Pages

Friday, 23 November 2012

ခွေးရူးကိုက်ခံရသည့် ရခိုင်မှ မူလတန်း ကျောင်းသား ကလေးသုံးဦး ခွေးရူးဆေး မရှိ၍ ဆေးမကုရ


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးရွာ တစ်ခုမှ မူလတန်း ကျောင်းသား ကလေးငယ် (၃) ဦးသည် ကျောင်းမှ အပြန် ခွေးရူး ကိုက်ခံခဲ့ရသော်လည်း အနီးအနားရှိ အစိုးရ ဆေးရုံများတွင် ခွေးရူးကု ဆေး မရှိသဖြင့် ဆေးမကုသရဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
ရသေ့တောင်မြို့ သင်္ဘောဆိပ်။ (ဓါတ်ပုံ- မောင်လူအေး)
ခွေးရူးကိုက်ခံရသူ ကလေးငယ် သုံးဦးမှာ ရသေ့တောင်မြို့နယ် မယူကမ်း ဒေသ လောင်းချောင်း တိုက်နယ် အပိုင် နေပူခံ ကျေးရွာမှ မလှဝင်း (၉ နှစ်)၊ မောင်ကျော်ဇော(၈ နှစ်) နှင့် အောင်ခိန်(၁၀ နှစ်) တို့ ဖြစ်ကြသည်။

သူတို့သည် နိုဝင်္ဘာလ ၁၉ ရက် ညနေ ၅ နာရီ အချိန်တွင် ကျောင်းမှ အပြန် ခွေးရူးကိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“  ဒီကလေးငယ် ၃ ဦး ကျောင်းက အပြန်မှာ ခွေးရူးကိုက်ခံရပါတယ်။ အနီးအနားက ဈေးကုန်တန်းရွာ အစိုးရ ကျေးလက်ဆေးပေးခန်းသို့ ယူသွားပါတယ်။ ဆေးမှူး ကိုကျော်မင်းထွန်းက ဆေးခန်းမှာ ခွေးရူးကုတဲ့ ဆေးမရှိဘူးလို့ ပြောပါတယ်။ ဒါနဲ့ ကလေးတွေ ဆေးမကုရဘဲ ဖြစ်နေတယ်။ ဆေးခန်းကတော့ ခွေးတောက်မြစ်နဲ့ သကြားနည်းနည်း ထည့်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ် ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက နိရဉ္စရာကို ပြောသည်။
ဈေးကုန်တန်း ဆေးပေးခန်းတွင် ခွေးရူးဆေး မရှိသော်လည်း အပြင်ဆေးဆိုင်များတွင်  ခွေးရူးဆေး ရှိကြောင်း၊ သို့သော်လည်း ဆေးတစ်လုံးကို  ကျပ် ၁၅၀၀၀ ကနေ ၂၀၀၀၀အထိ ရှိသဖြင့် မိဖများ အနေဖြင့် ငွေကြေး မတတ်နိုင်၍ မ၀ယ်ယူနိုင်ဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။
ခွေးရူးဆေးမှာ အနည်းဆုံး တရက်ကို တစ်လုံးကျဖြင့် ၁၄ လုံးထိ ထိုးရသဖြင့် မိဖများ အနေဖြင့် မည်သို့မှမတတ်နိုင်ဘဲ ဖြစ်နေကြသည်။
၎င်းပြင် မြို့နယ်ဆေးရုံသို့ ယူဆောင်သွားမည် ဆိုလျှင်လည်း လမ်းစရိတ်၊ နေစရိတ်၊ စားစရိတ်နှင့် ဆေးဖိုးဝါးခများကို မတတ်နိုင်ကြသဖြင့် ကလေးငယ် (၃) ဦး၏ မိဖများမှာ အထူး အကျပ်ရိုက်ကာ  အခက်အခဲ ကြုံတွေ့နေရသည်ဟု သိရသည်။
နေပူခံကျေးရွာသည် ရသေ့တောင်မြို့နှင့် ၇ မိုင်ခန့်သာ ဝေးသော်လည်း မယူမြစ်ကို ဖြတ်ပြီး သွားလာရသဖြင့် စက်လှေခမှာ လူတစ်ဦး အသွားအပြန် ကျပ်၂၀၀၀ ကုန်ကျသည်ဟု ပြောသည်။
ကလေးငယ် (၃) ဦးအား အချိန်မှီ ဆေးဝါး မကုသနိုင်ပါက ခွေးရူး ရောဂါဖြင့် သေဆုံးသွားနိုင်သဖြင့်  ဒေသ အတွင်းက လူကြီးများ၏  အစီအစဉ်ဖြင့် ကလေးငယ် (၃) ဦး ရသေ့တောင် မြို့နယ် ဆေးရုံသို့  ယခုအခါ ယူဆောင်ရန် စီစဉ်နေကြောင်း ဆွေမျိုးတော်စပ်သူက ပြောသည်။
ရသေ့တောင်မြို့နယ် မယူကမ်းဒေသတွင် လောင်းချောင်း၊ မိညို ထောင့် တို့တွင် အစိုးရ ဆေးခန်းများ ရှိပြီး  စေတီပြင် ကျေးရွာတွင်လည်း တိုက်နယ် ဆေးရုံ ရှိသော်လည်း ခွေးရူးဆေးမရှိ၍ ငွေကြေး မတတ်နိုင်သူများ အနေဖြင့် ခွေးရူးကိုက်ခံရ၍ သေဆုံးခဲ့ရမူများလည်း ရှိကြောင်း သိရသည်။
အဆိုပါ ဒေသတွင် ယမန်နှစ်ကစပြီး ခွေးရူး ဖြစ်ပွားမူ နုန်းမှာ ကြောက်ခမန်းလိလိ တိုးပွားလာခဲ့ပြီး လူအများအပြားလည်း ခွေးရူးကိုက်ခံခဲ့ရရာ တချို့ ကျေးရွာများတွင် ခွေးရူးကိုက် ခံရမည်ကို စိုးရိမ် ကြောက်လန့် သဖြင့် ယမန်နှစ်က သင်္ကြန်ပွဲတော်ကိုတောင် မပြုလုပ်ဘဲ ရှိခဲ့ကြသည်ဟု သိရသည်။


ခိုင်သိန်း
Narinjara Online 24 X 7 | Arakan news Burmese news Myanmar

No comments:

Post a Comment