Pages

Friday, 26 October 2012

မူလတန်းနှင့် အလယ်တန်းအဆင့် သင်ရိုးညွန်းတမ်းနှင့် သင်ရိုးမာတိကာများကို လိုတိုး၊ ပိုလျှော့ ရေးဆွဲနေ Print

အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားများအတွက် အသက်အရွယ်နှင့် လိုက်ဖက်၍ခေတ်နှင့်လျော်ညီသော သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို ပြုပြင်ရေးဆွဲနေပြီ ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။


"အကြမ်းရေးဆွဲနေတာ ဖြစ်ပါတယ်။ ကလေးတွေ ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် မလိုအပ်တာတွေကို ချုံ့ပြီး တိုးသင့်တာကို တိုးသွားမယ်။ ၅း၎း၃ စနစ်နဲ့ သင်ရင် အသင့်ဖြစ်နေအောင်လို့ပါ။ လိုတိုး၊ ပိုလျှော့လုပ်သွားမှာပါ ချုံ့တာကတော့ ပိုများပါမယ်။ မူလတန်းနှင့် အလယ်တန်းကို အရင်ပြုပြင် ပြောင်းလဲသွားမှာပါ" ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။
သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ ပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်၍ ပြည်ပရောက် မြန်မာပညာရှင်များနှင့် ပြည်တွင်းမှ ပညာရေးကျွမ်းကျင်သူများက နယ်ပယ်စုံမှ ကျွမ်းကျင်သူများ ပါဝင်ဆောင်ရွက်ခွင့်ရရှိရန် ဆန္ဒရှိနေကြသည်။
သက်ဆိုင်ရာ နယ်ပယ်အစုံမှကျွမ်းကျင်သူများပါဝင်မှုနှင့် ပတ်သက်၍ "လောလောဆယ်တော့ မရှိသေးပါဘူး" ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို နိုင်ငံတကာ အဆင့်မီ မြှင့်တင်ဆောင်ရွက် ရေးအတွက် လက်ရှိသင်ရိုးညွှန်းတမ်းဌာနခွဲတွင် ဝန်ထမ်းအင်အား ဖြည့်ဆည်းပေးရန်နှင့် ဝန်ထမ်း များ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်၊ ၂ဝ၁၅ တွင် အာဆီယံ လူ့အဖွဲ့အစည်းထူထောင်မည်ဖြစ်၍ အပြန်အလှန် ဆက်သွယ်ရာတွင် အင်္ဂလိပ်ကျွမ်းကျင်မှု ရှိနေရန် လိုအပ်ချက်ရှိနေသည်။
သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရေးတွင် စိန်ခေါ်မှုအနေဖြင့် သင်ခန်းစာနှင့် ကိုက်ညီသော သင်ထောက်ကူများကို လက်တွေ့ပြုလုပ် အသုံးပြုမှုအားနည်းနေပြီး အရည်အသွေးပြည့်မီသော သင်ကြားသင်ယူမှု ပစ္စည်းများအား ကျောင်းအားလုံးသို့ တစ်ပြေးညီဖြန့်ဝေပေးနိုင်မှု မရှိသေးကြောင်း အခြေခံပညာကဏ္ဍ စီမံကိန်းစာတမ်းတစ်စောင်တွင် သုံးသပ်ထားသည်။
7 DAY NEWS JOURNA
Written by နေလင်းထွန်း L


No comments:

Post a Comment