုက်တယ်။ ဆန်ပေးတယ်ဆိုတာက အစာပေါ့၊ ဆပ်ကပ်တွေထဲမှာ အလွန်ဆိုးတဲ့ကျားကြီးတွေ ဆင်ကြီးတွေကို သင်တန်းပေးတဲ့အခါမှာ အစာနဲ့ထိမ်းချုပ်ပြီး သင်တန်းပေးရတာလေ။
တိရိစ္ဆာန်ကို လေ့ကျင့်သင်တန်းဆရာက တရိစ္ဆာန်ကို အစာကို မငတ်တငတ်ထားတယ်။ လိုက်နာရင် နာခံရင် အစာပေး တယ်။ ဒီနည်းနဲ့ ခြေင်္သေ့တွေ၊ ကျားတွေ၊ ဆင်တွေက အပြင်မှာလည်းရှာစားလို့မရတော့ လူကို နာခံလိုက်ရတော့တယ်။ ဒီနည်းကိုစစ်အစိုးရက ဆရာဆရာမတွေအပေါ်မှာ ကျင့်သုံးနေတာ၊ ဒါကြောင့် ရင်နာမိတာ။
တကယ် ဆရာ ဆရာမတွေက စနစ်ရဲ့သားကောင်တွေဖြစ်နေရတာ၊ ဟောင်းနွမ်းတဲ ယဉ်ကျေးမှုကို ဝတ်တခုလို ထိန်း သိမ်း ပေးနေရသူတွေပါ၊ သူတို့မှာ ကျင်နာတဲ့နှလုံးသား ခံစားချက်နဲ့ မျှော်မှန်းချက်တွေ ရှိတယ်ဆိုတဲ့အချက်ကို ဘယ်သူ မှ မငြင်းနိုင်ဘူး။
ကိုယ်တွေ့ဖြစ်ရပ်လေးပြောရဦးမယ်။ မူလတန်းတုန်းက ဆရာမတယောက်က သိပ်ရိုက်တာ၊ အလီကို ၂ ကနေ ၂၄ အထိ ကျနော်တို့ မြို့ပတ်ရထားမောင်းသလို အစုရောအဆန်ရော ရွတ်ရတာ၊ မှားရင်သူက ရိုက်တယ်။ ရိုက်တဲ့နေရာမှာ နာမည် ကျော်တယ်။ သူက ကျနော်ရော မင်းကိုနိုင်ရောရဲ့ ဆရာမ။
ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကြီးမဖြစ်ခင် မတ်လ၊ ဇွန်လ ကျောင်းသားလှုပ်ရှားမှုတွေမှာ ကျနော်တို့ကိုထောက်လှမ်း ရေးတွေက လိုက်လံဖမ်းဆီးတယ်။ ဒီအချိန်က ကျနော်တို့ကို လက်ခံရဲတဲ့အိမ်မရှိဘူး၊ အိမ်ကိုလည်းပြန်မအိပ်ရဲဘူး၊ ဒီအ ချိန်မှာ ဆရာမအိမ်ကိုသွားတဲ့အခါ ဆရာမ သူ့ခန်းကျဉ်းလေးထဲမှာ သူ့တပည့်နှစ်ယောက်ကို ဝှက်ထားပေးတယ်။ ငါ့တ ပည့်တွေကိုထိရင် ငါ့နဲ့အရင်တွေ့ရစေမယ်လို့ ကြိမ်းလိုက်သေးရဲ့။
ဒီလိုစေတာနာတွေပါ၊ မေတ္တာတွေပါ၊ ဒီလိုစိတ်မျိုး ကျန်ာတို့ ဆရာတွေဆရာမတွေအများစုမှာ ရှိတယ်။
တကယ်က ကျောင်းသားရောဆရာပါ ဟောင်းနွမ်းတဲ့ယဉ်ကျေးမှုရဲ့ သားကောင်းတွေ ဖြစ်ခဲ့ရတာပါ၊ ဒါကို ပြောင်းလဲရ မယ်။ ဆရာနဲ့ ကျောင်းသားဆက်ဆံရေးဟာ အကြောက်တရားကိုအခြေခံတဲ့စနစ်အစား ဆင်ခြင်တုံတရားကိုအားပေးတဲ့ စနစ်ကို မကျင့်သုံးသင့်ပေဘူးလား၊ ပညာရေးရဲ့ပေါ်လစီဟာ ဆင်ခြင်တုံတရားနဲ့ ဂရုဏာတရားပေါ်မှာ အခြေမခံသင့်ပေ ဘူးလား၊ ဒါကြောင့် ကျနော်တို့ခေတ်ရောက်ရင် ကလေးတွေဆော့ပါစေ၊ မေးမြန်းစူးစမ်းပါစေ၊ ကလေးတွေကို ကျောင်း သားတွေကို မိဘနဲ့ ဆရာတွေ ရိုက်နှက်လို့မရအောင် ဥပဒေနဲ့ကာကွယ်ပေးရမယ်။ ကျောင်းကြီးပေါ်မှာ မောင်ဆော့ကို ဆော့ရစေမယ်။
သိပ္ပံကျောင်းသား
မဆလအစိုးရခေတ်မှာ ပညာရေးစနစ်ကမတည်ငြိမ်ဘူး၊ ပညာရေးဝန်ကြီးတယောက်တက်လာတိုင်း ကျနော်တို့ကို လက် တည့်စမ်းသွားတာချည်းပဲ၊ ကျနော်တို့ အလယ်တန်းတုန်းက ပညာရေးဝန်ကြီးက ဒေါက်တာညီညီ ပါ၊ သူက ဦးနေဝင်းကို သိပ်ဖားတယ်လို့ ကျောင်းသားတွေအချင်းချင်းမှာပြောကြတယ်။ သူ့လက်ထက်မှာ သိပ္ပံကို တဖက်စောင်းနင်း အားပေး တာတွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ သူချမှတ်တဲ့ ပညာရေးပေါ်လစီက မအောင်မြင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းပြည် မှာ ဒီမိုကရေစီမရှိ၊ စီးပွားရေးကလည်းမတိုးတက်တော့ ဘယ်နဲ့ သိပ္ပံကိုအားပေးတဲ့ပညာရေးက အောင်မြင်တော့မလဲ။
သူလည်းမကြာဘူးပြုတ်တယ်။ နောက်တယောက်တက်ပြန်တယ်။ ပေါ်လစီတခုပြောင်းပြန်တယ်။ ဒါကြောင့် ကျနော်တို့ က မဆလ ပညာရေးကို အစမ်းသပ်ခံပညာရေးလို့ ကင်ပွန်းတပ်ထားတယ်။
ဥပမာ အလယ်တန်းဆိုရင် ဝိဇ္ဇာ သိပ္ပံ ခွဲလိုက် တွဲလိုက်လုပ်တာ အကြိမ်တဒါဇင်မကဘူးလို့ ပြောရမယ်။ သိပ္ပံ ဝိဇ္ဇာခွဲတာ ကို ရှစ်တန်း။ (အလယ်တန်းမှာလုပ်တာ) သိပ္ပံလိုင်း၊ ဝိဇ္ဇာလိုင်းကို အမှတ်နဲ့ခွဲတာ၊ အမှတ်ကောင်းမှာ သိပ္ပံလိုင်းရတယ်။ အလယ်တန်းအောင်တဲ့သူတွေက အထက်တန်းမှာ (ကိုးတန်း၊ ဆယ်တန်း) ၂ နှစ် နေရတယ်။
အထက်တန်းအောင်မှာ တက္ကသိုလ်ကိုရောက်တယ်။ တက္ကသိုလ်မှာ ကိုယ်ဘယ်သာသာသင်ချင်သလဲ ဆရာဝန်အင်ဂျင် နီယာနဲ့ တခြားသိပ္ပံလိုင်းတွေရဖို့က အလယ်တန်း (ရှစ်တန်း) မှာကတည်းက သိပ္ပံလိုင်းရအောင်ကြိုးစားရတယ်။
သိပ္ပံလိုင်းမရရင် တခါတည်း တသက်လုံးသိပ္ပံပညာကို စိတ်ဝင်စားတယ်ဆိုတောင် သင်ခွင့်မရတော့ဘူး၊ ကျနော့ သူငယ် ချင်းတယောက်ဆိုရင် လျှပ်စစ်အင်ဂျင်နီယာသိပ်ဖြစ်ချင်တာ။ ဒါပေမဲ့ ရှစ်တန်းမှာ သိပ္ပံလိုင်းမရတဲ့အတွက် သူဖြစ်ချင်တဲ့ လျှပ်စစ်အင်ဂျီနီယာ ဖြစ်ခွင့်မရလိုက်ဘူး။ သမိုင်းဘာသာနဲ့ပဲ ဝိဇ္ဇာဘွဲ့ကို ယူလိုက်ရတယ်။ စိန်ဂျွန်းဈေးမှာ ကက်ဆက်၊ လေဒီယို စတဲ့လျှပ်စစ်ပစ္စည်းတွေပြင်ဆိုင်ကို သူဖွင့်ခဲ့တယ်။ သူစီးပွားရေးမှာ အကြီးအကျယ်အောင်မြင်လာတယ်။ သူဖာ သာ သူ လေ့လာရတာ၊ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ် မဆုံးဖြတ်တတ်သေးချိန် အစွမ်းအစ မပြနိုင်သေးချိန်မှာ အခုလို သိပ္ပံ ဝိဇ္ဇာခွဲလိုက်တဲ့ ပညာရေးစနစ်က အတော့ကို ဆိုးတာ။
ဒီအချိန်မှာ ကျနော်တို့က အသက် ၁၂ နှစ်လောက်ပဲရှိဦးမယ်။ ဒီအရွယ်မှာ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို ကျနော် မဆုံးဖြတ်နိုင်သေးဘူး၊ ကျနော်ငယ်ငယ်က သောမတ်အယ်ဒီဆင်ကို သိပ်အားကျတာ၊ အိုင်းစတိုင်းကိုသိပ်လေးစားတာ။
ဒါကြောင့် သိပ္ပံပညာရှင်ဖြစ်နေချင်တာ၊ အိမ်မှာ မီးပူတို့ လေဒီယိုတို့ ကက်ဆက်တို့ တော်ရုံတန်ရုံပျက်ရင် ကျနော် ကလိ လိုက် ခဏနဲ့ကောင်းတယ်။ ဒီတော့ အိမ်သားတွေကလည်း ဒီကောင် သိပ္ပံလိုင်းယူဖို့အားပေးတယ်။
အောင်တော့ သိပ္ပံလိုင်းရတယ်။ လူ ၆ဝ လောက်ရှိတဲ့အတန်းမှာ သိပ္ပံလိုင်းကို လူ ၄ ယောက်သာရခဲ့တယ်။ ယောက်ကျား လေး ၂ ယောက်နဲ့ မိန်းကလေးနှစ်ယောက်ပေါ့၊ အောင်တာက တခန်းလုံးမှာလည်း ၁၂ ယောက်ခန့်သာရှိတယ်။ ကျန်တာ ဝိဇ္ဇာပေါ့။
အစိုးရကလည်း သိပ္ပံလိုင်းကို အားပေးနေတဲ့အချိန်ပေါ့၊ ဒေါက်တာညီညီ ကလည်း ဘာစိတ်ကူးရသလဲ မသိပါဘူး၊ သိပ္ပံ ကျောင်းသားတွေကို သိပ်အားပေးနေတယ်။ တကယ်က ပညာရေးမှာ ဝိဇ္ဇာရောသိပ္ပံကပါ အရေးပါတာပါ၊ သိပ္ပံနဲ့ ဝိဇ္ဇာကို ကျနော်မြင်တာက အင်ဂျင်နီယာနှစ်ယောက်နဲ့တူတယ်။
ဝိဇ္ဇာပညာက ပိသုကာ အင်ဂျင်နီယာနဲ့တူတယ်။ သိပ္ပံက မြို့ပြအင်ဂျင်နီယာနဲ့ တူတယ်။ ပိသုကာ ပညာက အဆောက်ဦ ပုံစံကိုထုတ်ရတယ်။ မြို့ပြအင်ဂျင်နီယာက ပုံစံအတိုင်းဆောက်ရတယ်။ လူ့အဖွဲ့စည်းတခု လွတ်လပ်မှု။ တရား ဥပဒေ။ တိုးတက်ကြီးပွားရေးတွေ ရှိဖို့ဆိုတာအတွက် ဝိဇ္ဇာပညာရပ်ရဲ့ အခန်းကဏ္ဍအရေးကြီးလှတယ်။ အခြေခံကျလှတယ်။ ဗမာပြည်မှာ ဝိဇ္ဇာပညာက ချောင်ထိုးခံရတယ်။
ဘာဖြစ်လို့လည်းဆိုတော့ တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့အတွက် ဝိဇ္ဇာပညာရဲ့ ဒဿနမြောက် စဉ်းစားတွေး မြင်ပုံတွေက အာဏာရှင်စနစ်ဆန်ကျင်ရေးကို ရောက်စေနိုင်တယ် မဟုတ်လား၊ ဒါကြောင့် ဝိဇ္ဇာပညာကို မြန်မာ့ဆိုရှယ် လစ်စနစ် လမ်းစဉ် သဘောတရားဘောင်တွေ ကန့်သတ်ချုပ်ချယ်ပြီး ဘောင်ကျဉ်းကျဉ်းလေးထဲကပဲ သင်ကြားခွင့်ပြုခဲ့ တယ်။
သိပ္ပံကတော့ သူ့ကို အန္တရယ်မပေးဘူးလို့ ယူဆတဲ့အပြင် တိုင်းပြည်တိုးတက်ဖို့အတွက် သိပ္ပံပညာ အရေးကြီးတယ်လို့ ခံ ယူထားပုံရတယ်။ ဒါကလည်း အရူးထမှုတခုပါပဲ။
တကယ်က တိုင်ပြည်တပြည် ကြီးထွားတိုးတက်ရေးကို သိပ္ပံပညာက အာမခံချက်မပေးနိုင်ဘူး၊ နိုင်ငံရေး လွတ်လပ်မှုကပဲ အာမခံချက်ပေးတယ်။ တချိန်က သိပ္ပံပညာမှာ ရှေ့တန်းရောက်ခဲ့တဲ့ ရုရှားနိုင်ငံအဖြစ်ကိုပဲကြည့်ပေါ့၊ ဗမာပြည်လို ဆင်းရဲ တဲ့နိုင်ငံ ကျောင်းတွေမှာ ဓါတ်ခွဲခန်းမှာ လစ်တမ်စက္ကူတောင်မရှိတဲ့ နိုင်ငံမှာ သိပ္ပံပညာရှင်ဖြစ်ဖို့ အရူးထနေတဲ့ ကျနော် တို့က အထက်တန်းကျောင်းသားဘဝမှာ ပညာရေးစနစ်ကတော့ မှားနေပြီဆိုတာ လူကြီးတွေပြောတာ မကြာခဏ ကြား လာရတော့တယ်။
ဘာဘွဲ့နဲ့ပဲရရ အလုပ်မရဘူး။ ဘဝအာမခံချက်မရှိဘူးဆိုတာ လူတိုင်းသိနေကြတာကိုး၊ ဒါကြောင့် နာမည်ကျော် တေးရေး ဆရာကြီး စိုင်းခမ်းလိတ်က ကျနော်တို့ လူငယ်တွေဘဝကို ထင်ဟပ်ထားတဲ့ လူငယ်ခြေကျဆိုတဲ့သီချင်းကို ကျနော်တို့ ဆိုခဲ့ကြတယ်။ သီချင်းက ဘွဲ့ရလူငယ်တဦး ကားမောင်းရပုံအကြောင်းပေါ့၊ ဒီသီချင်းကိုအပိတ်ခံရတယ်။ ဒါကိုကြည့်ရင် ကျနော်တို့လူငယ်တွေက ဒီပညာရေးစနစ်က မဟန်လှဘူးဆိုတာ ရိပ်မိကြသလောက် ပညာရေးဝန်ကြီးဆိုတဲ့သူတွေက မရိပ်မိဘူး။ (ဆက်ပါအုံးမယ်)
မိုးသီးဇွန်

No comments:

Post a Comment