Pages

Sunday, 31 March 2013

အမေ့ခံပန်းကလေးများ

ဝါးထရံခပ်ကျဲကျဲ ကာရံထားသည့် ယိုင်နဲ့နဲ့ သက်ကယ်မိုးတဲအိမ်လေး။ သစ်သားပြားတစ်ခုနှင့် တစ်ခုကြား တစ်လက်မကျော် ခွာကာ ခင်းထားသော ကြမ်းပြင်ပေါ်တွင် ညစ်ထေးထေးအဖြူအင်္ကျီ ပေါ်မှ အပြာရောင် အနွေးထည်အကွက်လေး ထပ်ဝတ်ထားသော ကလေးငယ်တစ်ဦး ရွယ်တူကလေးငယ် များနှင့် အတူထိုင်နေသည်။ သူ၏ရှေ့တွင် ခုံတန်းရှည်တစ်ခု ရှိသည်။ လွယ်အိတ်ဟု ပြောနိုင်ရုံ အိတ်လေး အတွင်းရှိ တွန့်ကြေနေသော ကော်ဖီမစ်အထုပ်ကြီး အိတ်ခွံအနွမ်းလေးထဲမှ အဖုံးပြုတ်နေသည့် စာအုပ်လေး တစ်အုပ် သူထုတ်လိုက်သည်။ တစ်အုပ်ထဲသော ထိုစာအုပ်လေး၏ စာမျက်နှာတိုင်းတွင် မျဉ်းကြောင်းများ၌ သာမက စာမျက်နှာ တစ်ခုလုံး နေရာလပ်မကျန် စာများ ရေးသားထားသည်။ ပြုတ်နေသည့် ယင်းစာအုပ်၏ အဖုံးပေါ်တွင် ခဲတံနှင့်မျက်နှာပြည့် ရေးခြစ်ထားသော စကားစုတစ်ခု။

“ကျောင်းမှန်မှန်တက် စာမခက်”။
အဆိုပါ ကလေးငယ်များသည် စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို့နယ် လက်ပံတိုအုပ်စု ညောင်မ ကျေးရွာရှိ ခနော်ခနဲ့ စာသင်ကျောင်းလေးတွင် ပညာသင်ကြားနေကြသည့် မူလတန်းကလေးငယ် များဖြစ်ကြသည်။ ဒေသခံများမှာ ၄င်းတို့သား၊ သမီးများကို ပညာသင်ကြားနိုင်စေရန် အလွတ်တမ်း ဆရာများကို ကျောင်းသားမိဘများက ငွေကြေး စိုက်ထုတ်ငှားရမ်းကာ အဆိုပါကန်သာယာ (ကံကွက်) ကျောင်းလေးကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်ခဲ့ကြသည်။ အဆိုပါ တဲကျောင်းလေးတွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား၊ ကျောင်းသူ ၉၆ ဦးကို ဆရာ၊ ဆရာမနှစ်ဦးက ပညာသင်ကြားပေးလျက် ရှိသည်။















လယ်ယာလုပ်ကိုင်သော မိဘများကို ကူညီရခြင်းအပြင် အမိုးအကာ မလုံခြုံသော ကျောင်းလေး၏ အားနည်းချက်ကြောင့် ကျောင်းမှန်မှန်တက် စာမခက်စကားမှာ ကန်သာယာကျောင်းမှ ကျောင်းသား ကျောင်းသူများ အပါအဝင် ယင်းအနီး တစ်ဝိုက်ရှိ ကျေးရွာများမှ ကျောင်းများတွင် ကျောင်းတက်နေ သူများအတွက် ခပ်မှိန်မှိန်။
“မိုးမရွာတဲ့ နေရာချသင်ရတယ်။ မိုးရွာရင် စာသင်လို့ မရတော့ဘူး" ဟု ကန်သာယာကျောင်းမှ ကျောင်းသားလေး မျိုးကိုဦးက ဆိုသည်။
ညိုသောအသားအရေ ပေါ်တွင် ဇရာ၏ သင်္ကေတဖြစ်သော အရေးအကြောင်းများ မျက်နှာပြင်၌ ထင်းစွာပေါ်လျက်ရှိသော အသက် ၈၀ အရွယ် အဘွားဒေါ်အေးတင်က ကန်သာယာကျောင်းပေါ် တွင် ငုတ်တုတ်ထိုင်ကာ ကျောင်းသားများကို ငေးရင်း "မြေးတွေ ဒီကျောင်းမှာ တက်နေတာ ၄၊ ၅ ယောက်လောက်ရှိတယ်။ ပညာတတ်တွေဖြစ် စေချင်တာ။ အရာရှိတွေ ဖြစ်စေချင်တာပေါ့" ဟု ဖွင့်ဟဆိုသည်။ အဘွားဒေါ်အေးတင်သည် ရန်ကုန် မြို့မှလာသော တစ်ကိုယ်တော် ပရဟိတကွန်ရက် က အဆိုပါကျောင်းလေးအတွက် ကျောင်းသုံး ပစ္စည်းများ လာရောက်လှူဒါန်းပွဲသို့ လာရောက်ရင်း မြေးများကို ကျောင်းဝတ်စုံများနှင့် တွေ့ရ၍ တပြုံးပြုံးဖြစ်နေသည်။
တန့်ကြည်တောင်၏ မြောက်ဘက်ပိုင်း တောင်ကြောအတွင်း မကွေးတိုင်းဒေသကြီးရှိ မြိုင်၊ ပေါက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ပုလဲနယ်စပ် တို့တွင် ကန်သာယာကျောင်း အပါအဝင် ကျောင်း ခုနစ်ကျောင်းခန့်ရှိသည်။ တစ်ကိုယ်တော် ပရဟိတ အဖွဲ့က ကျောင်းငါးကျောင်းကို သွပ်မိုးထရံကာ ဖြစ်လာရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသုံးပစ္စည်းများ ပြည့်စုံရေး တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ ခနော်ခနဲ့ တဲအိမ်ကျောင်းလေး ဖြစ်သည့် ထိုကန်သာယာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ရောင်နီသန်းလာပြီဖြစ် သည်။ ဂျပန်နိုင်ငံရှိ APEBC အဖွဲ့နှင့် ဂျပန်နိုင်ငံ ရောက်မျိုးချစ် မြန်မာလုပ်သားများ၏ လှူဒါန်း ကူညီမှုဖြင့် ၂၀၁၃-၂ဝ၁၄ ပညာသင်နှစ်အမီ သွပ်မိုး ထရံကာကျောင်းလေးအဖြစ် ပီပီပြင်ပြင် ပေါ်ပေါက်လာတော့မည် ဖြစ်သည်။ သို့သော် ယင်းကျောင်း လေးမှာ ပုလဲမြို့နယ်အတွင်း တည်ရှိသည့်အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ကပေးသော အထောက်အပံ့များဖြစ်သည့် ကျောင်းသုံးပစ္စည်းများ မရရှိသဖြင့် ကျောင်းသုံးအထောက်အပံ့နှင့် စာသင် ခုံများ လိုအပ်နေဆဲပင်။
မိုးခေါင်ရေနည်း ရပ်ဝန်းဒေသအတွင်း ကျရောက်နေသော ဒေသဖြစ်၍ ကျောင်းအားလုံး အတွက် မိုးရေလှောင်ကန်များ၊ ရေလောင်းအိမ်သာများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကျောင်းသုံး ထိုင်ခုံနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးရန် လည်း အလှူရှင်များ လိုအပ်လျက်ရှိကြောင်း တစ်ကိုယ်တော် ပရဟိတအဖွဲ့မှ တာဝန်ခံ ဒေါ်ခင်နှင်းကြည်သာက ပြောဆိုသည်။
ပညာလိုလားသော ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများက ကိုယ်ထူကိုယ်ထကျောင်းများ တည်ဆောက်ပြီး ကျောင်းသားတစ်ဦးလျှင် ကျပ် ၂၀၀၀ ကောက်ခံကာ ဆရာ၊ ဆရာမများငှားရမ်း ရာမှ ယင်းကဲ့သို မူလတန်းကျောင်းများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
"ကျောင်းလခ ကျပ် ၂၀၀၀ မပေးနိုင်လို့ ကျောင်းနုတ်ထားတဲ့ လူတွေလည်းရှိတယ်" ဟု ညောင်မရွာသား ကျောင်းသားမိဘတစ်ဦးက ညည်းတွားပြောဆိုသည်။
မြိုင်၊ ပေါက်နှင့် ပုလဲနယ်စပ်တို့ရှိ ညောင်မရွာ၊ ကျော်ရွာ၊ ဝယ်တောင် မြောက်တော၊ ဆပ်လူးအိုင် ရွာ၊ တမာပင်ခင်ရွာ စသည့်ဒေသတို့မှာ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် သီးနှံများမဖြစ် ထွန်းတော့ခြင်း၊ လူဦးရေများပြားလာခြင်း ကဲ့သို့သော ပြဿနာများကြောင့် မူရင်းနေထိုင်ရာ ကျေးရွာများမှ တန့်ကြည်တောင် တောင်တန်း ပေါ်သို့ ရွှေ့ပြောင်းနေထိုင်လာကြခြင်း ဖြစ်သည်။
မြိုင်နှင့် မိုင် ၃၀ နီးပါး အကွာအဝေးတွင်ရှိ သော တန့်ကြည်တောင် တောင်တန်းပေါ်တွင် ပြောင်းရွှေ့ နေထိုင်နေကြသော ဒေသခံများမှာ မူရင်းနေထိုင်ရာ ဒေသတွင် စိုက်ပျိုးလုပ်ကိုင်၍ မရတော့သဖြင့် ယခုကဲ့သို့ ပြောင်းရွှေ့လာသော်လည်း တစ်နှစ်ထက်တစ်နှစ် မြန်ဆန်စွာ ပြောင်းလဲလာသော ရာသီဥတုကြောင့် ဆင်းရဲတွင်းနက်သထက် နက်လျက်ရှိသည်။ လူဦးရေများပြားလာမှု၊ စီးပွားရေး ချွတ်ခြုံကျမှုတို့၏ နောက်ဆက်တွဲပြဿနာရပ် များပင် ဖြစ်သည်။
ယင်းအပြင် တောင်တန်းကိုဖြတ်လျက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် လမ်းကြမ်းများသာ ဖောက်ထားရာ တောင်တက်တောင်ဆင်းလမ်းများမှာ ဆိုးရွားလှသည့်အတွက် ကျန်းမာရေးဝန်ထမ်းမရှိသော အဆိုပါဒေသ နေထိုင်သူများမှာ အသက် အန္တရာယ်စိုးရိမ်ရသော ရောဂါများဖြစ်ပါက အသက်မမီလိုက်သည့် ဖြစ်ရပ်များလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။
"အရင်က ကျော်ရွာမှာနေသေးတယ်။ စားဝတ်နေရေး အဆင်မပြေလို့ တောထဲတက်ခဲ့ရတာ။ ဒီရောက်တော့လည်း အဆင်မပြေ၊ မိုးခေါင်ရေရှားတော့ ဘာမှမဖြစ်မြောက်ဘူး" ဟု တမာပင်ခင်မှ ဒေသခံဒေါ်ရွှေမီက ပြောသည်။
ယခုဖြစ်ပေါ်နေသော အခြေအနေ ပြဿနာ များကို ဖြေရှင်းပေးနိုင်ရန် အတွက် ယင်းဒေသ လွှတ်တော်ကိုယ်စားလှယ်နှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာကြည့်ပါသလား ဆိုသည့် မေးခွန်းကိုမူ ဒေသခံများက "လွှတ်တော်အမတ်က ဒီဘက်ကို လာတောင်မလာဘူး" ဟု တူညီစွာဆိုကြသည်။ ယင်းတောင်တန်းဒေသ ဖွံ့ဖြိုးရေးအတွက် တက်ကြွသော ဒေသခံများနှင့် ပူးပေါင်း၍ လုပ် ဆောင်လျက်ရှိသော ရန်ကုန်မှ တစ်ကိုယ်တော် ပရဟိတကွန်ရက်၏ တာဝန်ခံ ဒေါ်ခင်နှင်းကြည်သာ ကမူ "စေတနာရှိအလှူရှင်တွေနဲ့ ပူးပေါင်းပြီး ဒီတောင်တန်းဒေသ ဖွံ့ဖြိုးအောင်လုပ်မယ်။ ပထမဆုံး ကျောင်းတွေဆောက်မယ်။ ဒုတိယက ရေရရှိအောင်လုပ်မယ်။ ပြီးရင် ဘုရားပြင်မယ်။ လမ်းပြင်ချင်ပါတယ်"ဟု တက်ကြွစွာဆိုသည်။
ယင်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင် လိုသော အလှူရှင်များအနေဖြင့် တစ်ကိုယ်တော် ပရဟိတကွန်ရက် ဖုန်း-၀၉-၇၃၀၆၅၃၅၇ သို့ ဆက်သွယ်နိုင်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။
ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံရှိ ကျေးလက်တောရွာ အများစုမှာ ယင်းကဲ့သို့သော အခက်အခဲများကို တူညီစွာ ကြုံတွေ့နေရဆဲဖြစ်သည်။ ယင်းအခက်အခဲ ပြဿနာများကို အရပ်ဘက် လူ့အဖွဲ့အစည်းများက ဝင်ရောက်ဖြေရှင်း ဆောင်ရွက်လျက်ရှိရာ ဒေသအစိုးရ၊ အာဏာပိုင်အဖွဲ့အစည်း များနှင့်လည်း ပူးပေါင်း အဖြေရှာ ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်သည်။
အဆိုပါတောင်တန်းအတွင်း နေထိုင်ကြသူ များမှာ ယခင်က ကူညီရမည်ကို နားမလည်ကြ။ ယခုကဲ့သို့ ရန်ကုန်မှ လူငယ်များကိုယ်တိုင် လာရောက် ကူညီမှုကိုတွေ့ရပြီး နောက်ပိုင်းမှသာ ကလေးများ ကျောင်းဆက်တက်ရေး ၄င်းတို့တတ်နိုင်သလောက် ကြိုးစားချင်စိတ်များ ဖြစ်လာကြပြီး မေတ္တာရောင်ခြည် အပါအဝင် ပရဟိတအဖွဲ့သစ် ၃၊ ၄ ဖွဲ့ အသစ်ပေါ် ပေါက်လာသည်ကို တွေ့ရသည်။ ယင်းအပြင် ဒေသမှ ပညာတတ်များလည်း ပေါ်လာစေချင်ကြသည်။ ယင်းနှင့်ပတ်သက်၍ "သူတို့ ကျောင်းဖွင့်အမီ ကျောင်းဆောင်လေးတွေ ဖြစ်လာဖို့ နေ့ညကြိုးစားကြတယ်"ဟု ကွန်ရက်အဖွဲ့ဝင် တစ်ဦးကဆိုသည်။
"ပညာမတတ်လို့ ထွက်သမျှ သူများအသုံးချ ခံရတယ်" ဟု ယင်းဒေသ အကူအညီပေးရေးလုပ်ငန်း များကို ဦးဆောင် လုပ်ကိုင်နေသော ဆရာတော် ဦးဝိမလက မိန့်ကြားသည်။ "အလေအလွင့်မရှိဘဲ ကျောင်းတွေဆီ ရောက်စေချင်ပါတယ်။ ကိုယ့်ကျောင်းလေးတွေလို သဘောထားပြီး ဆောင်ရွက် နေတာပါ" ဟု မြိုင်မှ ဆရာဦးနိုင်တူးကဆိုသည်။
ကန်သာယာကျောင်းမှ မျိုးကိုဦးတစ်ယောက် လာမည့် စာသင်နှစ်တွင် လုံခြုံသော ကျောင်းသစ်၌ ကျောင်းသင်ခန်းစာများကို သင်ယူတက်ရောက်ရ တော့မည် ဖြစ်သည်။ သို့သော် လေးတန်းအောင်မြင် ပြီးလျှင် ကျောင်းဆက်တက်ခွင့်ရရေး၊ မရရေး သူ့မနက်ဖြန်များမှာ မီးခိုးရောင်သန်းနေဆဲ။ သူကဲ့သို့ပင် အခြားသော အမေ့ခံပန်းကလေးများ အတွက်လည်း မရေရာသော မနက်ဖြန်များသာ ဆီးကြိုနေဆဲဖြစ်သည်။
ဝါးထရံကျယ်ကျယ် ကာရံထားကာ ယိုင်နဲ့နဲ့ ကျောင်းကလေးသည်ကား ဒေသခံကလေးများ အတွက်မူ ပညာ့ဗိမာန်ကြီးတစ်ခုပင်။ ခနော်ခနဲ့ တဲအိမ်လေးက သူတို့တတွေ၏ အသိဉာဏ်ပညာကို နောက်တစ်ဆင့် မြှင့်ပေးသည်။ လေတစ်ချက်အဝှေ့ တွင် ယိုင်နဲ့နဲ့ကျောင်းကလေး သိမ့်ခနဲလှုပ်သွား သည်။ သို့သော် စာသင်နေကြသော ကလေးငယ်များ အနာဂတ်ကြံ့ခိုင်မှုကိုတော့ ဤတဲအိမ်လေးက အထောက်အပံ့ ပြုနေပါသည်။
Written by မြနှင်းအေး 
(The Voice Weekly အင်တာနက် စာမျက်နှာမှ ဆင့်ပွား ဖော်ပြခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment