Pages

Tuesday, 11 December 2012

၈၀ ကျော်မှ ဘွဲ့ရတဲ့အဘိုး


အသက် ၈၀ ရှိပြီဖြစ်သော အဘိုး ရောဘတ် တီးတပ်စ်သည် ဈေးကွက်စီမံခန့်ခွဲရေးဘာသာရပ်ဆိုင်ရာ ဘွဲ့တစ်ခုကို ရရှိပြီဖြစ်ကြောင်း သိရသည်။ အဘိုး တီးတပ်စ်က “ကျွန်တော် ဒီဘွဲ့ကို ငယ်ငယ်လေးကတည်းက လိုချင်နေတာပါ။ ဒါကြောင့် တောက်လျှောက်ကြိုးစားလာခဲ့တာ” ဟုပြောကြားခဲ့သည်။
သူသည် အလုပ်မှ အငြိမ်းစားယူခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ယခုရရှိသည့်ဘွဲ့နှင့် ပတ်သက်ပြီး အလုပ်တာဝန်တစ်ခုခုကို ထမ်းဆောင်ချင်စိတ်ရှိသေးသည်ဟုဆိုသည်။
ထို့ပြင် သူက “ကျွန်တော့် အမေကို ကျွန်တော် တစ်နေ့ ဒီဘွဲ့ ရကို ရ,ရမယ်လို့ ကတိပေးခဲ့တယ်” ဟုပြောခဲ့ သည်။ မစ္စတာတီးတပ်စ်သည် ယခင်က အရောင်းသမားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဟော့စ်တန်မြို့တွင် နေထိုင်ခဲ့သူဖြစ်သည်။ “ကျွန်တော့်အတွက်တော့ ဒီဘွဲ့ဟာ ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါ” ဆိုသည်။
မစ္စတာ တီးတပ်စ်သည် တက္ကဆက်ပြည်နယ်ရှိ NGO အဖွဲ့အစည်းတစ်ခုမှ ဖွင့်လှစ်ထားသော အွန်လိုင်း တက္ကသိုလ် W.G.U.Texas တွင် အသက်အကြီးဆုံး ကျောင်းသားတစ်ယောက်အဖြစ် ၀င်ရောက်စာရင်း သွင်းခဲ့သူလည်းဖြစ်သည်။ ထို အွန်လိုင်းတက္ကသိုလ်တွင် တက်ရောက်နေကြသည့် ပျမ်းမျှ ကျောင်းသားများ၏ အသက်မှာ ၃၉ နှစ်ဖြစ်သဖြင့် မစ္စတာတီးတပ်စ်သည် စံချိန်တင် အသက်အကြီးဆုံး ကျောင်းသားကြီးဖြစ်သွားခဲ့ ရသည်။ ထိုကျောင်းမှ ဘွဲ့တစ်ခုရရန် အွန်လိုင်းအနေဖြင့် ၃ နှစ်ခွဲတက်ရောက်လေ့လာသင်ယူရမည်ဖြစ်သည်။
မစ္စတာ တီးတပ်စ်သည် ထိုကျောင်းတွင် ၂၀၀၆ ခုနှစ်ကတည်းက ကျောင်းဝင်ခွင့်လျှောက်လွှာတင်ပြီး တက်ရောက်သင်ကြားခဲ့သူဖြစ်သည်။ တီးတပ်စ်က သူ့အနေဖြင့် ကွန်ပျူတာကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုတတ်သူလည်း မဟုတ်ကြောင်း၊ စာရိုက်လျှင်လည်း လက်ညှိုးတစ်ချောင်းတည်းဖြင့်သာ ရိုက်တတ်ပြီး ကျောင်းစာများကို အွန်လိုင်းမှတင်သည့်အခါ လွန်စွာမှ အားထုတ်ခဲ့ရကြောင်း၊ သူသည် အထက်တန်းကျောင်း သားဘ၀တွင် အမေရိကန်ရေတပ်တွင်ဝင်ရောက်အမှုထမ်းကာ ကိုရီးယားစစ်မြေပြင်သို့ရောက်ခဲ့ရကြောင်း၊ စစ်ပွဲမှ ပြန်လာသည့်အခါတွင်လည်း ရာဘာကုမ္ပစီတစ်ခု၏ အရောင်းသမားဘ၀တွင် နှစ်ပေါင်းများစွာ ရပ်တည်နေရပြီး ပညာမသင်နိုင်ခဲ့ကြောင်း၊ ယခင်က အနီးနားရှိ ကောလိပ်တစ်ခုတွင် ကျောင်းတက်ရန် စာရင်း သွားသွင်းဖူးသော်လည်း မတက်ဖြစ်ခဲ့ကြောင်း၊ အဓိကမှာ ငွေကြေးမတတ်နိုင်သောကြောင့်ဖြစ်ကြောင်း၊ ယခု ၈၀ နားနီးမှ သူ့အမေဖြစ်စေချင်သော ဘွဲ့ရကြီးတစ်ယောက်ဖြစ်ခဲ့ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။
Written by ရွှေမောင်

No comments:

Post a Comment