ကျောင်းတက္ကသိုလ်ထဲမှာ ဆရာဟန်ဆောင်၍ ထောက်လှမ်းရေးလုပ်နေသော
စစ်ဗိုလ်ဟောင်းများက ကျောင်းသားထုအား စော်ကားသည့်အပြင် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို
ပါ လုယူ။
ဇန်န၀ါရီလ (၉) ရက်နေ့ နံနက်က သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းရှေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂမှ ဗကသကျောင်းသားရဲဘော်များက ဗကသများအဖွဲ့ချုပ်၏ လက်ကမ်းစာ
စောင်များကို ကျောင်းသား/သူများအား
လိုက်လံဝေငှနေခဲ့ကြစဉ် နည်းပညာတက္ကသိုလ် (သန်လျင်) ကျောင်းသို့ စစ်တပ်မှ
အငြိမ်းစားယူ၍ နည်းပညာတက္ကသိုလ်သို့ ကျောင်းသားရေးရာလုံခြုံရေးမှူးများအဖြစ်
ပြောင်းရွေ့လာသော အငြိမ်းစားစစ်ဗိုလ်တစ်ဦးနှင့်
အငြိမ်းစားဗိုလ်မှူးတစ်ဦး (အမည်မသိရှိရသေး) တို့က လက်ကမ်းစာစောင်များ
ဝေငှနေသော ဗကသကျောင်းသားများ၏ လက်တွင်းမှ လက်ကမ်းစာစောင်များအား
အတင်းအဓမ္မလိုက်လံလုယူ၍ ဗကသများအဖွဲ့ချုပ်သည် တရားမ၀င်အဖွဲ့အစည်းဖြစ်သဖြင့်
ကျောင်းရှေ့တွင် စာရွက်လိုက်လံဝေငှနေသော ကျောင်းသား/သူများအား ဖမ်းဆီးမည်ဟု
ခြိမ်းခြောက်ပြီး စရဖများ၊ SBနှင့် ရဲစခန်းများထံ ဖုန်းဆက်၍
လာရောက်ဖမ်းဆီးရန် ပြောဆိုခဲ့ကြပါသည်။
ဗကသကျောင်းသားများက
ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပြီဖြစ်သည့်အတွက် မည်သူမဆို အများပြည်သူအား
ထိခိုက်ခြင်းမရှိပါက မိမိတို့၏ သဘောဆန္ဒများအား
လွတ်လပ်စွာရေးသားဖြန့်ချီခွင့်ရှိသည်ဟူသော
နိုင်ငံသားများ၏ ရပိုင်ခွင့်အရ ယခုကဲ့သို့ လက်ကမ်းစာစောင်များကို
ဖြန့်ဝေခြင်းဖြစ်သဖြင့် မိမိတို့၏ လွတ်လပ်ခွင့်အား လာရောက်နှောက်ယှက်ခြင်း
မပြုရန် ပန်ကြားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ပါ ဥပဒေအချက်များအား
ပြသခဲ့သော် လည်း ၄င်းအငြိမ်းစားစစ်ဗိုလ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အား အင်အားသုံး လုယူသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်မှာ စုတ်ပြဲသွားခဲ့ပါသည်။
ဗကသကျောင်းသားများက ယခုကဲ့သို့ အတင်းအဓမ္မလုယက်ခြင်းအပေါ်
ကန့်ကွက်ပြောကြားခဲ့ကြပါသည်။ ၄င်းအငြိမ်းစားစစ်ဗိုလ်သည် ကျောင်းသားများ
ဝိုင်းဝန်းကန့်ကွက်နေသည့်ကြားမှပင်
ဗကသကျောင်းသားများထံမှ လက်ကိုင်ဖုန်းတစ်လုံး၊ ကျောင်းသားကဒ်နှစ်ကဒ်အား
သိမ်းယူသွားခဲ့ပါသည်။ ထို့ပြင် လက်ကိုင်ဖုန်းအသိမ်းခံရသောကျောင်းသားမှ ယခုကဲ့သို့ မိမိတို့ လွတ်လပ်ခွင့်အား တရားလွန်ထိပါးခြင်းကို သတင်းမီဒီယာများမှတဆင့် တစ်နိုင်ငံလုံးသိအောင်တင်ပြမည်ဟု
ပြောဆိုခြင်းကို အငြိမ်းစားဗိုလ်မှူးက "မင်းတို့ တိုင်ချင်ရာတိုင်
ဘယ်သူမှစောက်ဂရုမစိုက်ဘူး"ဟု ရုန့်ရင်းကြမ်းတမ်းစွာ
ပြန်လည်ပြောဆိုခဲ့သည့်အပြင် "ကျောင်းရှေ့မှာ သူတောင်းစားတောင် လာတောင်းရင်
မောင်းထုတ်ပစ်တာ၊ မင်းတို့လဲသွားကြတော့" ဟုလည်း စော်ကားပြောဆိုခဲ့ပါသည်။
ကျောင်းသားများဘက်မှ တက္ကသိုလ်ကျောင်းသည် စစ်တန်းလျားမဟုတ်သည့်အတွက် ယခုကဲ့သို့ ရုန့်ရင်းကြမ်းတမ်းသောစကားများဖြင့်
ဆဲဆိုခြင်း မပြုလုပ်သင့်ကြောင်း ပြန်လည်ပြောကြားသောအခါ
ခွန်းကြီးခွန်းငယ်များဖြင့် စကားများခဲ့ကြပြီး နည်းပညာတက္ကသိုလ် (သန်လျင်)
ကျောင်းရှေ့တွင် ထိုဆရာနှစ်ဦးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါသည်။
ကျွန်ုပ်တို့ ဗကသကျောင်းသားများသည် ယခုကဲ့သို့ ရုန့်ရင်းကြမ်းတမ်းသောစကားလုံးများ၊ ကိုယ်ထိလက်ရောက်စော်ကားခြင်းဖြစ်စဉ်အား ကျေနပ်ခြင်းမရှိသဖြင့် အခြားကျောင်းသားသမဂ္ဂ၀င်ကျောင်းသားများအား ချက်ချင်းအကြောင်းကြားခဲ့သဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂအတွင်းရှိ
အရှေ့ပိုင်းတက္ကသိုလ်၊ သမ၀ါယမတက္ကသိုလ်တို့မှ ကျောင်းသားများသည်
နည်းပညာတက္ကသိုလ် (သန်လျင်) ကျောင်းရှေ့သို့ စုရုံးရောက်ရှိလာကာ
ညနေပိုင်းကျောင်းလွှတ်ချိန်တွင် လက်ကမ်းစာစောင်များကို ကျောင်းရှေ့တွင်ပင်
ထပ်မံဖြန့်ဝေခဲ့ကြပြီး ၄င်းဆရာနှစ်ဦးအား မနက်ပိုင်းက
ဖြစ်ပျက်ခဲ့သောဖြစ်စဉ်အား ကျေနပ်မှုမရှိသဖြင့် ကျောင်းအုပ်ကြီးနှင့်
တွေ့ဆုံလိုကြောင်းပြောကြားသောအခါ ကျောင်းဝင်းတံခါးအားပိတ်ထားခဲ့သဖြင့် ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံခွင့်မရခဲ့ကြပါ။
အငြိမ်းစားစစ်တပ်အရာရှိနှစ်ဦးအားလည်း မနက်ပိုင်းက ၄င်းတို့ပြောဆိုခဲ့ကြသောစကားများအား
ဆရာပီပီတာဝန်ယူပေးရန်အတွက် ရာထူးနှင့်အမည်များအား မေးမြန်းရာ
သူတို့မပြောဆိုနိုင်ကြောင်း၊ အထက်ကအမိန့်ချမှတ်ထားသည့်အတွက်
တက္ကသိုလ်ကျောင်းဝန်းကျင်တွင် မည်သည့်အဖွဲ့အစည်းကိုမှ
နိုင်ငံရေးဆန်သောလုပ်ရပ်များ လုပ်ခွင့်မပြုနိုင်သဖြင့်
တားမြစ်ခြင်းသာဖြစ်ကြောင်း၊ ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲလိုလျှင်ဖြစ်စေ၊ မကျေနပ်မှုများရှိလျှင်ဖြစ်စေ လွှတ်တော်ကိုသာ ပြောဆိုပါဟုသာ မရေမရာအဖြေများ ပေးကြပါသည်။
ကျွန်ုပ်တို့ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ
တွေ့ကြုံခဲ့ကြသော ယခုဖြစ်စဉ်တွင် ကျောင်းသားထုအား
သရော်စော်ကားသောစကားများကို ပြောဆိုခဲ့ကြသောဆရာနှစ်ဦးသည် တက္ကသိုလ်တွင်
စာသင်ကြားသော ကျောင်းဆရာများမဟုတ်ပဲ စစ်တပ်မှ အငြိမ်းစားယူထားသော
စစ်အရာရှိများအား တက္ကသိုလ်ကျောင်းသား/သူများ၏
လှုပ်ရှားမှုများကို စောင့်ကြည့်ဟန့်တားနိုင်ရန် ထောက်လှမ်းရေးဆန်ဆန်
အစိုးရက ခန့်ထားသောဆရာများဖြစ်နေခြင်းကို စီစစ်တွေ့ရှိရပါသည်။
ထိုစစ်ဗိုလ်အငြိမ်းစားဆရာများသည် တက္ကသိုလ်ဆရာတစ်ဦး၏ ဂုဏ်သိက္ခာနှင့် မလျှော်ညီစွာ ရုန့်ရင်းကြမ်းတမ်းသောစကားများ၊ အပြုအမူများဖြင့် ကျောင်းသား/သူများအား ယခင်ကတည်းကပင် အကြိမ်ကြိမ်အခါခါ ကိုယ်ထိလက်ရောက်စော်ကားခဲ့ကြသူများ ဖြစ်သည်။ စာတတ်ပေတတ်တက္ကသိုလ်ဆရာအများစုနှင့်
ခြားနားစွာ ကျောင်းသား/သူများအား မိမိတို့၏ တပည့်သားမြေးများဟု
အထင်မရှိသည့်အပြင် ပြဿနာဖြစ်ဖွယ်ရှိသည်ဟု ယူဆပါက ယခုဖြစ်စဉ်ကဲ့သို့
အာဏာပိုင်အဖွဲ့အစည်းများအား အကြောင်းကြား၍ ကျောင်းသား/သူများအား
လာရောက်ဖမ်းဆီးရန် စေခိုင်းခြင်းသည် ဆရာဂုဏ်နှင့် မည်သို့မှလျှော်ညီကြခြင်း
မရှိကြောင်းမှာ ထင်ရှားပါသည်။
ကျွန်ုပ်တို့ ဗကသကျောင်းသား/သူများသည်
ဗကသများအဖွဲ့ချုပ်၏ သမဂ္ဂလုပ်ငန်းဆောင်တာများအား ယခုထက်ပို၍
ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်သည့်အပြင် ယခုဖြစ်စဉ်ကဲ့သို့
ကျောင်းသားထုတစ်ရပ်လုံးအား သရော်စော်ကားသည့်ဖြစ်ရပ်မျိုး
ထပ်မံကြုံတွေ့လာပါက ဖြစ်နိုင်ချေရှိသည့် နည်းလမ်းပေါင်းစုံဖြင့်
ချက်ချင်းပြန်လည်ဆောင်ရွက်သွားမည်ဖြစ်သဖြင့်
ဖြစ်ပေါ်လာမည့် ပြဿနာရပ်တိုင်းသည် တက္ကသိုလ်ဆရာဂုဏ်နှင့် မလျှော်ညီသော
ကျောင်းဆရာများအား ခန့်အပ်ထားသောအစိုးရနှင့်
ကျောင်းအာဏာပိုင်များအပေါ်တွင်သာ လုံးဝတာဝန်ရှိကြောင်း ပြောကြားလိုပါသည်။
ဗကသများအဖွဲ့ချုပ်၊ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂရဲဘော်များ။
No comments:
Post a Comment