Pages
▼
Saturday, 19 October 2013
ပါမောက္ခတွေကို အရေးယူပေးပါ
လွှစာမှုန့်ကနေ လျှပ်စစ်ဓာတ်အား ထုတ်တာကို အမေရိကန် ဂျာနယ်တစ်စောင်မှာ ဖော်ပြခြင်း ခံရတာကို ဂုဏ်ယူစွာနဲ့ ဖော်ပြတဲ့ သတင်းကိုလည်း ဖတ်လိုက်ရပါတယ်။
လွှစာမှုန့်တောင်မှ ရိုးရိုးလွှစာမှုန့် မဟုတ်ဘူး။ ပျဉ်းကတိုးသစ်ကို ခွဲစိတ်လို့ ထွက်လာတဲ့ လွှစာမှုန့်လို့ ဆိုပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က မှန်စက်ရုံကို ပါတီဥက္ကဋ္ဌကြီး လာစစ်မယ်ဆိုတော့ မှန်တွေကို လက်တွေ့ကျိုချက်ပြဖို့ ကုန်ကြမ်း မရှိတာနဲ့ မှန်ကောင်းတွေကို ထုထောင်းပြီး အရည်ကျို ပြန်ချက်ပြခဲ့ရတယ် ဆိုတဲ့သတင်းကို ကြားမိရင် ရယ်ချင်မလားတောင် မသိဘူး။ မြန်မာတစ်ပြည်လုံး သစ်တောတွေ ကုန်လုနီးပါး ဖြစ်နေတာတောင် ပျဉ်းကတိုး လွှစာမှုန့်ကနေ လောင်စာထုတ်ဖို့ စိတ်ကူးနေတဲ့ ပါမောက္ခတွေကို သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုမှာ အားပေးအားမြှောက်ပြုမှုနဲ့ အရေးယူပေးဖို့ တောင်းဆိုချင်ပါတယ်။
လွှစာမှုန့်ဆိုတာ သစ်ပင်ကိုခုတ်၊ သစ်သားအဖြစ် ထုတ်ရာကနေ ရရှိလာပါတယ်ဆိုတာ သတိပြုဖို့ ကောင်းပါတယ်။ တော်တော်ကြာ လူကြီးတွေက ကြည့်ချင်လှချည်ရဲ့ဆိုပြီး သစ်ပင်တစ်ပင်လုံးကို အမှုန့်ချေပြပြီး လွှစာမှုန့် မထုတ်ပါစေနဲ့လို့ ဆုတောင်းရ တော့မှာပဲ။ သူများနိုင်ငံက ခြောက်တန်းအဆင့် ကလေးတွေက ဗေဒါပင်တွေကနေ လောင်စာထုတ်နိုင်အောင်၊ ရေမှော်ပင်တွေကနေ လောင်စာထုတ်နိုင်အောင် စဉ်းစားတီထွင် နေကြချိန်မှာ မြန်မာနိုင်ငံက ပါမောက္ခ ကြီးတွေကတော့ တန်ဖိုးကြီးလှတဲ့ သစ်ပင်ကနေ လျှပ်စစ်စွမ်းအင် ထုတ်မယ်ဆိုတာ လက်ဖျားခါလောက်အောင် တော်ပါပေတယ်လို့သာ တော့… တော်…တော လိုက်ချင်ပါတော့တယ်။
The Voice Daily, 17.10.2013
ကျော်ဗလ
No comments:
Post a Comment