Pages
▼
နေရာဒေသအလိုက် ဆေးတက္ကသိုလ် ၀င်ခွင့်ပြုသော စနစ်ပြောင်းလဲ
ဆေးတက္ကသိုလ် ၀င်ခွင့်ရရှိသော ကျောင်းသားများအား နေရာဒေသအလိုက်
ကျောင်းဝင်ခွင့်ပြုသည့် စနစ်ကို ယခု (၂၀၁၂-၁၃) ပညာသင်နှစ်တွင်
စတင်ပြောင်းလဲ ကျင့်သုံးလိုက်ကြောင်း ဆေးသိပံ္ပပညာ ဦးစီးဌာနမှ
သတင်းရရှိသည်။ ယခင်က ရန်ကုန်ဆေး တက္ကသိုလ် (၁)နှင့် (၂)တို့တွင် ရန်ကုန်
တိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများ၊ မန္တလေးဆေးတက္ကသိုလ်တွင် မန္တလေး
တိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများနှင့် မကွေးဆေး တက္ကသိုလ်တွင်
ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကျောင်းသား၊ ကျောင်းသူများအား
ကျောင်းဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ယခု ပညာသင်နှစ်တွင်
ရန်ကုန်ဆေးတက္ကသိုလ် (၁၊ ၂)တို့နှင့် မန္တလေး ဆေးတက္ကသိုလ်တို့၌
အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကျောင်းသား၊ ကျောင်းသူများကိုလည်း
ကျောင်းဝင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ “ဒီနှစ်ရဲ့ ထူးခြားချက်က
ရန်ကုန်ဆေးတက္ကသိုလ် (၁)နဲ့ (၂) မှာ ရန်ကုန်တိုင်းဒေသကြီးအပြင်
ရန်ကုန်နဲ့နီးတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဧရာဝတီ တိုင်းဒေသကြီးက ကျောင်းသားတွေကို
ဝင်ခွင့်ပြုလိုက်တယ်။ မန္တလေး ဆေးတက္ကသိုလ် ကတော့ မန္တလေး တိုင်းဒေသကြီးအပြင်
ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) က
ကျောင်းသားတွေကို ၀င်ခွင့်ပြုလိုက်တယ်။ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်နဲ့
ဝေးလံပြီး လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေက ဆေးတက္ကသိုလ်
ဝင်ခွင့်ရ ကျောင်းသားတွေကို မကွေးဆေးတက္ကသိုလ်ကို ၀င်ခွင့်ပြုတယ်” ဟု
ဆေးသိပံ္ပပညာဦးစီးဌာန၊ ဘွဲ့ကြိုဌာနစိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခု
ပညာသင်နှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁)တွင် ကျောင်းသား၊ ကျောင်းသူ ၄၃၀ ဦး၊
ရန်ကုန်ဆေးတက္ကသိုလ် (၂)တွင် ကျောင်းသား၊ ကျောင်းသူ ၃၆၀ ဦး၊ မန္တလေးဆေး
တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ ၃၇၉ ဦးနှင့် မကွေးဆေးတက္ကသိုလ်တွင်
ကျောင်းသား၊ ကျောင်းသူ ၉၉ ဦး တက်ရောက် ပညာသင်ယူခွင့် ရရှိခဲ့သည်။
ဆေးတက္ကသိုလ် ၀င်ခွင့်အမှတ် သတ်မှတ်ချက်မှာ ဆေးတက္ကသိုလ် လေးခု လုံးအတွက်
တစ်ပြေးညီ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်နှစ် တက္ကသိုလ်ဝင်တန်း ရမှတ်များထက်
သိသိသာသာ မြင့်တက်သွားခဲ့ကာ ကျား-၄၉၀ ဦးနှင့် မ-၅၀၈ မှတ်ထိ
ရောက်ရှိခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ထုတ် 7 Day News
ဂျာနယ်တွင် ဖော်ပြထားပါသည်။
2/Jan/2013
E-Mail this article Printable Version
No comments:
Post a Comment