Pages

Wednesday, 21 November 2012

ရင်နှင့်သင်တဲ့ ဆရာရဲ့ ရင်နင့်စရာများ



ကျွန်မဟာနယ်မြို့လေးတစ်မြို့က ကျောင်းဆရာတစ်ဦးပါ။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ မြန်မာနိုင်ငံ ပညာရေးနှင့် ပတ်သက်ပြီးတော့ ရေးသားထားတဲ့ ဆောင်းပါးတော်တော်များများမှာ သင်ကြားပေးသူ ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍဟာ နဂိုကမှ ကျောင်းဆရာ၊ ဆရာမဆိုရင် အထင်အမြင်သေးသိမ် တဲ့မျက်စိနဲ့ ကြည့်တတ်တဲ့ လူမှုအသိုင်းအဝိုင်းပတ်ဝန်းကျင်မှာ ပိုပြီးတော့အနှိမ်ခံ၊ အနင်းခံ၊ နင်းပြား သာသာဘဝမျိုး ဖြစ်နေခဲ့ရတဲ့အတွက် ကျွန်မတို့လို မခိုမကပ် စေတနာ မေတ္တာအပြည့် အဝနှင့် သင်ပေး နေတဲ့ ဆရာ၊ ဆရာမတွေရဲ့ ရင်ထဲကိုမြားအစင်းပေါင်းများစွာ အစိုက်ခံလိုက်ရသလို နာကျင်ခံစား လိုက်ရပါတယ်။

အဲဒီတော့ ပြဿနာရဲ့အစက ဘာဖြစ်မလဲ ကျွန်မစဉ်းစားကြည့်မိပါတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက အကြောင်းကစပြီးပေါ့။ ကျွန်မတို့ ငယ်ငယ်ကျောင်းနေစဉ်ကာလ အမှတ်တရများစွာထဲကပေါ့။
ကျွန်မတို့ ငယ်ငယ်တုန်းက ဘာဆော့သလဲမမေးပါနဲ့။ ကျောင်းဆင်းရင် ချက်ချင်းအိမ်မပြန်သေးဘူး။ ဘတ်စကတ်ဘော ကစားလိုက်။ ဘော်လီဘောကစားလိုက်၊ တစ်ခါတစ်လေ ဘောလုံးကွင်းမှာ ဘောလုံးကစားကြသေးတာ။ အဲဒီခေတ်က မိန်းကလေးတွေ ဘောလုံးကန်တာ မရှိတော့ လူကြီးတွေက ဆူတာ ဆဲတာခံရ။ အိမ်ကလူကြီးတွေက ကျောင်းဆင်းလို့ အချိန်တန်အိမ်မပြန်လာရင် တုတ်ကိုင်ပြီး လိုက်လာမှ ပြန်ပြေးကြတာ။ အချိန်နည်းနည်းလေး ရတာနှင့် ဆော့ကြပြီ။ ကျောင်းရှေ့ ရေကန်ဘေးက ညောင်ပင်ကြီးတွေပေါ်တက်၊ ထမင်းစား လိုက်ကြ၊ ညောင်ကိုင်းစီးလိုက်ကြ၊ ကျောင်းအားရက်လည်း ငြိမ်မယ်မထင်နဲ့။ ရပ်ကွက်ထဲမှာ နည်းမျိုးစုံနှင့် ဆော့ကြတာ။
ကျောင်းမှာလည်း တစ်နှစ်ပတ်လုံး ကျောင်းလုပ်ငန်းအမျိုးမျိုးရှိသေးတာ။ အားကစားပြိုင်ပွဲ အမျိုးမျိုး၊ ကပွဲအမျိုးမျိုး၊ ကျပန်းစကားပြောပွဲ၊ စကားရည်လုပွဲတွေ အသင်းလိုက်ပြိုင်ကြပြန်ပြီ၊ ကြက်ခြေနီ သင်တန်းတို့၊ ကင်းထောက်သင်တန်းတို့ကပါသေး။
ဒီလိုနှင့်ပဲ အချိန်တန်စာသင်လိုက်၊ ဆော့လိုက်၊ စာကျက်လိုက်၊ ကျောင်းနေပျော်ခဲ့ရတဲ့ ကာလတွေ တစ်နှစ်တစ်တန်းမှန်မှန်အောင်လည်း အောင်ခဲ့ပါရဲ့။ ကျူရှင်ဆိုတာ မကြားဖူး။ ဘော်ဒါဆိုတာမရှိ။ တစ်နှစ်ကို စာမေးပွဲ သုံးခါဖြေ၊ မအောင်မနေရ၊ စနစ်မရှိ။ တတ်ရင်အောင်၊ မတတ်ရင်ကျ ဒါပဲ။ အခုတော့ ငါးတန်းမှာ ဘာမှမတတ်လည်း စနစ်အရ အအောင်ပေးရပြန်ပြီ။ တက်ပြီ။ တစ်တန်းပြီး တစ်တန်း၊ ဘာမှ မတတ်ချင်နေ။
ကျွန်မတို့ကျောင်းက တစ်မြို့နယ်လုံးရဲ့ ပင်မ အ.ထ.က ဖြစ်နေတော့ လေးတန်းအောင်သူ ကလေး များ၊ မူလတန်းပေါင်းစုံကနေ အ.ထ.က ရောက်လာ၊ ရှစ်တန်းအောင်ကလေးများ အ.လ.က ပေါင်းစုံက နေ အ.ထ.က ရောက်လာ အဲဒီမှာ ပြဿနာတက်တော့တာပါပဲ။
အလယ်တန်းကျောင်းတွေကနေ ရှစ်တန်းအောင်လာတဲ့ ကလေးတွေ အထက်တန်းကျောင်းကို ရောက်လာတယ်။ အင်္ဂလိပ်စာ စာလုံးပေါင်းစာလုံးရေးတာ စာတစ်လုံးရေးလိုက်၊ ကျောက်သင်ပုန်း တစ်ခါလှမ်းကြည့်လိုက်၊ နောက်တစ်လုံးရေးလိုက် ဒီလိုလူတွေရှိတယ်ဆိုတာ မယုံမရှိပါနှင့်။ Noun ဆိုတာဘာလဲ၊ Verb ဆိုတာဘာလဲ မသိတဲ့လူ အများကြီးပါ။
ဒီကလေးတွေ စာမေးပွဲဖြေကြပြီ။ အောက်ချက်ရာခိုင်နှုန်းက ဇာတ်လိုက်ဖြစ်လာပြီ။ တစ်ဘာသာကျ၊ အတန်းတင် နှစ်ဘာသာကျ၊ အတန်းတင် အောင်ချက်ရာခိုင်နှုန်း မပြည့်သေးဘူး။ သုံးဘာသာကျ၊ အတန်းတင်။
ကဲ..သင်ပေတော့ ဆယ်တန်း ဆရာ၊ ဆရာမများ ရင်ကွဲမတတ် အောင်ချက်ရာခိုင်နှုန်းဆိုတဲ့ ပေတံကြီး နှင့် တိုင်းလိုက်တော့ ဒီကျောင်းက ဆယ်တန်းသင်တဲ့ ဆရာ၊ ဆရာမတွေ ညံ့တယ်ပေါ့။ တင်ပေဦး။ ထုချေလွှာ။ ကျောင်းသားအပြစ်မပါရ။ မိဘအပြစ်မပါရ။ ကဲ ဆရာမအပြစ်ပါပဲ။
ဆရာ၊ ဆရာမတွေ အတန်းထဲမှာ ဘယ်လိုပြဿနာတွေနှင့် ရင်ဆိုင်နေရသလဲ။ ကျွန်မသုံးသပ်မိ သလောက်ကတော့ ဘော်ဒါနှင့် ကျူရှင်၊ ဝိုင်းများကလည်း ပြဿနာတစ်ခုလို့ ထင်ပါတယ်။
ဘော်ဒါတွေရဲ့ ထုံးစံအတိုင်း ကိုယ့်ဘော်ဒါနာမည်တက်ဖို့အရေး တွန်းသင့်တွန်း ကျက်ခိုင်း စိတ်ပါ သည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ အိပ်ချင်သည်ဖြစ်စေ၊ မအိပ်ချင်သည်ဖြစ်စေ၊ ကျက်ပေတော့ ညဆယ့် နှစ်နာရီထိ ထပေတာ့ မနက် လေးနာရီ၊ ထဆိုထ၊ ကျက်ဆိုကျက်၊ အိပ်မှုန်စုံမွှား စမ်းတဝါးဝါးနှင့်ထကြ၊ တဝေါဝေါတွေအော်ကြ၊ ခေါင်းထဲရောက်၊ မရောက်တော့မသိ။
ဘော်ဒါတွေကို အပြစ်တင်လိုစိတ် လုံးဝမရှိပါ။ ဆင်ခြင်နိုင်ရန် အကြံပြုခြင်းမျှသာ ဖြစ်ပါတယ်။
အဲဒါရဲ့ အကျိုးဆက်ကတော့ ကျောင်းသားတွေဟာ အိပ်ရေးပျက်ခဲ့ရသမျှ ကျောင်းစာသင်ခန်းထဲမှာ အတိုးချ အိပ်ကြတော့တာပါဘဲ။
အိပ်ငိုက်နေလို့ မတ်တတ်ရပ်ပြီးစာဖတ်ခိုင်း၊ ကဗျာရွတ်ခိုင်းတာ။ မတ်တတ်ရပ်ရင်း အိပ်ငိုက်နေတဲ့ သူတွေ ရှိသေးတယ်ဆိုတာ ပြောရင် ယုံမှာမဟုတ်ပါဘူး။ အိပ်ချင်စိတ်က လွှမ်းမိုးနေတော့ သင်သမျှ စာတွေခေါင်းထဲမဝင်။ ဦးနှောက်တွေ ထုံထိုင်း မှုန်မှိုင်းလို့။ ဆော့ဖို့အချိန်မရှိ၊ ကစားဖို့အချိန်မရှိ၊ ခန္ဓာကိုယ်လှုပ်ရှားမှု လုံးဝမရှိ၊ သွေးလည်ပတ်မှု စနစ်တွေချို့ယွင်းလာ၊ ခန္ဓာကိုယ်လည်း သွက်လတ် ဖျတ်လတ်မှုမရှိ။ အဲဒီတော့ ကျန်းမာရေးကလည်း ချို့ယွင်းလာပြန်ရော၊ တော်ကြာနေမကောင်းလို့ ခွင့်ယူပြန်ပြီ။ တော်ကြာဗိုက်နာလို့ ခွင့်ယူပြန်ပြီ။
ငါးဆယ်ကျော် ဆရာမတွေက သွက်လတ်ဖျတ်လတ်နေသလောက် တစ်ဆယ်ကျော်ငါးနှစ်ပတ်လည် တွေက ငေးတိငိုင်တိုင် တစ်ခါတလေ ငါသင်ပေးနေတာတွေဟာ လူမဟုတ်ဘဲ အရုပ်ကလေးတွေ တန်းစီချပြီး သင်ပေးနေရသလားလို့ တွေးမိတယ်။ ကလေးဗဟိုပြုဆိုတာလည်း ဘယ်ရောက်နေမှန်း မသိ။
အိပ်ချင်စိတ်များနေတော့ သင်တဲ့စာလည်း ကောင်းကောင်းနားမလည်။ နားမလည်တော့ ညစာပြန် ကျက်ရင် တော်တော်နှင့်မရ။ အိပ်ရေးပျက်၊ ညအိပ်ရေးပျက်တော့ နောက်တစ်နေ့ ကျောင်းစာသင်ချိန် အိပ်ငိုက်၊ အိပ်ငိုက်နေတော့ စာနားမလည်နိုင် ဒီလိုနှင့် မုန့်လုံးစက္ကူကပ်ပြီး ဂျာအေးသူ့အမေရိုက်တော့ တာပါပဲ။ သင်ရတဲ့ ဆရာတွေမှာတော့ ရင်ကွဲမတတ်။
ဓားစားခံကျောင်းသားများရဲ့ နောက်အခက်အခဲတစ်ခုကတော့ ကျောင်းကသင်တဲ့ စာကိုပဲ ကျက်ရမ လား။ ဝေခွဲရခက်တဲ့ ဒုက္ခပါဘဲ။
ကျွန်မတို့ကျောင်းက ကျောင်းသားပေါင်း ၂၆ဝ စာသင်ခန်းတစ်ခန်းကို လူငါးဆယ်၊ ခြောက်ဆယ်၊ ကျူရှင်တွေက မှိုလိုပေါက်၊ ကျူရှင်စာပဲ ကျက်ရမလား။ ကျောင်းစာပဲ ကျက်ရမလား။ ဆရာတွေက များတော့ ဘယ်သူ့စကားနားထောင်ရမှန်းမသိ။ မနက်ခြောက်နာရီလောက်ကတည်းက ညခြောက်နာရီ လောက်အထိ အရပ်ရှစ်မျက်နှာ ကျူရှင့်တကာကျူရှင် ပြေးလိုက်လွှားလိုက်ရတာခများများ ကျောင်းစာ သင်ခန်းထဲလည်း ရောက်ရောအိပ်ငိုက်ကြတော့တာပါပဲ။
အခြေခံမရှိဘဲနှင့်တက်လာတဲ့ ကျောင်းသားတွေ တစ်ခါတစ်ရံ ကျူရှင်က ဘော်ဒါက သင်တဲ့စာမှ စာမေးပွဲမှာပါမယ်ထင်ကြတော့။ စာသင်ခန်းထဲမှာ သင်နေတာက အင်္ဂလိပ်စာသူတို့က ကျူရှင်က ပေးလိုက်တဲ့ သင်္ချာတွေကို ခိုးပြီးတွက်နေကြတာတွေ့လိုက်ရင် ကျွန်မတို့ဒေါသတွေ ငယ်ထိပ်တက် တော့တာပါပဲ။
နည်းလမ်းမျိုးစုံနှင့် ကျောင်းကဆရာ၊ ဆရာမတွေကို စော်ကားကြတာ။ ငါတို့သင်ပြီးသား သိပြီးသား တွေပဲ ကျောင်းကသင်တာဂရုစိုက်စရာ မလိုဘူးဆိုတဲ့ အချိုးတွေနဲ့ ထော်လော်ကန့်လန့် ပုံစံတွေနှင့် ကျွန်မတို့နေ့စဉ်ကြုံတွေ့နေရတဲ့ ရင်နင့်စရာကိစ္စတွေ ဘယ်သူမှ အလေးမထားကြပါဘူး။
ဘယ်ဘော်ဒါမှမနေ၊ ဘယ်ကျူရှင်မှ မတက်ဘဲ နှစ်ချင်းပေါက်အောင်သွားတဲ့ ကျောင်းသားတွေ အများ ကြီးပါ။ ဒါပေမဲ့ ကျွန်မတို့ ချီးမွမ်းခံရပါသလား။ ဝေးပါသေးရဲ့။
ဂုဏ်ထူးထွက်ရင်တော့ ဘယ်ဘော်ဒါကလေ၊ ဘယ်ကျူရှင်ကလေ၊ အမြှုပ်တစီစီထွက်လောက်အောင် ပြောကြ၊ စာမေးပွဲကျပြီဟေ့ဆိုရင်တော့ ကျောင်းဆရာ၊ ဆရာမတွေ စာကောင်းကောင်းမသင်လို့ပေါ့ တဲ့။
လေးဆယ့်ငါးမိနစ်ဆိုတဲ့ စာသင်ချိန် တစ်နေ့တစ်နေ့ လေးချိန်၊ ငါးချိန်၊ တစ်ခါတစ်လေ အချိန်ပိုပါဆိုရင် ခြောက်ချိန်၊ ခုနှစ်ချိန်၊ ဒီအချိန်တွေ တစ်နေ့လုံးမတ်တတ်ရပ်၊ စာသင်၊ ရင်ကွဲမတတ်အော်၊ အမြင် မတော်ရင် ဆုံးမသွန်သင် ဆရာ၊ ဆရာမတွေဟာ နာသုံးနာရှိရမယ်တဲ့ ကျွန်မတို့အတွက် ရင်နာတာ တစ်ခုပါ ပေါင်းဖို့လိုအပ်နေပါပြီ။
စာသင်ခန်းထဲမှာ တာဝန်ဆိုတာထက်ပိုတဲ့ စေတနာမေတ္တာနှင့် သင်လာခဲ့တာနှစ်သုံးဆယ် ကျော်ပါပြီ။ စာသင်ရတဲ့ တာဝန်သာမက ကျောင်းရဲ့ ကျောင်းလုပ်ငန်းကိစ္စ အမျိုးမျိုးမှာ စေတနာနှင့် ထမ်းရွက်ခဲ့ တာလည်း ကာလကြာခဲ့ပါပြီ။
ဒါပေမဲ့ ကျောင်းသူကျောင်းသားတွေကို သားသမီးများလို သဘောထားပြီး ရင်နဲ့ရင်းလို့ သင်ပေးနေပေ မယ့် ရင်နာစရာ ကိစ္စတွေကတော့ နေ့စဉ်ကြုံနေရဆဲပါ။ ကျွန်မတို့ရဲ့ ဘဝဟာ ရင်နှင့်သင်ရပေမယ့် ရင်နာနေရတဲ့ စေတနာဆရာမဘဝပါ။ ကိုယ်ချင်းစာတတ်ရင် ကျေနပ်ပါပြီ။
ရင်နှင့်ရင်း၍ သင်ကြားသော ဘဝတူဆရာ၊ ဆရာမများသို့ ……………..
7 DAY NEWS JOURNAL
Vol.11, No.37, NOVEMBER 22, 2012 မှ ကူးယူဖော်ပြပါသည်။
ပုံကို moemaka.blogspot.com မှရယူပါသည်။

No comments:

Post a Comment