Pages

Wednesday, 2 January 2013

အရိုင်းလေး


ဆရာများသည် လိမ္မာသောကလေး၊ စာတော်သောကလေးများကို ချစ်ကြသည်။ အရေးပေးလေ့လည်းရှိကြ သည်။ သို့သော် ကျောင်းသားတိုင်းမတော်၊ မလိမ္မာကြပေ။ ထို့ကြောင့် အပြုသဘောဆောင်သော ကျောင်းသား များကဲ့သို့ အပျက်သဘောဆောင်သော ကျောင်းသားများကိုလည်း တန်းတူညီမျှ ဆက်ဆံနိုင်အောင် ကြိုးစား ကြရသည်။
ကျွန်မ လူဝီစီယားနားကျောင်းသို့ ရောက်လာသည့် တစ်နေ့တွင်ဖြစ်ပါသည်။ ဆရာများ နားနေခန်းအတွင်း အနားယူရင်း သတင်းစာဖတ်နေစဉ် အခန်းတံခါး ဝုန်းခနဲပွင့်သွားကာ ဆရာနှစ်ယောက်က ကလေးတစ်ယောက် အား အခန်းထဲဆွဲခေါ်လာသည်ကို တွေ့လိုက်ရသည်။

ဆရာမတစ်ယောက်က ကျွန်မနားအနီးသို့ကပ်ကာ
“အဲဒီကောင်ပေါ့။ ဆံပင်ရှည်လည်း ညှပ်ခိုင်းလို့မရ၊ ဆေးလိပ်လည်းသောက်၊ စကိတ်ဘုတ်လည်းစီး၊ လမ်းသူရဲ တွေနဲ့လည်းတွဲ ဘယ်လိုမှ ပြုပြင်လို့ မရအောင် လက်လန်တဲ့ကောင်ပေါ့” ဟု ပြောလိုက်သည်။
နောက်တစ်ယောက်ကလည်း ကျွန်မကို
“ပေါက်ကရပြောတဲ့နေရာမှာလည်း ထိပ်တန်းပဲ” ဟုဖြည့်စွက်လိုက်သေးသည်။
ကျွန်မကတော့ သူတို့ဝိုင်းပြောသည့် အပျက်သဘောဆောင်သော အမြင်များထက် သူ့တွင် အပြုသဘော တစ်ကွက်ကွက်ရှိနိုင်ကောင်းပါရဲ့ဟု မျှော်လင့်နေမိသည်။
ကျောင်းတွင် ကျွန်မသတိထားမိသည့် အခြားတစ်ယောက်ရှိသေးသည်။ သူကတော့ လူတိုင်းချစ်သည့် အချစ် တော်လေးဖြစ်နေသည်။ သူ့အမည်က ဇက်ချရီဖြစ်သည်။ သူကတော့ကျောင်းအားကစားပွဲများတွင် စတားတစ် ယောက်ဖြစ်ရုံမက၊ အကလည်းကောင်းသူတစ်ယောက်အဖြစ် နာမည်ကျော်သည်။ သို့သော် ဇက်သည် ကြွက်သားတောင့်တင်းသည့် ရောဂါရှိသူတစ်ယောက်ဖြစ်သည်။ သူ့ကြွက်သားများ အလုပ် မလုပ်မှုကြောင့် နောက်ပိုင်းတွင် လက်တွန်းလှည်းကလေးဖြင့်သာ သွားလာနိုင်တော့သည်။ သူကျောင်းကို လက်တွန်းလှည်း ကလေးဖြင့်သာ လာနိုင်ပြီး အတန်းတစ်တန်းနှင့်တစ်တန်းကိုလည်း လှည်းကလေးဖြင့်သာ ကူးပြီး တက်နိုင် တော့သည်။
ကျွန်မ ဤကျောင်းသို့ မရောက်မီ တစ်လအလိုလောက်ကမှ ဇက်၏အခြေအနေသည် ဆိုးရွားသွားခြင်းဖြစ် သည်။ နောက်ပိုင်း လှည်းဘီးကို လက်ဖြင့်ပင် မလှည့်နိုင်တော့သောကြောင့် မော်တာစက်တပ်လှည်းလေး ဖြင့် သွားလာနေရသည်။
ဇက်မိဘများက ဆင်းရဲသည်။ နောက်ပိုင်း သူ့လှည်းလေး မော်တာပျက်သွားသဖြင့် ကျောင်းကို ပုံမှန်မလာနိုင် တော့။ မိဘများကလည်း နေ့စဉ်လာမပို့နိုင်။ ဤသို့ဖြင့် ကျောင်းနှုတ်ဆက်ပွဲနေ့ရောက်လာသည်။ ထိုနေ့တွင် ဇက်ကို တက်ဖြစ်အောင်တက်ရန် ဖိတ်ကြားရသည်။ မိဘများကိုလည်း သူ့အား ကျောင်းစုံညီပွဲသို့ပို့ပေးရန် တောင်းပန်ရသည်။
ကျောင်းနှုတ်ဆက်ပွဲနေ့တွင် မမျှော်လင့်သည့် ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့သည်။ ဇက်က ပွဲကို မိဘများနှင့် လာတက်သည်။ သူ့ကို ပွေ့ခေါ်လာကြရသည်။ ခုံတန်း ၁၅ တန်းလောက်တွင် သူ့ကို မိဘများနှင့်အတူ နေရာ ချထားပေးသည်။
ကျောင်းဇာတ်ခုံ လိုက်ကာနောက်မှ လူတစ်ယောက်ထွက်လာသည်။ ကျွန်မတို့ မမျှော်လင့်သည့် “အရိုင်းလေး” ခေါ် လူဆိုးလေးဖြစ်သည်။ ဆံပင်ကို အစိမ်းရောင်ဆိုးထားသည်။ နားတွင်လည်း နားဆွဲတွေအပြည့်။ မျက်တောင်တုတွေတပ်၊ နှုတ်ခမ်းနီတွေလည်းဆိုးထားသေးသည်။ လူတွေအားလုံး နှုတ်ဆိတ်နေကြသည်။ အရိုင်းလေးက စကားတစ်လုံးမျှ မပြောဘဲ လက်ခုပ်တစ်ချက်တီးလိုက်သည်။ ထိုအချိန်တွင် အားကစားသမား ၄ ယောက်ထွက်လာပြီး ဇက်ကို ပွေ့ခေါ်လာကာ ဇာတ်စင်အလယ်ရှိ လက်တွန်းလှည်းတွင် နေရာချထားပေးလိုက် သည်။ အရိုင်းလေးက နောက်ထပ် လက်ခုပ် နှစ်ချက်တီးလိုက်သည်။  ကျောင်းသူလေးနှစ်ယောက်ထွက်လာပြီး ဇက်၏မိဘများကို ပန်းစည်းလေးတွေ သွားပေးကြသည်။
အရိုင်းလေးက ပရိသတ်ကို တောင်းပန်ရင်း စင်နောက်သို့ဝင်သွားသည်။ သူပြန်ထွက်လာတော့ အသစ်စက်စက် လျှပ်စစ်မော်တာလှည်းကို တွန်းပြီးထွက်လာသည်။ မော်တာလှည်းလေး၏ဘေးရှိ ဘီးများတွင် ကျောင်းတံဆိပ် ကို တိပ်နှင့်ကပ်ထားသည်။
အရိုင်းလေးသည် စင်ပေါ်မှဆင်းလိုက်ပြီး စက်တပ်လှည်းလေးကို အားကစားသမား လေးယောက်နှင့်အတူ ဇာတ်ခုံပေါ်မှ ယူလိုက်ပြီး ဇက်ကို ထိုလှည်းပေါ်သို့ ပြောင်းတင်လိုက်သည်။ ပြီးလျှင်သူတို့ ဇက်ကို ဇာတ်ခုံပေါ် သို့ လှည်းဖြင့် တွန်းတင်လာကြသည်။
ဇက်၏မျက်နှာပေါ်တွင် မျက်ရည်တွေရွှဲနေသည်။ ကျောင်းသားအားလုံးနှင့် မိဘတွေရော ဆရာတွေပါ မတ်တပ်ရပ်ပြီး ၅ မိနစ်ခန့် လက်ခုပ်တီးဂုဏ်ပြုကြသည်။
ထိုမော်တာလှည်းလေးကို အရိုင်းလေးနှင့် သူ့အပေါင်းအသင်း လမ်းသရဲဆိုသူများက စုပေါင်းဝယ်ပေးကြခြင်း ဖြစ်သည်။ သူ့လို တက်တူးတွေအပြည့်ထိုး၊ ဂစ်တာတွေတီး၊ ဆံပင်တွေ ကြောင်ကြောင်ကြားနှင့် အပယ်ခံတွေ က စေတနာဖြင့် ပိုက်ဆံစုကာ ဝယ်ပေးကြခြင်းဖြစ်သည်။
ကျွန်မလက်ခံလိုက်သည့် ဆောင်ပုဒ်တစ်ခုရှိပါသည်။ “ပျက်နေသည့် နာရီဆိုသည်မှာ တစ်ရက်တွင် နှစ်ကြိမ် တော့ မှန်တတ်သည်” ဆိုသည့်စကားဖြစ်သည်။
Written by မိုးမေ
Wild Man

No comments:

Post a Comment