ဆယ်စုနှစ်များစွာ ပညာအမှောင်ခေတ်မှာ ဘွဲ့ရပညာတတ်ဆိုသူလည်း ဆိုက္ကားနင်း ။ ဓမ္မာစရိယ ရဟန်းလူထွက်ကြီးလည်း ဆိုက္ကားနင်း...။ ခုတော့ ပညာအလင်းခေတ် ရောက်တော့မယ်တဲ့။ နိုင်ငံ့ထိတ်တန်း ပညာရှင်တွေက အနာဂတ် ပညာရေး စီမံကိန်းတွေ ရေးဆွဲနေကြပြီဆိုပဲ..။
ဒီလိုသာဆို ဘွဲ့ရ ပညာတတ်ဆိုသူတွေက ဖွံ့ဖြိုးလာတဲ့ ရွှေနိုင်ငံကြီးမှာ ဆိုက္ကား နင်းကြရတော့မှာမဟုတ်ပါ။ ဒီတော့ သင်္ကန်း ၀တ်ချင်လှချည်ရဲ့ ဆိုပြီး ငယ်ငယ်ရွယ်ရွယ် အတန်းပညာ မစို့မပို့နဲ့ သာသနာ့ဘောင်ထဲဝင်လာ၊ နှစ်ရှည်လများ ပိဋကတ် သက်သက်စာတွေ အာပေါက်အောင် အော်ကျက်ခဲ့ရပြီးပါမှ မပျော်လို့ လူထွက်သွားတဲ့အခါ ငါ့တူတော်မောင်လေးတွေ ဆိုက္ကားနင်းကြရရှာတော့မယ်…။
(တိုင်းပြည်က ဖွံ့ဖြိုးလာလွန်းလို့ ဆိုက္ကားတွေ အသုံး မပြုကြတော့ဘူးဆိုရင်တောင် ငါ့တူတော်မောင် ပိဋကတ် အိုးကွဲလေးတွေ ခပ်နိမ့်နိမ့် ချွေးသံထွက်တဲ့ အလုပ် တစ်ခုခုမှာ မျက်နှာ မွဲနေကြမှာတော့ မြင်ယောင်တယ်..။
တကယ်လို့များ နိုင်ငံ့အနာဂတ်ကို မြော်ခေါ်ကြည့်တဲ့ ခေါင်းဆောင်ကြီးတွေက ဘုန်းကြီးကျောင်း ပရိဝုဏ်ထဲက (၀ိဇ္ဇာသိပ္ပ တတ်ကောင်းစွတွေ တစ်ခုမှ မပါတဲ့) ပိဋကတ်သက်သက် စာပေ လေးလေးကြီးတွေကိုသာ ကျက်အံ နေရရှာတဲ့ ကလေးငယ် (ကိုရင်ငယ်) လေးတွေဟာ (သာသနာ့ဝန်ထမ်း သက်သက်မျှမဟုတ်။ မပျော်လို့ လူထွက်လာတဲ့အခါ မဲ ပေးခွင့်ရှိတဲ့၊ နိုင်ငံဖွံ့ဖြိုးရေးမှာ အသိပညာရှင် အတတ်ပညာရှင် တစ်ယောက် ဖြစ်စကောင်းတဲ့ နိုင်ငံသားလေးတွေ ပါလားလို့) အသိသတိဝင်ပြီး ကျောင်းပရိဝုဏ်ထဲက ကလေး (ကိုရင်) ငယ်လေးတွေအတွက်ပါ ပညာရေးစီမံကိန်းတွေ ထည့်သွင်း စဉ်းစား အကောင်ထည်ဖော် ဆောင်ရွက်ပေးကြမယ်ဆိုရင်တော့ သာသနာ့ဘောင်ထဲ ရဲရဲဝင်ခဲ့ကြပေရော..။
ဒီလိုမှ မဟုတ်သေးရင်တော့ တက်လက်စ စာသင်ကျောင်းလေးက တက်လက်စ အတန်းထဲမှာပဲ ပညာတွေ သင်ကြပါဦးကွယ်..။ သင်္ကန်းဝတ်ဖို့ စိတ်ထက်သန်လွန်းရင်တောင် စောင့်လိုက်ကြလိုက်ပါဦး..။ သာသနာ့ဘောင်မှာ အသက် နှစ်ဆယ်ရောက်မှ တင်းပြည့်ရဟန်းအဖြစ် လက်ခံပါတယ်ကွယ်။ လောကီပညာတွေ တတ်ပွန်..။ဝိဇ္ဇာသိပ္ပံတွေနဲ့ ရင်းနှီးပြီးတဲ့ အခါ ဗုဒ္ဓအဘိဓမ္မာတွေ သင်ရတာ ပိုလွယ်တယ်ဆိုတာ သိလာကြလိမ့်မယ်..။
ဘွဲ့တစ်ခုခုတော့ နိုင်ငံအနာဂတ်အတွက် (မင်းတို့အတွက် မဟုတ်ဘူးလို့ မင်းတို့ ခုချိန် ထင်နေကြသေးရင်တောင်) ရအောင် ယူထားလိုက်ကြပါဦး။ နိုင်ငံက ဖွံ့ဖြိုးလာ..။ မင်းတို့က လောကီအတန်းပညာ မတတ်။ လူထွက်လာရင် တိုင်းပြည်လည်း မင်းတို့လို အလုပ်လက်မဲ့ ၀န်ထုပ်ဝန်ပိုးတွေကြောင့် နစ်နာ..။ မင်းတို့ကတော့ အထူးနစ်နာ...။ ၂ ခါနာ။
တစ်ချို့က ပြောကြတယ်..။ ဒီမိုကရေစီကြောင့် သာသနာ ပျောက်သွားနိုင်သတဲ့..။ တကယ်က အဲလို မဟုတ်ဘူး..။ ဒီမိုကရေစီကြောင့် ပေါ်ထွန်းလာမယ့် ဖွံ့ဖြိုးတဲ့ နိုင်ငံတော်သစ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာတာနဲ့အမျှ သာသနာမှာ မပျော်တဲ့သူတွေ အလွယ်တကူ လူထွက်ကြလိမ့်မယ်။ သာသနာတကယ်ချစ်တဲ့ သဒ္ဓါတရားနဲ့ မွေ့လျော် အကျင့်သီလနဲ့ ပျော်သူတွေသာ ကျန်ခဲ့ပါလိမ့်မယ်..။ ဒီမိုကရေစီကြောင့် လွတ်လပ်လာတဲ့ မီဒီယာက သာသနာ့ အမဲစက်တွေကို ပွဲဖျက်ပေးလိမ့်မယ်ကွယ်။ ဒီမိုကရေစီသာ တကယ်စစ်ရင် သာသနာရွှေခေတ်ဖြစ်လိမ့်မယ်။
တူတော်မောင်တို့….
သာသနာ့ဘောင်မှာ လူတိုင်း မပျော်နိုင်တာ ကိုယ်တွေ့မို့ သိသကွဲ့..။ ဥပမာ ငယ်ငယ်က နေခဲ့ဖူးတဲ့ စာသင်တိုက်လေးမှာ စာသင်သားသံဃာ (၆၀) ခန့်မှာ မင်းတို့ ဦးလေးနဲ့ အခြားနှစ်ပါးခန့်သာ ၀ါဝါ မြင်ရတော့တယ်..။ (မင်းတို့ဦးလေးလည်း ခပ်ယိုင်ယိုင် အချိန်တွေ ရှိခဲ့ဖူးတယ်ဆိုတာ မင်းတို့ကို အတိအလင်း ၀န်ခံလိုက်တယ်..။ )
သူရို့ခမျာ လေးတန်းအောင်၊ ခြောက်တန်းအောင်လေးတွေဆို ထင်ပါရဲ့..။ အတန်းပညာ တပိုင်းတစနဲ့ သာသနာ့ဘောင် ၀င်လာတာ ..။ နောက်တော့လည်း မပျော်တော့ လူထွက်ကြ..။ ခုပြန်တွေ့တော့ ဆင်းဆင်းရဲရဲပါပဲ..။ အတန်းပညာ မတတ်တော့ ဘောလ်ပင်ကိုင်မယ့်ဌာနမှာ နေရာမရှိ။ ဆွမ်းခံတာဟာ အကြမ်းဆုံးအလုပ်မို့ လောကီနယ်ထဲက ပခုံးထမ်း အလုပ်တွေနဲ့လည်း မ၀င်ဆန့်..။ လွယ်ပါဘူးကွယ်..။ ဒါပေမယ့် သင်္ကန်းကြီးနဲ့ စာရင် အဲဒီဆင်းရဲဝန်က ပေါ့သတဲ့..။ တကယ်ဝတ်ကြည့်တော့ တကယ်လေးပါတယ်။
ဒါက ခုလူတွေ ပြောပြောနေတဲ့ ဟိုခေတ် ဟိုခေတ် ဆိုတဲ့ မကြာဝေးလှသေးတဲ့ လမင်းအူသံတောင် ကြားရတဲ့ ခေတ်ကြီးမှာလေ..။ ခု ခေတ်ပြောင်းတော့မယ်တဲ့ တူတော်မောင်တို့ ..။
မြင်ရသလောက်တော့ ခေတ်ကြီးက ရွေ့နေတာ သေချာတယ်..။ မြန်မြန်ရွေ့နဲ့၊ နှေးနှေးရွေ့ ဒါပဲ ကွာတော့မယ်..။
ခေတ်ပြိုင်ရွယ်တူ ကလေးငယ်တွေက ကွန်ပြူတာတဲ့..။ အင်တာနက်တဲ့..၊ နိုင်ငံခြားဘာသာစကားတဲ့.. ဝေါဟာရတွေ ပြောဆို သုံးစွဲပြီး အိုင်ပက်ကလေးတွေ၊ ဂိမ်းပလေးယာလေးတွေ ပိုက်ပြီး မော့မော့ သွားနေတာကို ခပ်ငေးငေး ကြည့်နေကြရှာတဲ့ ဘုန်းကြီးကျောင်း ပရိဝုဏ်ထဲက ကလေး (ကိုရင်) ငယ်လေးတွေကို မြင်တိုင်း ခေတ်ဟောင်းကြီး ထဲမှာ ပြတ်ကျန်ခဲ့မယ့် သူတို့ရဲ့ အနာဂတ်အတွက် ရင်လေးမိပါရောလား..။
စင်ကာပူက ဘုန်းတော်ကြီးကျောင်း ၀ိဟာတစ်ခုမှာ သန့်ရှင်းရေး လုပ်နေကြရရှာတဲ့ ၀န်ထမ်း လင်မယားဟာ လီကွမ်ယုကြီး လျှောက်နေတဲ့ လမ်းအသစ်ကြီးကို မသိလိုက် မသိဘာသာ ငေးကြည့်ရင်း အလေး မထားခဲ့လို့ ပြတ်ကျန်ခဲ့ကြရရှာတဲ့ စင်ကာပူနိုင်ငံသား အစစ်တွေပါပဲ..။
ဆိုတော့ကွယ် လောကီလောကုတ္တရာ မခွဲခြားဘဲ အနာဂတ် နိုင်ငံသားတွေအဖြစ် ကလေးငယ်တွေအားလုံးကို တိုင်းပြည်က ကြည့်တဲ့နေ့ မင်းတို့ သာသနာ့ဘောင်ထဲ ရဲရဲသာ ၀င်ခဲ့ကြပေရော..။
သာသနာမှာ ပျော်ရင် မင်းတို့ဟာ ဘက်စုံထူးချွန်တဲ့ သာသနာပြု ရဟန်းတော်ကြီးတွေ ဖြစ်လာမယ်..။
သာသနာမှာ မပျော်လို့ လူထွက်ကြရင်လည်း မင်းတို့ဟာ သာသနာကို တကယ် အထောက်အပံ့ ပေးနိုင်မယ့် ဥပါသကာကောင်းကြီးတွေ ဖြစ်လာကြလိမ့်မယ်။
မေတ္တာဖြင့်
ဦးလေးရဟန်း
ဓမ္မဂင်္ဂါ
(၁၈၊၁၁၊၂၀၁၂) (တူတော်မောင်များအတွက် စိုးရိမ်စိတ်နဲ့ ရေးလိုက်မိတဲ့ စာ..။)
@
အရှင်ဝိစိတ္တသာရ
ဧည့်ပါမောက္ခ၊ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်
ဗာရာဏသီမြို့၊ အိန္ဒိယနိုင်ငံ
No comments:
Post a Comment