Pages

Wednesday, 28 November 2012

မန္တလေးတက္ကသိုလ်ဆရာများအဖွဲ့ ခေါင်းဆောင်များ နယ်ပြောင်းရွှေ့ခံရ

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မှာ ဖွဲ့စည်းထားတဲ့ မန္တလေး တက္ကသိုလ်ဆရာ ဆရာမများအဖွဲ့က ခေါင်းဆောင်ဆရာတွေ နယ်တက္ကသိုလ်တွေဆီ ပြောင်းရွှေ့ခံရတယ်လို့ အဖွဲ့က ပြောပါတယ်။မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်က မန္တလေးတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်နဲ့ နိုင်ငံခြားဘာသာသင်တက္ကသိုလ် (မန္တလေး) တို့က ဆရာ ဆရာမတွေပါဝင်တဲ့ တက္ကသိုလ် ဆရာဆရာမများအဖွဲ့ဆိုပြီးတော့ ဒီနှစ် ဇွန်လမှာ တရားဝင်မှတ်ပုံတင်လိုက်ပြီး အစိုးရ အလုပ်သမားဦးစီးဌာနကနေ အသိအမှတ်ပြုထားတာလည်း ဖြစ်ပါတယ်။


တက္ကသိုလ်ဆရာများအဖွဲ့က ဥက္ကဋ္ဌ ဒေါက်တာသက်လွင်ကို စစ်တွေတက္ကသိုလ်၊ အတွင်းရေးမှူး ဦးသုတကို ကျိုင်းတုံတက္ကသိုလ်၊ ဒေါ်အေးအေးသန်းကို ရေနံချောင်းဒီဂရီကောလိပ်၊ ဦးနိုင်မင်းထွန်းကို မြစ်ကြီးနားတက္ကသိုလ်၊ ဒေါ်မိမိအောင်နဲ့ ဒေါ်ခင်လှိုင်မြင့်တို့ ၂ ဦးကို ပင်လုံတက္ကသိုလ် ရွှေ့ပြောင်းခဲ့ပြီး ကျန်နေတဲ့ အမှုဆောင်အဖွဲ့ဝင် ဆရာ ဆရာမတွေကိုလည်း နယ်ပြောင်းရွှေ့ခံရဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒါဟာ မန္တလေးတက္ကသိုလ် ဆရာ ဆရာမများအဖွဲ့က ခေါင်းဆောင်တွေကို ရည်ရွယ်ချက်ချက်ရှိရှိနဲ့ လုပ်ဆောင်တာလို့ အဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ သက်နိုင်ဦးက သုံးသပ်ပြောဆိုပါတယ်။

“အဖွဲ့ထဲ ဦးစီးဦးဆောင်လုပ်သွားတဲ့ ဒေါက်တာသက်လွင်ဆိုရင် လစ်လပ်တဲ့နေရာတွေ ရှိတယ် တောင်ကြီးတို့၊ တောင်ငူတို့။ အဲနေရာတွေ မဟုတ်ဘဲ ရခိုင် စစ်တွေတက္ကသိုလ်ပို့တာတော့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ယူဆတယ်။ နိုင်ငံခြားဘာသာတက္ကသိုလ်က အတွင်းရေးမှူးလုပ်တဲ့ ဦးသုတ(ကထိက အင်္ဂလိပ်စာဌာန) ကဆိုရင် သူမတင်ထားဘူး၊ နှစ်လည်း မပြည့်သေးဘဲနဲ့ ရည်ရွယ်ချက်နဲ့ အဝေးကိုပို့တယ်လို့ ယူဆလို့ ရတယ်။”

ခေါင်းဆောင် ဆရာ ဆရာမတွေကို နယ်အဝေးကို ပို့လိုက်တဲ့အတွက် အဖွဲ့အစည်း ထိခိုက်နိုင်ပုံတွေကို ဒေါက်တာသက်နိုင်ဦးက ဆက်ပြောပါတယ်။

“ဒီအသင်းမှာ ဦးဆောင်ဦးဆောင်ပြုသူတွေကို ထိခိုက်တယ်ဆိုရင် ဒီအသင်းက ပျက်စီးသွားမယ်လေ။ အရှိန်လျော့သွားမယ်။ ဒီလို သူတို့ ယူဆပြီး ရွှေ့တာပါ။ ကျန်ခဲ့တဲ့သူတွေတော့ ရှိတယ်၊ မူဘောင်ထဲ ရွှေ့မရတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်က မြန်မာစာ ဘာသာဗေဒဌာနက ကထိက ဒေါက်တာ တင်နွဲ့ရီဆိုရင် နိုင်ငံခြားဘာသာတက္ကသိုလ်က ရန်ကုန်နဲ့ မန္တလေး ၂ ခုပဲ ရှိတော့ မန္တလေးမှာပဲ ဆက်ထားတယ်။ အဲလိုမျိုးတော့ ရှိတယ်။”

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်လာပြီး အသင်းအပင်းတွေ ဖွဲ့စည်းခွင့်ပြုတဲ့ ဥပဒေထွက်လာပြီးနောက်မှာ အလုပ်သမား အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေ ပေါ်ပေါက်လာခဲ့ရာမှ အစိုးရ တက္ကသိုလ် ဆရာဆရာမများ အဖွဲ့အနေနဲ့ ဒုတိယမြောက် အလုပ်သမားအဖွဲ့ ဖွဲ့ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ် ဆရာ ဆရာမများအဖွဲ့အနေနဲ့လည်း ပညာရေးဌာနက အာဏာပိုင်တွေကို ထိပ်တိုက်တွေ့တဲ့ လုပ်ဆောင်မှုမျိုးတွေမရှိဘဲ နိုင်ငံရေး စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် စွမ်းရည်မြင့် သင်တန်းတွေ လုပ်ဆောင်ပေးနေတာတွေပဲ ရှိတယ်လို့ ဒေါက်တာသက်နိုင်ဦးက ပြောပါတယ်။
DVB TV News
မင်းလွင် -DVB - ၂၈ နိုဝင်ဘာ ၂၀၁၂
 

No comments:

Post a Comment