Pages

Thursday, 28 March 2013

တခါတုန်းက မြန်မာပြည်မှာ(၃)


                             
အချိန်ကား ၁၉၉၄ ခုနှစ်၊ ဗိုလ်ချုပ်ခင်ညွန့်မှ စီနီယာဗိုလ်ချုပ်ကြီးများထံမှ အာဏာမသိမ်းခင်၊။ တနေ့လုံး စာသင်ပြီးနောက် ညနေခင်း၌ အေးအေးဆေးဆေးအနားယူနေစဉ် ၈၈-ပြည်သူ့ အရေးတော်ပုံ ကာလ အတွင်း ရန်ကင်း မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းသားသမဂ္ဂဥက္ကဌလုပ်ခဲ့သူ တပည့်ဟောင်းတစ်ဦးရောက်လာပါသည်။
သူက “ဆရာရေ ဆရာစိတ်ဝင်စားမယ့် အလုပ်တစ်ခု ပါလာတယ်၊ ဆရာ လုပ်မယ် လို့လဲယုံကြည်တယ်” ဟုပြောသည့်အတွက် ကျွန်တော်က “အောင်မယ် ဘာအလုပ်မို့လို့လဲ”  ဟုပြန်ပြော လိုက်ပါသည်။ အဲဒီအခါ သူက “ကုမ္ပဏီကြီးတစ်ခုက ကျွန်တော့်ကားကို ငှားထားတယ်၊ အဲဒီအပြင် ကျွန်တော်ကို ကိုယ်တိုင် ကားမောင်းပေးပါဆိုလို့ ဒရိုင်ဘာရော ကားပိုင်ရှင်ပါဖြစ်နေတယ်၊ အခု ကုမ္ပဏီမှာ အကြံပေးသဘော မျိုးလူလိုနေလို့ ကျွန်တော်က ကျွန်တော့်ဆရာတစ်ယောက် ဥပဒေလဲတတ်တယ်၊ စီးပွားရေးပညာလဲတတ်တယ် အပေါင်းအသင်း လဲဆန့်တယ်လို့ ပြောလိုက်လို့ သူတို့က ဆရာနဲ့တွေ့ချင်တယ်တဲ့၊ ဆရာ သူတို့နဲ့ တွေ့ဖို့ အဆင် ပြေမလား” ဟုမေးပါသည်။ ကျွန်တော် တွေဝေသွားရသည်။ အကြောင်းမှာ  သူတို့အလုပ်ကို လက်ခံလိုက်ပါက လက်ရှိစာသင်နေတဲ့ဝိုင်းတွေဖျက်ရမှာဖြစ်သည့်အတွက်ဖြစ်သည်။ သို့ပေမယ့် ဒီနေ့ နိုင်ငံတော်နှင့် ပတ်သက်ပြီး ကိုယ်တွေ့သိချင်နေတာတွေ ရှိနေသည်။ အများပြောစကားများအရ တစ်ခုမှ အကောင်းမရှိပါ။ ကုမ္ပဏီများက ဗိုလ်ချုပ်များနှင့်ပေါင်း၍ တိုင်းပြည်၏ဘဏ္ဍာငွေများအား ပက်ပက်စက်စက် အလွဲသုံးစားလုပ်နေသည်၊ ဘယ်လိုတွေလိမ်နေသည်ဆိုသည့်သတင်းများသည် နားနှင့်မဆန့် အောင်ဖြစ်နေသည့်အတွက် ဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျပါသိချင်သည့်အတွက် ခေါင်းငြိမ့်ပြီး “အေးကွာ ခေါ်ခဲ့”ဟုပြန်ပြောလိုက်ပါသည်။
နောက်တနေ့ ညနေ၌ အိမ်မှစောင့်နေစဉ် တပည့်ကျော်၏ spinter ကားအဖြူလေးနှင့် Managing Director ဆိုသူ အသက်(၃၀)ကျော် အသားဖြူဖြူမိန်းမချောတစ်ယောက်နှင့် အရပ်ထောင်ထောင်မောင်းမောင်း လူရည် သန့်တစ်ယောက်(သူ့အသက်ကလည်း ခန့်မှန်းခြေ(၃၀)လောက် သာရှိပေမည်) ပါလာသည်။ တပည့်ဟောင်းက “ဆရာ စားသောက်ဆိုင်တစ်ခုခုသွားရအောင်၊ ဟိုမှာ အေးအေးလူလူ စကားပြောကြတာပေါ”့ ဟုဆိုသည့် အတွက်ကျွန်တော်က “ရန်ကင်းထဲကပဲ ဆိုင်တစ်ဆိုင်ဆိုင်သွားကွာ”ဟုဆိုရာဒါရိုက်တာမကြီးက“ကိုဦးရေ ဆိုင်ကောင်းကောင်းတော့ဖြစ် ပလေ့စေနော်” ဟုဆိုသည်။ ထို့နောက် ကျွန်တော်တို့အားလုံး ရန်ကင်း ကြေးအိုးဆိုင်၌ စားသောက်ပြီး အအေးဆိုင်ထိုင်သည့်အခါတွင် ဒါရိုက်တာမကြီးအား အသေအချာ ကြည့်မိ သည်။တော်တော် ကိုချောသည့်မိန်းမပါလား၊ ဘယ်လိုအမျိုးအနွယ်ထဲကပါလိမ့်၊ ဘယ်လိုအဆက် အသွယ်နဲ့ ဘယ်လို လုပ်ငန်းများကိုလုပ်နေတာပါလိမ့် ဟုအတွေးများတရစပ်ပေါ်လာသည်။
အအေးသောက်နေစဉ် လုပ်ငန်းအကြောင်းပြောသည့်အခါ၌ ကျွန်တော်မျက်လုံးပြူးသွားသည်။ အားပါးပါး နှယ်နှယ်ရရကုမ္ပဏီမှမဟုတ်တာ၊ သန်လျင်မှာ တည်ဆောက်နေသည့် အရှေ့တောင်အာရှရဲ့ အကြီးဆုံး သီလ၀ါကုန်တင်ဆိပ်ကမ်းကြီးဆိုပဲ၊ သူ့လက်အောက်မှာ sub-contract ယူထားတဲ့ ကုမ္ပဏီတောင် (၅၈) ခု ရှိသည်တဲ့၊ လက်ရှိမှာ သူတို့ကုမ္ပဏီက ရစရာရှိတာ မရလို့၊ သူတို့မှာလည်း ပေးစရာတွေ ပတ်လည်ဝိုင်းနေလို့ ဘာလုပ်ရင်ကောင်းမလဲဆိုပြီး တိုင်ပင်ဖို့ အရေးတကြီးဖြစ်နေတာကြောင့် ကိုဦးကို အကူအညီတောင်းရကြောင်း၊ ဒီကိစ္စအများစုဟာ နိုင်ငံတော်လူကြီးများနဲ့ နားလည်မှုယူပြီး လုပ်ရတာ ဖြစ်သည့်အတွက် မထင်မရှား ပညာတတ်တစ်ယောက်နဲ့မှ အဆင်ပြေမယ်လို့ စဉ်းစားမိတာဖြစ်လို့ အခုလိုလာတွေ့ရတာ ဖြစ်ကြောင်း၊ သူတို့ရဲ့ ကျောထောက်နောက်ခံ ကုမ္ပဏီက Japan နိုင်ငံက မစ္စတာကိုဘာယာရှီရဲ့ Network Co ဖြစ်ကြောင်း၊ Board of director အဖွဲ့ဝင် တွေထဲမှာ ဒုတိယဗိုလ်ချုပ်ကြီးတင်ထွန်းရဲ့ညီတစ်ယောက်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်ခင်ရဲ့ အမျိုးတစ်ယောက်ကို ခန့်ထားရကြောင်း၊ ဒီလိုခန့်ထားမှ ကုမ္ပဏီဖွင့်လို့ရကြောင်း၊ သူတို့ကို ခန့်ထားပေးရပေမယ့် ဘာအကူအညီမှမရပဲ လစဉ်သာမှန်မှန်လစာလာထုတ်ကြောင်း၊ တိုက်ရိုက် ဆက်ဆံရ တာကတော့ ဗိုလ်ချုပ်ခင်ညွန့်ဖြစ်ကြောင်း ဆိုသည်များ ပြောဆိုပြီး နောက်တနေ့မနက်မှစပြီး ကိုဦးက ကားနဲ့ဝင်ခေါ်မယ်၊ တနေ့တာ အလုပ်ပြီးတာနဲ့ ကျွန်တော့်အိမ်ကို ကိုဦးက လိုက်ပို့မယ်ဟုပြောကာ လမ်းခွဲလိုက် ကြပါတော့သည်။
ကုမ္ပဏီအခြေစိုက်တာက ရွှေတောင်ကြား(၂)ရပ်ကွူက်ထဲတွင် ဖြစ်ပေမယ့် အလုပ်အကြောင်း ဆွေးနွေးဖြစ်သည့် နေရာများမှာ စားသောက်ဆိုင်နှင့်ကားပေါ်မှာက များပါသည်။ ပထမဦးဆုံး စကိုင်သည့် အမှုမှာ ဘိလပ်မြေ ရမည်ဆိုသည့် အကြောင်းပြချက်နှင့် သိန်း(၃၀)ယူသွားပြီး ဘိလပ်မြေလဲမရ၊ လူလဲပျောက်နေသည့်အတွက် အမှုလုပ်ရန်ကိစ္စ ဖြစ်သည်။ ကျွန်တော်က အမှုမလုပ်ခင် လူကိုအရင်ရှာကြည့်ဖို့နဲ့ လူကိုတွေ့ရင် အေးအေး ဆေးဆေးဆွေးနွေးပြီး ရသလောက်ယူဖို့ စဉ်းစားသည်။ အကြောင်းကတော့ ပစ္စည်းရမည်ဟုပြောသည့် ကိုရွှေ လူလိမ်ဘက်မှ အသိသက်သေလက်မှတ်ထိုးထားသော ပုဂ္ဂိုလ်ကြီးတစ်ယောက်သည် ရန်ကုန်တိုင်း တပ်နယ်မှ တပ်ရင်းမှူးဝါရင့်ကြီး၊ နောက်တစ်ယောက်သည်လည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး တစ်ယောက်၊ လူလိမ်က ဗိုလ်ကြီးဟောင်းဖြစ်နေသည့်အတွက် စာဖတ်သူတို့ စဉ်းစားကြည့်ပါ၊ မြန်မာပြည်၏ တရားစီရင်ရေးအရ ထိုခေတ် ထိုအချိန်မှာ ဘယ်လိုလုပ် အမှုနိုင်မှာပါလဲ။ သို့နှင့် လူလိမ်လိပ်စာ ပေးခဲ့သည့် အတိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း (၃၆) ရပ်ကွက်သို့ အရင်သွားလိုက်သည်။ သူ့ပေးထားသော လိပ်စာအတိုင်း လိုက်ရှာသည့်အခါ အဆိုပါရပ်ကွက် အတွင်း၌ သူပေးထားသော အိမ်နံပါတ် မရှိချေ။ ကျွန်တော်က သက်သေ လူကြီးမင်းများနှင့် သွားတွေ့မလားဟု ဒါရိုက်တာမမကို မေးလိုက်သည်။ ထိုအခါ သူက မသွားတော့ပါဘူး ဟုဆိုသောကြောင့် တပ်ခေါက်ပြန်ခဲ့သည်။
နောက်တစ်နေ့မှာ နောက်အမှုတစ်ခုကို ယူကြည့်လိုက်ရာ စစ်တပ်နှင့်မပက်သက်သည့် လိမ်လည်မှုအား သွားတွေ့သည်။ လိမ်သွားသောငွေက သိန်း(၄၀)၊ အရပ်သား၊ လိပ်စာကြည့်လိုက်သည့်အခါ အင်းစိန်မှဖြစ် နေသည်။ ထို့ကြောင့် အင်းစိန်သို့ လိုက်သွားကြသည်။ သူပေးထားသောလိပ်စာတွင် ရှိမနေချေ။ စုံစမ်းလိုက် သည့်အခါ ခရစ်ယာန်ဘုရားကျောင်းမှာ နေ, နေကြောင်းသိရသည်။ ကာယကံရှင်နှင့်တွေ့သောအခါ ကိုယ်တော် မြတ်က ခရစ်ယာန်ဘုန်းတော်ကြီး၏ညီမနှင့်  နောက်တစ်နေ့မှာ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေသည်ကို တွေ့လိုက် ရသည်။ လူမှုရေးအရ ပြဿနာဖြေရှင်းရန် ပြောဆိုဖို့ဆိုသည်မှာ မကောင်းတတ်သည့်အတွက် ကျွန်တော်က သူ့ယောက္ခလောင်းဖာသာကြီးနှင့် တွေ့ဆုံကာ အခြေအနေကို ဇာတ်ရည်လည်အောင် ရှင်းပြလိုက်ပါသည်။ ထို့နောက် ကျွန်တော်က “အေးအေးဆေးဆေး မင်္ဂလာအခမ်းအနားလုပ်ပါ၊ မင်္ဂလာဆောင်ပြီး နောက်တစ်နေ့မှ ပြန်လာမယ်၊ သူ့ကိုဖာသာကြီးက စောင့်ရှောက်ထားပါ” ဟုဆိုသောအခါ ဖာသာကြီးက “ကျေးဇူးတင်ပါတယ်၊ သူတာဝန်ယူပါတယ်” လို့ပြန်ဖြေရှာသောကြောင့် ကျွန်တော်တို့လည်း ပြန်လာခဲ့သည်။ဖာသာကြီးမှ မင်္ဂလာ ဆောင်ကြွရောက်ပါရန် ဖိတ်ကြားသည့်အတွက် နောက်တနေ့၌ မင်္ဂလာဆောင်သို့ လက်ဖွဲ့များစီစဉ်ပြီး ကြွရောက်ချီးမြှင့်လိုက်ရပါသေးသည်။ ချိန်းထားသောမနက်၌ ကျွန်တော်တို့  စောစောပဲသွားလိုက်သည်။ ဘုရားရှိခိုးကျောင်းရောက်သည့်အခါ ဖာသာကြီးခမျာ မျက်စိပျက်မျက်နှာပျက်နှင့် အသံကိုမနည်းထိန်းပြီး ပြောသည်မှာ သူ၏ညီမနှင့်ဘုန်းကြီးပိုင်သောကားသာမက ကျောင်းမှ ငွေများကိုပါယူပြီး ထွက်ပြေးသွား ကြောင်းပြောပါသည်။ ကျွန်တော်တို့မှာ စိတ်ညစ်ရတာ နည်းနည်း၊ ရီချင်ရတာက ခပ်များများနဲ့ ပြန်ခဲ့ရပါသည်။
သီလ၀ါစီမံကိန်းဆိုသည်မှာ အင်မတန်ကြီးမားသည့် စီမံကိန်းကြီးဖြစ်သည်။ သို့သော်လည်း ကျွန်တော် ရောက်ပြီးနောက် လေ့လာကြည့်သည့်အခါ ဘာတစ်ခုမှ ဟုတ်တိပတ်တိ ပြီးစီးနေသည်ကို မတွေ့မိချေ။ ကာထားသောနံရံများဆိုလျှင် ကျွန်တော့်လို ကီလို ၅၀ ကျော်က တွန်းလိုက်ရင် အသာလေးပြိုနိုင်သည်။ ကုန်တင်သေတ္တာတွေ ‘မ’ ရန်ဆိုသည့် ကရိမ်းကြီးများမှာ ၆ ခုလားပဲတွေ့ရပါသည်။ ကျွန်တော့်ကို ခေါ်သည့် လုပ်ငန်းရှင်အမတော်ကို လုပ်ငန်းလည်ပတ်မှုများကို  မေးမြန်းကြည့်သည့်အခါ မဖြေချင်သည့်အတွက် စကားများလွှဲပစ်လိုက်သည်။ အမှန်ဆိုလျှင် လုပ်ငန်းကြီးသာ ယူလိုက်ပေမယ့် ဘာမှမသိကြောင်း သိလိုက်ရသည်။ မန်နေဂျာဆိုသည့် သူနှင့်အမြဲလိုက်ပါနေသူအား မေးမြန်းကြည့်အခါ ဧရာဝတီတိုင်း မြို့ငယ် တစ်ခု၌ ပဲ့ထောင်မောင်းနေသူဖြစ်ကြောင်းသိလိုက်ရသည့်အခါ ကျွန်တော်အလွန်အမင်း အံ့သြသွားရသည်။ ‘ဘုရား’ ‘ဘုရား’ ဟုသာတမိတော့သည်။ ထိုအခါ ကျွန်တော်ငယ်စဉ်က အဖေမှ ကျွန်တော့်အကိုနှင့် သူ၏သူငယ်ချင်းများအား ပြောလိုက်သောစကားအား တန်း၍သတိရမိလိုက်သည်။ ယင်းမှာ မသိတဲ့ကောင်နဲ့ မတတ်တဲ့ကောင်ပေါင်းပြီး မဟုတ်တာတွေလုပ်နေတယ် ဆိုသော စကားဖြစ်သည်။ အကိုနှင့်သူငယ်ချင်းများ မဟုတ်တာလုပ်တာက နိုင်ငံမပြောနှင့် ရပ်ကွက်တောင် ဘာမှမဖြစ်ချေ။ ယခုကိစ္စကြီးသည် နိုင်ငံနှင့်ချီ၍ အရေးကြီးသော လုပ်ငန်းကြီးဖြစ်နေသည့်အတွက် စိတ်မကောင်းဖွယ် ဖြစ်ရပါသည်။  
Sub-contract များပေးသည့်အခါ မြန်မာနည်းနည်း၊ တရုတ်များများဖြစ်နေပါသည်။ ၎င်းတို့မှ တရုတ်များနှင့် စာချုပ်ချုပ်သည့်အခါ တရုတ်လိုပဲချုပ်ပါသတဲ့။ ကျွန်တော်က မေးလိုက်ပါသည်။ ခင်ဗျားတို့က တရုတ်လိုတတ် လို့လားဆိုတော့ သူတို့က တရုတ်စကားပြန်မိန်းကလေးခန့်သည်တဲ့လေ။ ကျွန်တော်က တန်းပြီး ပြောလိုက် သည်။ အဲဒီ တရုတ်စကားပြန်မ စာချုပ်ချုပ်ပြီးတာနဲ့ အလုပ်ထွက်သွားတယ် မဟုတ်လား ဆိုသည့်အခါတွင် နှစ်ယောက်စလုံး မျက်စိမျက်နှာပျက်ပြီး ခေါင်းငြိမ့်ပြပါသည်။ ကျွန်တော် သဘောပေါက်လိုက်ပါပြီ။ တရုတ်တွေ ဂွင်ရိုက် သွားတာလေ။ ကျွန်တော် ပြောစရာစကားလဲ တစ်ခွန်းပဲရှိပါတော့သည်။ ယင်းမှာ ‘ခံလိုက်’။
စီမံကိန်းဧရာမကြီးပြပြီး ရှိရှိသမျှသော ဗိုလ်ချုပ်အပေါင်းသူတော်ကောင်းနဲ့အပေါင်းပါတသိုက် လုပ်စားတဲ့ လုပ်ငန်းကြီးကိုဗျ။ ကျွန်တော်ရှိနေတုန်းမှာပဲ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ် မြင့်အောင်၊ ဗိုလ်ချုပ်သိန်းဝင်းတို့တတွေ ပြုတ်ပါလေရော။ အလုပ်တွေလဲရပ်သွားတယ်။ ကုမ္ပဏီမှာ အမှုပေါင်း (၈၆)ခု ရှိနေသည်။ ကုမ္ပဏီမှ ပေးစရာရှိသော ကြွေးများ၊ ရစရာရှိသောကြွေးများ သန်းပေါင်းများစွာရှိနေပါသည်။ အမှုတွဲများအား ဖတ်ရှုပြီးသည့်အခါ တာဝန်ခံ ဒါရိုက်တာမနှင့်မန်နေဂျာ ကိုယ်လူချောတို့ အင်းစိန်တောရသို့ လိမ်လည်မှုနှင့် ကြွမြန်းရတော့မည်ကို ကျွန်တော်သိလိုက်သည်။ သို့နှင့် ကျွန်တော်လည်း ကျွန်တော် အလုပ်ရှင် ကို အိမ်လဲမလာနဲ့၊ လမ်းတွေ့လဲ မခေါ်နဲ့၊ လစာလဲတစ်ပြားမှ မပေးနဲ့တော့လို့ ပြေပြေလည်လည် ပြောပြီး အလုပ်ကထွက်လိုက်သည်။ နောက်တစ်လခန့် ကြာသည့်အခါ သတင်းစာထဲ၌ အရှေ့တောင်အာရှ၏ အကြီးဆုံးကုန်တင်ဆိပ်ကမ်းစီမံကိန်းကြီးဆိုပြီး ဖွင့်တော်မှုလိုက်ပါသည်။  ဗိုလ်ချုပ်ဟောင်းဦးခင်ညွန့် မသေ သေးချေ။  အရှင်လတ်လတ်ရှိပါသေးသည်။ တရားဝင်မေးကြစေလိုသည်။ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှု မည်မျှ ကြီးမားသည်ဆိုသည်ကို သူအသိဆုံးဖြစ်ပါသည်။  ခေတ်ဟောင်းကို ခေတ်ဟောင်းအတိုင်းပဲ ချန်ထားလိုက် ချင်ပါသည်။  သို့ပေမယ့် ခေတ်သစ်က လူတွေ ခေတ်ဟောင်းမှအကြောင်းများ သိထားလျှင် ပိုကောင်းသည်ဟု ယုံကြည်သည်။ အခုလဲလာပြန်ချေပြီ။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတဲ့။ အရှေ့တောင်အာရှ၏ အကြီးဆုံးစာရင်းဝင်ဖြစ်မှာတဲ့။ အဘယ်သို့သောလူများနှင့် အဘယ်ကဲ့သို့ စာချုပ်များချုပ်ပါသလဲ။ ပွင့်လင်း မြင်သာဖို့လိုနေပါသည်။ ထိုင်းနဲ့တရုတ် အားပြိုင်နေသည်ဟုသတင်းများ ထွက်နေပြန်ပါသည်။  ပြည်သူ့ လွှတ်တော်တက်ရောက်နေသည့် အမတ်မင်းများ မေးမြန်းတော်မူသင့်ပါပြီ။ ဗိုလ်သန်းရွှေရဲ့ အမွေဆိုးလား အမွေကောင်းလား ဆိုသည်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင်ကြိုးစားပြီး တိုင်းပြည်သို့ ချပြသင့်ပါကြောင်း မောင်းထုလိုက်ရပါသည်။
သန့်စင်အောင်(ရန်ကင်း)
၂၇.၀၃.၂၀၁၃

No comments:

Post a Comment