Pages

Monday, 27 May 2013

တက္ကသိုလ်အဆင့် အင်္ဂလိပ်စာသင်ရိုးသစ်စာအုပ်က ပေးသောပြဿနာများ




နိဒါန်း
ယခုအစိုးရလက်ထက် ပညာရေးပြုပြင်ပြောင်းလဲမှုများထဲတွင် မဖြစ်မနေထည့်ပြောရမည့်အကြောင်း အရာတစ်ခုမှာ အင်္ဂလိပ်စာအထူးပြုမဟုတ်သော ကျောင်းသားများအတွက် သင်ရိုးသစ်တစ်ခုကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာတိုင်အောင် သင်ကြားခဲ့သည့် ခေတ်မမီတော့သော သင်ရိုးကို ပြောင်းလဲလိုက်ခြင်းမှာ နိုင်ငံတကာနှင့် ကူးလူးဆက်ဆံရာတွင် ပိုမိုအရေးပါလာမည့် အင်္ဂလိပ်စာ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းပင် ဖြစ်သည်။

ယခင်ကအခြေအနေ
တက္ကသိုလ်အဆင့်တွင် အင်္ဂလိပ်စာသင်ကြားခြင်းကို အထူးပြုဘာသာရပ် (Specialization major) အဖြစ် သင်ကြားခြင်းနှင့် အထူးပြုမဟုတ်ဘဲတွဲဖက်ဘာသာရပ် (non-specialzation major) ဘာသာ ရပ်အဖြစ် သင်ကြားခြင်းဟူ၍ နှစ်မျိုးရှိပါသည်။ major ရော၊ minor ပါ နှစ်မျိုးစလုံးတွင် 4 Skills ခေါ် Communicative Skills ခေါ်ဘာသာစကားစွမ်းရည် တိုးတက်စေရန် သင်ကြားသည့် ဘာသာရပ်ခွဲတစ်ခုပါဝင်ပါသည်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင် သင်ကြားသော minor course မှာ Communicative (လက်တွေ့ ဆက်သွယ်အသုံးချ) မဖြစ်ဘဲ သဒ္ဒါပိုင်းများကိုသာ အဓိကသင်ကြား ခြင်းဖြစ်သည်။
Grammar မှသည် Cammunicative သို့
သို့သော် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်ပြီး အထူးပြုမဟုတ်သော ကျောင်းသားများ (ပထမနှစ်နှင့် ဒုတိယနှစ်) အတွက် သင်ရိုးသစ်အဖြစ် Straight forward ကိုပြဋ္ဌာန်းခဲ့ပါသည်။ ထိုစာအုပ်မှာ Macmi-llan စာအုပ်တိုက်မှ ထုတ်သောစာအုပ်ဖြစ်ပြီး ယခင်ကကဲ့သို့ grammar သက်သက် စာအုပ်မျိုးမဟုတ် သည့်အပြင် Skills များကို တိုးတက်စေပြီး တကယ့် Communication အဆင့်သို့ရောက်အောင် လေ့ ကျင့်ပေးသော စာအုပ်ဖြစ်ပါသည်။
မှန်းချက်ထက် နှမ်းထွက်နည်း
ထိုစာအုပ်များရခါစကပင် စာအုပ်အသွင်အပြင်ကိုကြည့်ပြီး စာသင်မည့်ဆရာများကိုယ်တိုင် သဘောကျခဲ့ပါသည်။ ယခင်စာသင်နေကြ စာအုပ်မျိုးမဟုတ်ဘဲ ကြိုးစားအားထုတ်မှု ပေးရမည်ကို လည်း ကြိုတင်သိနှင့်ပါသည်။ ယခင်ကကဲ့သို့ ပျင်းရိဖွယ်သဒ္ဒါသင်ခန်းစာများ မသင်ရတော့သဖြင့် လည်း ဝမ်းသာနေမိခဲ့ကြသည်။
သို့သော်လည်းထို Course book အသုံးပြုခြင်းကြောင့်ဖြစ်သည့် ပြဿနာများရှိနေသည်။ ၎င်းတို့မှာ
(၁) ကျောင်းသားအချို့၏ အင်္ဂလိပ်စာအဆင့်အတန်းနှင့် မကိုက်ညီခြင်း၊
(၂) ထိုစာအုပ်တွင်ပါဝင်သော အချို့သင်ခန်းစာများကို လက်တွေ့အသုံးမချနိုင်ခြင်းနှင့်
(၃) တက္ကသိုလ်တော်တော်များများတွင် သင်ရိုးမကုန်ကုန်အောင် မနည်းသင်ရခြင်းတို့ဖြစ်ပါသည်။ ထိုပြဿနာသုံးခုကို အပိုင်းသုံးပိုင်းစီခွဲ ၍ ဆွေးနွေးသွားပါမည်။
(၁) ပထမပြဿနာ (အင်္ဂလိပ်စာအဆင့်အတန်း ကွာဟခြင်း) အတန်းခွဲသည့် စနစ်ကို ပြင်ဆင်ခြင်း
ပထမပြဿနာမှာ စာအုပ်တစ်အုပ်၏အဆင့်သည် ကျောင်းသားတိုင်းအတွက် မကိုက်ညီနိုင်ခြင်းကို ထည့်မတွက်သည့်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ဆယ်တန်းအောင်လာသော ကျောင်းသား တိုင်းသည်တူညီသော အင်္ဂလိပ်စာ အရည်အသွေးရှိလိမ့်မည်ဟု တစ်ထစ်ချတွက်ဆ၍မရပါ။ တချို့ ကျောင်းသားများအတွက် စာအုပ်သည်မြင့်နေနိုင်ပြီး တချို့ကျောင်းသားများအတွက်မူ စာအုပ်သည် နိမ့်နေနိုင်ပါသည်။ အဆင့်မြင့်နေသော ကျောင်းသားများသည် ထိုစာအုပ်ကို သင်ရသည်ကို ပျင်းလာ ပြီးနိမ့်နေသော ကျောင်းသားများအတွက်တော့ စိတ်ပျက်စရာဖြစ်လာနိုင်ပါသည်။ ထိုပြဿနာကို ဖြေ ရှင်းရန် အတန်းခွဲသည့်စနစ်ကို ပြင်ရန်လိုပါသည်။
နှစ်ဦးနှစ်ဖက်အကျိုးရှိအောင်
အတန်းခွဲသည့်အခါ ဘာသာရပ်အလိုက်၊ နှစ်အလိုက် အတန်းခွဲခြင်းထက် သူတို့၏ အင်္ဂလိပ်စာအရည် အသွေး အဆင့်အတန်းပေါ်လိုက်ပြီး အတန်းခွဲကာသူတို့နှင့် လိုက်ဖက်မည့် စာအုပ်နှင့် သင်ကြားခြင်း က ပြဿနာကိုပြေလည်စေပါလိမ့်မည်။ ထို့အပြင် အင်္ဂလိပ်စာအရည်အသွေး မြင့်မားပြီးသားသူများ အဖို့ သင်တန်းတက်စရာမလိုဘဲ သူတို့အတွက်အားလပ်ချိန် ပေးထားနိုင်ပါသည်။ ထို့အတွက်တက္က သိုလ်ကျောင်းသားဘဝအတွက် အရေးကြီးသော၊ ကျွန်တော်တို့တက္ကသိုလ်တွေမှာ လစ်ဟာနေသော Campus Life ကိုလည်း ပိုမိုခံစားချိန်ရပါလိမ့်မည်။ နိုင်ငံခြားတိုင်းပြည်ရှိ တက္ကသိုလ်များမှာလည်း ထိုကဲ့သို့ အတန်းခွဲစနစ်ကိုပင် အသုံးပြုကြပါသည်။ အတန်းမတက်ရမည့် ကျောင်းသားများလျော့သွား ခြင်း၊ အတန်းများကို အလှည့်ကျတက်ရခြင်းတို့ကြောင့် အတန်းတစ်တန်းတွင်ရှိသော ကျောင်းသားဦး ရေလျော့သွားနိုင်သည့်အပြင် အင်္ဂလိပ်စာအဆင့်အတန်းမတူသူများကို အတင်းညှိယူပြီး သင်ကြားနေ ရသည့် ဆရာများအတွက်လည်း သင်ကြားရပိုမိုလွယ်ကူစေပါလိမ့်မည်။ ကျောင်းသားလည်းသက်သာ၊ ဆရာလည်းသက်သာသော နည်းဖြစ်ပါသည်။
(၂) ဒုတိယပြဿနာ (လက်တွေ့မထိရောက်ခြင်း)
ဒုတိယပြဿနာဖြစ်သည့် သင်ခန်းစာအချို့ကို လက်တွေ့တွင် တကယ်ထိရောက်စွာမသင်ကြားနိုင်ရ ခြင်းမှာ အကြောင်းအရင်းများစွာရှိပါသည်။
(က) ဆရာများ၏ အရည်အသွေးမပြည့်မီသဖြင့် စာအုပ်ထဲမှ သင်ခန်းစာကို ကျေညက်အောင် မသင် နိုင်ခြင်း၊
(ခ) အချို့သင်ခန်းစာ အကြောင်းအရာများမှာ မြန်မာကျောင်းသားများနှင့် မကိုက်ညီခြင်းနှင့်
(ဂ) သင်ထောက်ကူပစ္စည်းများ လုံလောက်အောင်မရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။
ပြဿနာ (က) ဖြေရှင်းရန် ဆရာ ဆရာမများအတွက် သီးသန့်မွန်းမံသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ လေ့လာရန်အချိန် သတ်မှတ်ပေးခြင်းဖြင့် ဆရာများ၏အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာနိုင်ပါ သည်။
ပြဿနာ (ခ) ဖြေရှင်းရန် ကျောင်းသင်ရိုးအဖြစ် သတ်မှတ်ထားသော စာအုပ်ကို မိမိတို့ကျောင်း သားနှင့် မကိုက်ညီသည်များကို တက္ကသိုလ်အလိုက် အင်္ဂလိပ်စာဌာနများမှ ပြင်ဆင်တည်းဖြတ်ခြင်း ပြုလုပ်သင့်ပါသည်။
ပြဿနာ (ဂ) ကိုဖြေရှင်းရန် သင်ခန်းစာအတွက်လိုအပ်သောရုပ်ပုံ၊ နားထောင်ခြင်းစွမ်းရည်လေ့ကျင့် ခြင်းအတွက် လိုအပ်သောသင်ထောက်ကူပစ္စည်း ကိရိယာများကို ထားရှိပေးရန် လိုအပ်ပါသည်။
(၃) တတိယပြဿနာ (သင်ရိုးမကုန်ခြင်း)
တတိယပြဿနာဖြစ်သည့် သင်ရိုးမကုန်ခြင်းအတွက်မူ အပေါ်ကပြဿနာနှစ်ခုဖြေရှင်းလိုက်လျှင်ပင် ပြေလည်သွားနိုင်ပါသည်။ သင်ရိုးနှင့်ရော ကျောင်းသားအချင်းချင်းတွင်ပါ အင်္ဂလိပ်စာအရည်အသွေး ခြင်း မတူညီသည့် ကျောင်းသားများကို မညီညီအောင် ညှိသင်နေရခြင်းကြောင့် မလိုအပ်ဘဲ အချိန်ပို ကုန်ခြင်းကို အတန်းခွဲစနစ်ပြင်ဆင်ခြင်းဖြင့် ကုစားနိုင်ပါသည်။ လက်တွေ့အသုံးချရန် ခက်ခဲနေသော သင်ခန်းစာများကို လွယ်ကူချောမွေ့စွာ သင်ယူသွားနိုင်စေရန်လိုအပ်သော ပစ္စည်းအကူအညီ၊ စာရွက် စာတမ်း အကူအညီ၊ ပညာရပ်ဆိုင်ရာအကူအညီ (သင်တန်းပေးခြင်း) တို့ရှိပါက သင်ကြားရေးလမ်းစဉ် မှာ ပိုမိုချောမွေ့လာစရာအကြောင်း ရှိပါသည်။ သို့ဆိုလျှင် အချိန်နည်းပြီး၊ အရှိန်မြန်လာကာ သင်ခန်း စာမပြီးဆုံးနိုင်သည့် ပြဿနာကိုကျော်လွှားနိုင်မည် ထင်ပါသည်။ နောက်ဆုံးအကြံပြုလိုသည်မှာတော့ သင်ရိုးကုန်ခြင်း မကုန်ခြင်းထက် တကယ်တတ်မတတ်ကသာ အရေးကြီးပါသည်ဟု။
Straightforward ကဲ့သို့ နိုင်ငံတကာနှင့် တစ်ပြေးညီခေတ်မီသော သင်ရိုးသစ်များပြဋ္ဌာန်းနိုင်ခြင်းသည် အလွန်တရာကောင်းသော အချက်ဖြစ်ပါသည်။ သို့သော်လည်းယခုအခါ တက္ကသိုလ်အများအပြားတွင် ထိုသင်ရိုးသစ်ကို သင်ရိုးကုန်အောင်မသင်နိုင်ခြင်း၊ သင်ရိုးနှင့် ကျောင်းသားအဆင့်မကိုက်ညီခြင်း၊ သင်ထောက်ကူပစ္စည်း မလုံလောက်ခြင်းများကို ဟိုကသည်ကကြားနေရပါသည်။ ထိုကောင်းသော အချက်ကို ပိုမိုပြည့်စုံကောင်းမွန်စေလိုပါက အမှန်တကယ်လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်သင့်ပါ ကြောင်း။
Written by လတ်ငြိမ်း 
The Public Image Journal
Vol.1, No.34, May 24, 2013

No comments:

Post a Comment