Pages
▼
Monday, 29 October 2012
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲမှ ပညာရေးနှင့်ပတ်သက်သော ဖွင့်ဟချက်
ကျွန်တော်တို့ရဲ့ ပညာရေးက နောက်ကျကျန်နေတာတော့ အမှန်ပါ။ နောက်ကျကျန်နေရတာလည်း အကြောင်းကြောင်းတွေ ကျွန်တော်တို့ အများကြီး ရှိပါတယ်။
ဘယ်သူဘယ်သူ့ကိုမှ အပြစ်တင်နေစရာလည်း မလိုပါဘူး။ ဘာကြောင့်လဲဆိုရင် ဟိုတုန်းက ကျွန်တော်တို့ တက္ကသိုလ်မှာ ယေးတို့၊ ဟားဗက်တို့က ဘွဲ့ရခဲ့တဲ့ ဆရာကြီးတွေ၊ ဆရာမကြီးတွေ တော်တော်များများရှိပါတယ်။ အဲဒီတော့ ဒီဆရာ၊ ဆရာမကြီးတွေက သင်ပေးလိုက်တဲ့ သူ့ရဲ့ တပည့်တွေက ယေးတို့၊ ဟားဗတ်တို့က ဘွဲ့မရသော်လည်း အဲဒီနီးပါးတော်တဲ့ လူစားမျိုးတွေ ထွက်လာခဲ့ပါတယ်။သို့သော်လည်း ကျွန်တော်တို့ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်က ဟားဗတ်မှာလည်း သွားတက်ခွင့်မရ၊ ဥပမာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး MRCP တို့ဆို အင်္ဂလန်မှာ သွားပြီးတော့ယူရမှာ၊ တခါသွားမှ တစ်ယောက်စ၊ နှစ်ယောက်စ၊ လူဦးရေ သန်းခြောက်ဆယ်လောက် ရှိတယ်။ ဒီနှစ်ယောက်လောက်နဲ့ ကျန်းမာရေးအဆင့်အတန်းမြင့်အောင် ကျွန်တော်တို့ ဘယ်လိုမှ မလုပ်နိုင်ဘူး။ ကျွန်တော်တို့ အဆင့်မြင့်တဲ့ ပညာတွေကို ဆရာလုပ်တဲ့သူတွေက သင်ကြားခွင့် မရတဲ့ အတွက်ကြောင့် ကိုယ့်ရှိတဲ့ ပညာရေးကိုပဲ ကိုယ်က အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ လုပ်နေရပါတယ်။
အမေရိကန်တက္ကသိုလ်များရန်ကုန်တွင် ဖွင့်ရန်စီစဉ်
တခြား နိုင်ငံတွေနဲ့ ရင်ပေါင်တန်းဖို့အတွက် ခေတ်မီတဲ့ ပညာရေးကို ပြီးခဲ့တဲ့နှစ်က ဟီလာရီကလင်တန်နဲ့ ကျွန်တော် စပြီး ဆွေးနွေးခဲ့တယ်။ နိုင်ငံခြားက နာမည်ကြီးတဲ့ တက္ကသိုလ်တွေမှာ ကျွန်တော်တို့ရဲ့ တော်တဲ့ ကလေးတွေ၊ အတော်ဆုံးကလေးတွေ၊ ကျွန်တော်တို့ပို့ချင်ပါတယ်၊ ဒီကလေးတွေကို လက်ခံပေးပါ၊ ဟိုတုန်းက ဆိုလို့ရှိရင် ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆရာတွေ၊ ဆရာမတွေ တော်တော်လေးရှိပါတယ်။ အခုလည်းရှိပါတယ်။ အဲဒီတော့ ဒီတက္ကသိုလ်ကြီးက သူ့အောက်မှာ တက္ကသိုလ်ခွဲ ကိုးခုကျော် ရှိပါတယ်၊ ကျွန်တော်တို့ကို ပညာသင်ကြားခွင့် ပေးပါလို့ပြောတော့ မစ္စတာရိုက်စ် ဆိုသူနဲ့ ပေးတွေ့ပါတယ်။ ပြီးတော့ သူက သုံးလေးဆယ်လောက်လက်ခံပါတယ်။ ၀ါရှင်တန်လို နေရာမျိုးမှာ ပညာတော်သင် သုံး လေးဆယ်လောက်သွားပြီးတော့ သင်ဖို့အတွက်က သူ့ကျောင်းက အလကားသင်ပေးလည်း နေဖို့စရိတ်နဲ့ စားဖို့စရိတ်က လိုလာတယ်။ အဲဒီလိုတွေ လိုတဲ့အတွက်ကြောင့် များများစားစား ကျွန်တော်တို့ ဘယ်လိုမှ သွားပြီးတော့ သင်နိုင်တဲ့ အနေအထားမရှိဘူး။ အဲဒီတော့ ခင်ဗျားတို့ ဒီလိုလုပ်ပါလား၊ ရန်ကုန်မြို့မှာ ကျွန်တော်တို့ အကြောင်းကြောင်းကြောင့် တက္ကသိုလ် ၃ ခု ပိတ် ထားတာရှိတယ်၊ အဆင်သင့်ပါပဲ၊ အဲဒီတော့ ခင်ဗျားတို့ တက္ကသိုလ်ခွဲတွေ ကိုရီးယားမှာ ဖွင့်နေတာ ရှိတယ်။ စင်ကာပူမှာလည်းရှိတယ်၊ အီတလီမှာလည်းရှိတယ်၊ ဒီကို လာပြီးများ တက္ကသိုလ်ခွဲတွေ ဖွင့်ပေးနိုင်မလား၊ ဒါလည်း သဘောကျသွားတယ်။ ဒါကောင်းတဲ့ အကြံဥာဏ်ပါပဲလို့ ပြောပါတယ်။ ဒီတက္ကသိုလ်တွေ ဖွင့်ဖို့အတွက် ကျွန်တော်တို့ဆက်သွယ်ပြီးတော့ ဆောင်ရွက်နေပါတယ်
ပြည်သူ့ခေတ်ဂျာနယ်
၂၅၊ အောက်တိုဘာ၊ ၂၀၁၂

No comments:
Post a Comment