Pages

Saturday, 2 March 2013

သွေးဖြင့်ဆေးသော ပြုပြင်ရေး



"ဆရာကိုချမ်းငြိမ်း အရိုက်ခံရလို့တဲ့။"
ထိုသတင်းသည် ကြံတောရွာတွင် ပျံ့နှံ့နေ၏။ ရွာသားများ တစ်ယောက်တမျိုး ဝေဖန်ရင်း သတင်းဖြန့် နေ၏။ တခဏချင်းပင် ထိုသတင်းသည် တောမီးကဲ့သို့ ကြံတောရွာ တစ်ရွာလုံး ပြန့်နှံ့သွားလေတော့ ၏။
"ဆရာ မုဒုံဆေးရုံ ရောက်နေပြီတဲ့။"

ကျောင်းသားများကလည်း မိမိတို့၏ ဆရာ့သတင်းကို အချင်းချင်း တီးတိုးပြောကြကုန်၏။ အချို့လည်း ဆေးရုံသို့သွားရောက်ပြီး သတင်းမေးကြကုန်၏။ မုဒုံဆေးရုံကြီးမှ ပြန်လာကြသော ရွာသားများကို ရွာမှ ကျန်နေသောလူများက သတင်းမေးရင်းနှင့် ဆရာကိုချမ်းငြိမ်း၏ သတင်းသည် တရွာလုံး မွှေးနေတော့ ၏။
မှန်ပါသည်။ ကြံတောရွာမှ မူလတန်းဆရာ ကိုချမ်းငြိမ်းတစ်ယောက် ချောင်းရိုက်ခံရပါ၏။
မူလတန်းဆရာတစ်ယောက် ခေါင်းကွဲအောင် အရိုက်ခံရသည်ဆိုသော သတင်းကြောင့် ဘေးရွာများက ပင် အံ့သြကုန်ကြ၏။ လူတိုင်းမေတ္တာရှိသော ကျောင်းဆရာတစ်ယောက် ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသရလောက်အောင် ခေါင်းကွဲရသည်မှာ ထူးထွေသည့် အံ့ရာသော်ပင်။
ဤသို့ ခေါင်းကွဲရသည့် အကြောင်းရင်းကို ဆေးရုံသို့လိုက်ပို့ပေးကြသော ဆရာကိုဖိုးအေးနှင့် ကိုစံမောင်တို့သာ သိကြပါ၏။ ဆရာတို့၏ စည်းရုံးရေး ရလဒ်ကားဆရာကိုချမ်းငြိမ်းခေါင်းမှ သွေးထွက် ရသည့်အဖြစ်ကို ရင်ဆိုင်ရခြင်းတည်း။
မုဒုံမြို့မှ ချောင်းနှစ်ခွသို့ ပြေးနေသော ခရီးသည်တင်ဘတ်စ်ကားတစီးသည် တောင်ညိုတောင်တန်း ပေါ်ရှိ ခုနှစ်ထွေကွေ့ကို ဖြတ်ကျော်နေ၏။ ထိုကားပေါ်တွင် မုဒုံဆေးရုံမှ ပြန်လာသော ဆရာကိုဖိုးအေးတစ်ယောက်သည် ခရီးသည်များကြားတွင် လိုက်ပါလာ၏။ ကားဘေးတွင် တရိပ်ရိပ် ပြေးနေသော သစ်ပင်များကိုကြည့်ရင်း မိမိတို့၏ ဖြစ်ကြောင်းကုန်စင်ကို စဉ်းစားတွေးတောလာ၏။
ကိုဖိုအေး၊ ကိုစံမောင်၊ ကိုချမ်းငြိမ်းတို့သည် ၁၉၇၀ ခုနှစ်မှစ၍ ကျိုက်မရောမြို့နယ် ကြံတောရွာတွင် မူလတန်း လက်ထောက်ဆရာအဖြစ် ခန့်ထားခြင်းခံရ၏။ သုံးယောက်စလုံး အခြေခံပညာရေး အထက်တန်း "က" ဆင့် "ခ" ဆင့်အောင်ပြီးကြပြီဖြစ်၏။ ကိုချမ်းငြိမ်းက ရေနံချောင်းဇာတိ၊ ကိုဖိုးအေး က သထုံဇာတိ၊ ကိုစံမောင်က ရေးဇာတိ၊ လူလွတ်သုံးယောက် ကြံတောရွာတွင် ကုသိုလ်လာဆုံကြ၏။
ရောက်စက မပျော်။ ထို့နောက် ကလေးများနှင့် စာသင်လာရသည့်အလုပ်ကို ပျော်ပိုက်လာကြ၏။ ရိုးသားသော ရွာသားများနှင့် ရင်းနှီးလာကြ၏။ စေတနာနှင့် သံယောဇဉ်တွယ်လာပြီး ကျောင်းဆရာ ဘဝကို ပျော်မွေ့လာကြ၏။ ကြံတောရွာသည် မုဒုံမြို့နှင့် ၁၂ မိုင်ဝေးကွာ၏။ တောင်ညိုတောင်ရှေ့တွင် တည်ရှိ၏။ မုဒုံချောင်းနှစ်ခွ ကားလမ်းဘေးတွင် ရှိ၏။ မြို့နှင့်မဝေးကွာလှသော်လည်း ခေတ်အမြင်၊ ခေတ်အတွေး၊ တော်တော်နောက်ကျသော ရွာဖြစ်၏။ လယ်သမား၊ ခြံသမား၊ ရော်ဘာစေးခြစ်သမား စသော တောသူ တောင်သားများနေထိုင်ကြ၏။ စာတတ်သူလည်း နည်းပါး၏။ ထို့ကြောင့် အ-သုံးလုံး ညနေသင်တန်းကို ဖွင့်လှစ်ပေးရ၏။ ကလေးများကလည်း လေးတန်းအောင်ပြီး အလယ်တန်း ဆက်မ တက်ကြ။ ထို့ကြောင့် ခေတ်ပညာတတ် မရှိသလောက်ပင် ဖြစ်၏။
ကိုဖိုအေးတို့က အလယ်တန်းကျောင်း ဆက်နေရန်စည်းရုံးတိုက်တွန်းကြ၏။ ခရီးလမ်းပန်း ခက်ခဲမှုကို အကြောင်းပြကြ၏။ မိမိတို့ သားသမီးကို မိဘနှင့်ဝေးဝေးလံလံလည်း မထားနိုင်ကြ။ စီးပွားရေးမချောင် လည်ခြင်းနှင့် ဆင်ခြင်ပေးကြ၏။ ကိုချမ်းငြိမ်းတို့သည် စည်းရုံးရင်း ပညာပေး၊ ပညာပေးရင်း စည်းရုံးဟူ သောဆောင်ပုဒ်နှင့်အညီ ကြိုးစား၍ စည်းရုံးပညာပေးနေကြသော်လည်း ၎င်းတို့စည်းရုံး၍ ပညာပေး၍ မရသော အချက်ကားရှိနေပါချေ၏။
ထိုအချက်ကို ကိုချမ်းငြိမ်းတို့ သဘောမကျ။ စွန့်ပစ်သင့်ပြီဖြစ်သော ခေတ်ဟောင်း အတွေးအခေါ် တစ်ရပ်ပင် ဖြစ်ပါ၏။
၎င်းကား ပဒေသရာဇ်စနစ်မှ အခြေခံခဲ့သော နတ်ကခြင်းပင်။ ကြံတောရွာသားများသည် ၎င်းတို့၏ မိရိုး ဖလာထုံးစံအရ နတ်ကိုးကွယ်ကြ၏။ ကိုဖိုးအေးတို့က စုန်းနတ်တစ္ဆေဆိုသည်မှာ မရှိကြောင်း ရှင်းပြ သည်။ မျက်မှောက်သိပ္ပံခေတ် အမြင်များကို ရှင်းပြ၍ စည်းရုံးသည်။ မရ။
ရွာတွင် နာဖျားကြလျှင် နတ်ကကြ၏။ အိမ်တွင်တစ်ယောက်နေမကောင်းဖြစ်လျှင် ဆွေမျိုးများစုပြီး နတ်ကကြ၏။ နတ်ကရသော စရိတ်များကြောင့် စားဝတ်နေရေး မလောက်မငှနှင့် အကြွေးတင်ကာ စီးပွားရေး ကသောင်းကနင်း ဖြစ်ကြ၏။
ကိုချမ်းငြိမ်းတို့က နတ်ကခြင်းသည် အကျိုးမရှိ၊ အဓိပ္ပာယ်မရှိကြောင်း ရှင်းပြ၏။ အလဟဿ ငွေဖြုန်း ခြင်းဖြစ်ကြောင်း ပြောပြ၏။ သို့သော် နားမဝင်ကြ။ ၎င်းတို့ကိုပင် အထင်မှားကာ ဆက်ဆံရေး တင်းမာ လုနီး ဖြစ်ကြရ၏။
ထိုအရေးအခင်းတွင် ကိုချမ်းငြိမ်းနှင့် နတ်ကတော်များ၏ ဆက်ဆံရေးသည် တော်တော်တင်းမာလာ၏။ နတ်ကတော်တွင်မဟုတ်သေး။ တောရွာတခွင် လိုက်လံပြီး ဆေးကုစားနေသော ဒေါက်တာ ရမ်းကုများ နှင့်လည်း အဆင်မပြေ ရင်ဆိုင်ရ၏။
ကိုချမ်းငြိမ်းသည် ကြက်ခြေနီ နည်းပြသင်တန်းကို ကျောင်းသားဘဝကတည်းက အောင်မြင်ထား၏။ ဖခင်ကလည်း ဆေးတပ်တွင် စစ်မှုထမ်းသဖြင့်၊ ကိုချမ်းငြိမ်းအနေဖြင့် ဆေးဝါးနှင့် ကျန်းမာရေးအ ကြောင်း အတော်အတန် တီးမိခေါက်မိ၏။
ဒေါက်တာ ရမ်းကုများသည် တောရွာတွင် အနှံ့လျှောက်ပြီး ဆေးညာထိုးနေကြ၏။ ရွာမှ ရောဂါဖြစ်သူ များသည် ထိုရမ်းကု ဆရာများနှင့် ဆေးကုသခံနေကြသဖြင့် ဆေးထိုးမှားသေသူပေါင်း မနည်းတော့ ချေ။ ကျောင်းမှ ကလေးများပင် ကြက်ညှာ ချောင်းဆိုး၊ တိုက်ဖွိုက်ရောဂါဖြစ်ရာ ဆေးရုံမသွားဘဲ ဒေါက်တာရမ်းကုများနှင့် ကုကြသဖြင့် ရမ်းကုဆရာများလက်တွင် အသက်ဆုံးကြရသည်လည်း မနည်း တော့ချေ။ ထိုအခါ ကိုချမ်းငြိမ်းက ဆေးရုံသို့သွားရန် တိုက်တွန်း၏။ ရမ်းကုဆရာများနှင့် မကုသဘဲ ဆရာဝန်ထံ သွားပြရန်အကြံပေး၏။ ထိုအခါ ရမ်းကုဆရာများသည် မိမိတို့အကျိုးစီးပွားကို တိုက်ခိုက် လာသော ကိုချမ်းငြိမ်းအား ရန်သူလို သဘောထားလာကြတော့၏။
ဒေါက်တာရမ်းကုများပင် မဟုတ်၊ နတ်ကတော်များကလည်း မိမိတို့အား နတ်မကနိုင်အောင် ပြုလုပ်နေ သည်မှာ ကိုချမ်းငြိမ်းဟု တစ်တရားခံအဖြစ် သတ်မှတ်လာကြတော့၏။
"ကျုပ်အတန်းက အောင်ထိန်ဗျာ၊ ဟိုနေ့ကဖျားလို့ ကျောင်းမတက်နိုင်တာ အိမ်လိုက်မေးတော့ နတ်လုပ်လို့ ဖျားတာတဲ့။ ကျုပ်ကမဟုတ်ဘူး၊ အပူရှပ်လို့ ဖျားတယ်ပြောတော့ သဘောမပေါက်ဘူးဗျာ၊ နတ်ပုဆိုးမှာ အစွန်းပေသွားလို့ သတိပေးတာတဲ့။ အဲဒါနတ်ကဘို့ပါ စီစဉ်နေကြတယ်။ ကျွန်တော်က နတ်လုပ်တာမဟုတ်ဘူး၊ နတ်ကစရာ မလိုဘူး ပြောမိတာ ဘုမှုတ်လွှတ်တယ်ဗျာ။"
တနေ့ ကိုချမ်းငြိမ်း ထိုသို့ မျက်နှာငယ်နှင့် ကိုစံမောင်နှင့် ကိုဖိုးအေးတို့ကို ပြောရှာ၏။
မဖွံ့ဖြိုးသေးသော ဒေသတွင် စည်းရုံးနေရသော ကျောင်းဆရာများ၏ ဘဝသည် ထွန်နှင့်ရုန်းနေရ သောနွားနှယ် ပင်ပန်းလှပါ၏။
"ဘဲ့နဲ့လဲ ကိုဖိုးအေး၊ ကိုချမ်းငြိမ်း အခြေအနေ။"
ကိုစံမောင်က၊ ကိုဖိုးအေး ရွာသို့ပြန်ရောက်ရောက်ချင်း ဆီးမေး၏။
"ဒဏ်ရာက သိပ်မစိုးရိမ်ရတော့ပါဘူး။"
"အေးဗျာ ကိုချမ်းငြိမ်းကို ဒီရမ်းကုဆရာတွေနဲ့ နတ်ကတော် တပည့်တွေ ဝိုင်းရိုက်တာ အရေးမကြီး ဘူးဗျ။ ခုရွာမှာ အခြေအနေ တော်တော်ပြောင်းလဲနေတယ်ဗျာ။"
ကိုစံမောင်က ညည်းညည်းညူညူ ပြောလိုက်၏။ ကိုဖိုးအေးလည်း အံ့သြသည့်မျက်နှာနှင့် ကိုစံမောင် ကိုပြန်မေးလိုက်သည်။
"ဘယ်လိုဖြစ်နေကြပြန်ပြီလဲ။"
"ရွာအရှေ့စုနဲ့ အနောက်စု ဂိုဏ်းကွဲပြီး မတဲ့ကြတော့ဘူးဗျ။"
"ဟင်-ဘယ်လိုဖြစ်လို့လဲ။"
"ရွာအရှေ့စုက တိုးတက်တဲ့ အမြင်ရှိကြတယ်ဗျ။ ကျွန်တော်တို့ရဲ့ ကိုချမ်းငြိမ်းကို ဝိုင်းရိုက်ဘို့ နတ်က တော်တပည့်တွေနဲ့၊ ရမ်းကုဆရာ တပည့်တွေကို မြှောက်ပေးတာ အယူသီး အနောက်အုပ်စုဆိုပြီး စွပ်စွဲတယ်ဗျာ။ အနောက်ကလဲ ဒီလိုစွပ်စွဲခံရတော့ ရှက်ရမ်းရမ်းပြီး စကားများကြတယ်ဗျာ။ စကား တောင်မပြောကြတော့ဘူး။"
ကိုစံမောင်၏ စကားသံကိုကြားရသော ကိုဖိုးအေး၏ မျက်နှာတွင် ဝမ်းနည်းမှု အရိပ် အရောင်များ ပေါ် လာတော့၏။
မိမိတို့ကြောင့် ရွာသားများ စိတ်ဝမ်းမကွဲပြားစေချင်၊ မိမိတို့ စည်းရုံးရေးသည် အဘယ်ကြောင့် ရွာသား များကို ဒုက္ခဖြစ်အောင် ဖန်တီးရပါလိမ့်ဟုလည်း နားမလည် ဖြစ်လာမိ၏။ မိမိတို့က စေတနာဖြင့် ရွာတိုးတက်ရေးနှင့် အတွေးအခေါ် မှန်ကန်ရေးတို့အတွက် စည်းရုံးရာ ဆရာတစ်ယောက် ခေါင်းကွဲခံ ရပြီး ရွာပါ နှစ်ခြမ်းကွဲမည့်ပုံ ပေါက်နေ၏။
တစ်ပတ်ခန့်ကြာသော် ကိုချမ်းငြိမ်းဆေးရုံမှဆင်းလာ၏။ အရှေ့စုမှရွာသားများက အမှုဖွင့်ရန် တိုက် တွန်းကြ၏။ အနောက်စုသားများကလည်း မိမိတို့လိပ်ပြာမသန့်ပဲ မခေါ်ရဲ ဖြစ်လာကြ၏။ ဘေးရွာများ က ဤအမှုကိုကြားသော် အနောက်စုသားများကို အထင်သေး ပြစ်တင်ရှုတ်ချကြကုန်၏။
"ကျွန်တော် ဘယ်လိုမှ သဘောမထားပါဘူးဗျာ။ ကျွန်တော့်စေတနာကို သဘောမပေါက်သေးလို့ ခုလို ဖြစ်တာပါ။ တစ်နေ့သူတို့ ကျွန်တော့်စေတနာကို နားလည်လာမှာပါပဲ။"
"ဆရာရယ် - ဆရာဟာ ဘုရားလောင်းလား၊ ဒီလောက်သည်းခံနေယင် ဆရာ့စေတနာကိုရော အသက်ကိုပါ စော်ကားလာပါအုံးမယ်။ မှတ်လောက် သားလောက်အောင် ဆုံးမလိုက်စမ်းပါဆရာ ရယ်။"
အရှေ့မှ ရာအိမ်မှူး ဦးစံလွန်းက မချင့်မရဲပြော၏။
"မဟုတ်ဘူးလေ နေရာတကာမှာ ဒေါသရှေ့မထားပါနဲ့ ဦးလေးရယ်၊ ချစ်စကိုရှည်စေ မုန်းစကို တိုစေရ မယ်တဲ့။ ကျွန်တော်တို့ ကျောင်းဆရာတွေဟာ ရွာအကျိုးကို တတ်နိုင်သလောက် သည်းခံပြီးစည်းရုံးရ မဲ့တာဝန်၊ ပညာပေးရမဲ့တာဝန် ရှိပါတယ်။ ကျွန်တော်တို့ စိတ်ရှည်ရှည်ထားရမယ်။ တခြားသူဒုက္ခ မဖြစ် ရအောင် အထူးသတိထားရမယ်။"
ရွာလူကြီးများဖြစ်သော ဦးပင့်၊ ဦးစံလွန်းတို့သည် ကိုချမ်းငြိမ်းအား နားမလည်သော အကြည့်ဖြင့် ကြည့် ကြကုန်၏။
ညတညက ဖြစ်၏။ ကြံတောရွာ တရွာလုံးမှာလည် အိပ်မောကျနေကြပါ၏။
"မီးဗျို့….မီး….." ဟူသောအသံက တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည်။
"ဒေါင်…..ဒေါင်……ဒေါင်…..ဒေါင်" "တောက်…..တောက်……တောက်…..တောက်" ကြံတောရွာ တရွာ လုံး၊ သံချောင်းသံ၊ တုံးခေါက်သံများ ဆူညံစွာ ပေါ်ထွက်လာတော့၏။
ဆရာကိုစံမောင်တို့လည်း အသံကြားလျှင် ကြားချင်းထကြည့်ကြရာ၊ ရွာအနောက်စုတွင် မီးလောင်နေ ပြီဖြစ်သည်ကို တွေ့ရတော့၏။ ချက်ချင်း မီးလောင်ရာသို့ သုံးယောက်စလုံး ပြေးသွားကြတော့၏။
"ဟေ့…မီးက……ကျောင်းနား နီးလာပြီကွ…..ကျောင်းခေါင်းမိုးပေါ်တက်ပြီး ဖက်တွေ ဖျက်ချကြရ အောင်….။"
ဆရာကိုစံမောင်က ကျောင်းသားကြီးများနှင့် ကာလသားများကို ခေါ်ပြီး ကျောင်းဆီသို့ပြေးကာ အမိုး များကိုတက်ဖျက်တော့၏။
"ဗျို့….ရော်ဘာစေးခြစ်သမားတွေ…ခင်ဗျားတို့ သံပုံးတွေအကုန်ယူပြီး ရေမြန်မြန် ခပ်လာကြပါ။"
ဆရာကိုဖိုးအေး၏ အော်သံကြောင့် ရွာသားများသည် ရေပုံးများဆွဲကာ ရေတွင်းဆီသို့ ပြေးခပ်လိုက်၊ မီးလောင်ရာသို့ ပြေးပက်လိုက်နှင့် အလုပ်ရှုပ်နေကြတော့၏။ ခဏကြာသော် ဤသို့လုပ်နေရင်းမှ လက်ဆင့်ကမ်းရေသယ်ပြီး ပက်ကြတော့၏။ ကိုချမ်းငြိမ်းက မီးလောင်သောနေရာနှင့်နီးသော အိမ် အမိုးများကို ဖျက်ချရန် လိုက်အော်၏။ အထုပ်အပိုးပိုက်ပြီး ပြေးသူပြေး၊ ပစ္စည်းများ ရသလောက် သယ်ချပြီး ဖွက်သူဖွက်နှင့် လူကြီးတွေရဲ့အော်သံ၊ ကလေးငိုသံများဖြင့် တရွာလုံး ကမ္ဘာပျက်သလို ဖြစ်နေတော့၏။
"ဦးပါခွေးတို့…ဦးကွန်တို့ရေ တခြားအိမ်တွေကို မီးမကူးအောင် လုပ်ထားကြပါ…..ရေအလျင် မှီလာပြီ ဗျို့……။"
ဆရာကိုစံမောင်သည် အသံရှိသမျှနှင့်အော်ပြီး သတိပေးနေသည်။
"ပက်ထားဟေ့……ပက်ထား။ ငြိမ်းကုန်ပြီကွ….။"
သူကြီးဦးမဲက အမောတကောအသံကြီးနှင့် အော်ပြောနေ၏။ ]
"ဟာ…..နတ်ကတော်အိမ် မီးစွဲနေပြီ….။"
ဆရာကိုချမ်းငြိမ်းသည် ပြောပြောဆိုဆို နတ်ကတော်အိမ်သို့ ပြေးလေတော့၏။ ကာလသားများလည်း ဝိုင်းကူညီရန် ပြေးသွားလေ၏။
"အမလေး…..လုပ်ကြပါအုံး…..ကျမသားလေး…..အိမ်ထဲမှာ ကျန်နေတယ်……။"
မီးလောင်လျှင်လောင်ချင်း ပစ္စည်းဇောဖြင့် ပစ္စည်းထုပ်ကိုသာ ဆွဲပြေးထွက်လာသော နတ်ကတော် ဒေါ်စောလှသည် စိုးရိမ်တကြီးနှင့် အော်တော့၏။ မျက်နှာမှာလည်း သွေးမရှိတော့ချေ။
ထိုအခါ ကိုချမ်းငြိမ်းသည် မိမိကိုယ်ကို ရေထဲနှစ်ထည့်လိုက်ပြီး ရေစိုနေသော ကိုယ်လုံးဖြင့် နတ်က တော်ဒေါ်စောလှ၏ အိမ်ထဲသို့ ပြေးတက်တော့၏။ မီးများထရံကို လောင်စပြုနေပြီ ဖြစ်ပါ၏။
"ဟိုမှာ…ဆရာ….ကလေးကိုပွေ့ပြီး ထွက်လာနေတယ်…..။"
ဦးစံလွန်း ညွှန်ပြရာသို့ ကြည့်လိုက်ရာ ဆရာကိုချမ်းငြိမ်းသည် လေးနှစ်အရွယ် ကလေးတစ်ယောက်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ပွေ့ဖက်ပြီး မီးညွှန့်များကြားထဲမှ ပြေးထွက်လာနေ၏။
"ဟေး….သွားပြီး ဝိုင်းကူဆွဲကြကွာ….။"
ဦးပင့်က ကာလသားများကို အမိန့်ပေးလိုက်၏။ ကာလသားများသည် ကိုချမ်းငြိမ်းလက်မှ ကလေးကို လှမ်းယူလိုက်ကြ၏။ ထိုစဉ် အိမ်တိုင်ကြီး တစ်လုံးသည် မီးရှိန်ဖြင့် ကျိုးကျလာပြီး ကိုချမ်းငြိမ်း၏ ခေါင်းကိုထိတော့၏။ ကိုချမ်းငြိမ်း၏ ယခင်ဒဏ်ရာဟောင်းမှ သွေးများ ဖျာကနဲကျလာပြီး သူပါမြေကြီး ပေါ်သို့လဲကျသွားရှာ၏။
ဖြစ်ပုံကား ဤသို့တည်း။
ကြံတောရွာ အနောက်စုမှ ဦးမောင်ခွာသည် သားတစ်ယောက် နေမကောင်းသဖြင့် နတ်ကတော် ဒေါ်စောလှကို ဗေဒင်သွားမေးရာ ဒေါ်စောလှက ရွာလယ်နတ်စင်တွင် မီးသက်စေ့ပူဇော်ရန် ညွှန်ကြား လိုက်၏။ ဒေါ်စောလှညွှန်ကြားမှုကြောင့် ဦးမောင်ခွာသည် နတ်စင်တွင် ဆီမီးသွားပူဇော်ထား၏။
နတ်စင်ဘေးတွင် ရော်ဘာပင်များ၊ သစ်ရွက်ခြောက်အမှိုက်များဖြင့် ပြည့်နှက်နေ၏။ နတ်စင်တွင် ဆီမီး ပူဇော်ထားသော ဖယောင်းတိုင်မီးသည် ကုန်လာပြီး နတ်စင်ပေါ်ရှိ ကြွေကျနေသော ပန်းခြောက်များ ကိုလောင်ကျွမ်းကာ နတ်စင်ပါ မီးစွဲလောင်တော့၏။
ထိုအချိန်ထိ ရွာသားများမသိကြသေး၊ ထိုညကလေကလည်း တိုက်နေသည်။ ခဏကြာသော် သစ်ရွက် များပါလောင်ပြီး၊ နတ်စင်ဘေးရှိ သစ်ခြောက်ပင်ကို မီးလောင်တော့၏။ တဖန်သစ်ခြောက်ပင် ဘေးနားရှိ  ဦးချစ်တင်အိမ်ပါ မီးကူးတော့၏။
အိပ်ပျော်နေရာမှ မီးကြောင့် လန့်နိုးလာသော ဦးချစ်တင်၏ အော်သံကြောင့် ရွာသားများ နိုးကုန်ကြ တော့၏။ ထိုအခါတွင် နတ်စင်ကို စွဲသောမီး၊ သစ်ခြောက်ပင်ကို လောင်သောမီး၊ ဦးချစ်တင်၏အိမ်ကို လောင်သောမီးစသည်တို့ကို ဝိုင်းသတ်ကြရာ မနိုင်နင်းတော့ပဲ လူစုသံချောင်း ခေါက်ရတော့၏။ ထိုအခါမှဆရာများရော တရွာလုံးပါ မီးထသတ်ကြတော့၏။
အဆုံးတွင်ကား အိမ်ခြောက်အိမ် ပြာကျသွားရလေသည်။ ကျောင်းမှလည်း ကြိုတင်ကာကွယ်သည့် သဘောဖြင့် အမိုးများ ဖျက်ချလိုက်ရ၏။ မီးလောင်ပြင်နှင့် ကျောင်းနေရာသည် ကိုက်တရာသာ ကွာ ဝေး၏။
မိမိကြောင့် ရွာမီးလောင်ရသဖြင့် ဦးမောင်ခွာသည် စိတ်ညစ်ပြီး အရက်မူးနေတော့၏။ အရင်းစစ်လိုက် သော် နတ်ကို ဆီမီးပူဇော်လိုက်ရသဖြင့် သားလည်းနေကောင်းမလာချေ။ စီးပွားလဘ်လာဘ တိုးပွား သည် မတိုးပွားသည်မသိ။ လောလောဆယ် ရွာမှအိမ်ခြောက်အိမ်ပြာကျပြီး မွဲသွားကြကုန်၏။ နောက်နေ့တွင် ဦးမောင်ခွာ အရက်မူးလာပြီး မိမိအိမ်ရှိနတ်အုန်းသီးများ၊ နတ်ပုဆိုးများ၊ ကန်တော့ပွဲ များကို ဓားနှင့် ချေမွခုတ်ပိုင်းတော့၏။
နတ်ကတော် ဒေါ်စောလှအိမ်လည်း ပြာကျသွား၏။ တိုင်ငုတ်တောင်မကျန်ချေ။ အရှင်ကြီး အလိုကျ နတ်စင်နှင့် နီးနီးနားနား အိမ်ဆောက်ထားရာ အရှင်ကြီးလည်း မကယ်နိုင်၊ မိမိလည်း မကယ်နိုင်၊ တရွာလုံးလည်း မကယ်နိုင်တော့ချေ။ ကံကောင်းထောက်မသဖြင့်သာ သားကလေးအသက် ချမ်းသာ ရာ ရခဲ့၏။
သားကလေးအသက်ကိုလည်း အရှင်ကြီးက ကယ်သည်မဟုတ်၊ ဆရာကိုချမ်းငြိမ်း အသက်စွန့်ကယ် ပေလို့သာ သေကံမရောက်ခြင်း ဖြစ်သည်။ ယခင်ကလည်း မိမိတို့အုပ်စုဝင် ဂိုဏ်းသားတပည့် လက်သားများ ဝိုင်းရိုက်သဖြင့် ဆရာကိုချမ်းငြိမ်း ခေါင်းကွဲ၍ သွေးထွက်သံယိုဖြစ်ကာ ဆေးရုံရောက်ခဲ့ ရဘူး၏။ ယခုလည်း မိမိ၏ရင်သွေး၏ အသက်ကိုကယ်တင်ရင်း ခေါင်းတွင်သွေးအလိမ်းလိမ်းဖြင့် ဆေးရုံရောက်ရပြန်၏။ ထိုနေ့မှစ၍ နတ်ကတော် ဒေါ်စောလှတစ်ယောက် နတ်မကတော့ချေ။
"ကိုချမ်းငြိမ်းရေ…..ဒီတစ်ခါတော့ ခင်ဗျားခေါင်းဒဏ်ရာက သွေးတွေနဲ့ ရွာသားတွေရဲ့ အတွေးအခေါ် ဟောင်းကို ဆေးလိုက်ပြီပေါ့ဗျာနော်…။"
ယနေ့ကိုချမ်းငြိမ်း ဆေးရုံကဆင်းသည်။
ဒေါ်စောလှနှင့် သူ့သားမောင်လှသိန်းပါ လာကြိုကြ၏။ မုဒုံကြံတောရွာအပြန် ကားပေါ်တွင် ကိုဖိုးအေး က အထက်ပါအတိုင်း ကိုချမ်းငြိမ်းကို ပြောလိုက်ခြင်းဖြစ်၏။
"ရွာရဲ့အတွေးသစ် အမြင်သစ်ရအောင် တိုးတက်ဘို့ပြုပြင်ရာမှာ သွေးနဲ့ဘဲ ဆေးရဆေးရ….အသက် နဲ့ဘဲလဲရလဲရ…..ဝန်မလေးပါဘူးဗျာ…..။"
ကိုချမ်းငြိမ်းက တပြုံးပြုံးနှင့် ပြန်ပြောတော့၏။
"အေးကွယ်….နတ်ကတဲ့အလုပ်ဟာ ဘာမှအကျိုးမရှိဘူးဆိုတာ ဒေါ်ဒေါ်ယုံပါပြီကွယ်၊ တနေ့က မောင်လှမောင် ငန်းဖျားဖြစ်တာ ဆေးရုံသွားလို့ပျောက်တာ လက်တွေ့ပဲ။ ဒေါ်ဒေါ်တူလေးတစ်ယောက် လှမောင်လိုဖြစ်တာ နတ်ကတယ်။ ဆရာရမ်းကုတွေနဲ့ ဆေးထိုးတယ်။ မထူးခြားတဲ့အပြင် သေသွားခဲ့ရ ဘူးတယ်….။"
ဒေါ်စောလှက နောင်တတရားရသံနှင့် ပြောလေ၏။ တကယ်လည်း အမြင်မှန်ရသွားပြီ၊ ဟုတ်ပါသည် နတ်စင်တွင်မီးထွန်း၍ ရောဂါမပျောက်ခဲ့သော ဦးမောင်ခွာ သားလှမောင်သည် ဆေးရုံတွင်ကုသသဖြင့် ပျောက်သွားပေပြီ….၊ ဒေါ်စောလှအပါအဝင် ရွာသားများ ဆေးရုံကိုအားကိုးရမှန်း သိလာကြပြီ ဖြစ်ပါ သည်။ မည်သူမျှ ဖျားနာတိုင်း နတ်မကကြတော့ပေ။
"ဒါပေါ့….ဒေါ်ဒေါ်။ ဒေါ်ဒေါ်တို့နတ်ကလို့ ကုန်ကျတဲ့ ငွေတွေဟာ ရွာမှာ ကျောင်းဆောက် …. တံတားပြင်နိုင်တာပဲ မဟုတ်လား။ နတ်ကပြီး ဦးမင်းကျော်လို၊ မင်းကလေးလို အရက်မူးတော့… ငွေကုန်တာပဲ အဖတ်တင်တာပေါ့…." ကိုစံမောင်က ရှင်းပြပြန်သည်။
"အေးကွယ်…ဒေါ်ဒေါ်သဘောပေါက်ပါပြီကွယ်၊ ဆရာလေးတို့ရဲ့ ရပ်ရွာပြုပြင်ရေး လုပ်ငန်းတွေမှာ ဒေါ်ဒေါ်ငွေအားရော….လူအားရော တတ်နိုင်သလောက် ကူညီပါ့မယ်ကွယ်။"
ဒေါ်စောလှ၏ စကားကိုကြားရတော့ ကိုချမ်းငြိမ်း၊ ကိုဖိုးအေးနှင့် ကိုစံမောင်တို့ သုံးဦးစလုံးသည် ပီတီဖုံး သောအကြည့်ဖြင့် တစ်ဦးကိုတစ်ဦး ပြုံးလိုက်ကြတော့၏။
မိမိတို့၏စည်းရုံးရေး အောင်မြင်မှုအတွက် ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူမိကြ၏။
ကိုချမ်းငြိမ်း ခေါင်းကွဲရသော သွေးများသည် ကြံတောရွာသားများ၏ ဟောင်းနွမ်းနေသော ပဒေသရာဇ် အတွေးအခေါ်ဖြစ်သည့် နတ်ယုံကြည် ကိုးကွယ်မှုနှင့် ဒေါက်တာရမ်းကုများထံ ဆေးကုသမှုတို့ကို တိုက်ဖျက် ဆေးကြောပစ်လိုက်ပြီ ဖြစ်ပါတော့၏။
Written by သက်ထွဏ်းဦး 
ပညာလောက စာစောင်
အတွဲ (၃) ၊ အမှတ် (၃) ၊ ၁၉၇၂ ၊ ဇူလိုင်လ။

No comments:

Post a Comment