Pages

Monday, 24 December 2012

သံဖြူဇရပ်မြို့ အထက (၁) ရွှေရတုသဘင် အထိမ်းအမှတ် ပွဲတော် ကျင်းပမည်



သံဖြူဇရပ်မြို့ အထက(၁)
မွန်ပြည်နယ် သံဖြူဇရပ်မြို့ အထက (၁) ၏ နှစ်ငါးဆယ်ပြည့် ရွှေရတုသဘင် အထိမ်းအမှတ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စ၍ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း ကျင်းပရေး ကော်မတီ ဥက္ကဌ က ပြောသည်။
“အခမ်းအနား ပြုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ဒီကျောင်းရဲ့ နှစ် ၅၀ အတွင်းမှာ တိုးတက်မှု အဆင့်ဆင့်ကို သိရှိနားလည်နိုင်စေဖို့နဲ့ ပညာခေတ်ရဲ့ လိုအပ်နေတဲ့ နိုင်ငံ့ဂုဏ်ဆောင် သားကောင်း ရတနာတွေ မွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီးရဲ့ ဂုဏ်ကျေးဇူးကို သိရှိနားလည်ဖို့အတွက်ကို အဓိက ရည်ရွယ်ပြီး အခမ်းအနားကို ပြုလုပ်တာပါ” ဟု ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဌ ဦးခင်မောင်ဦး က ပြောသည်။

အခမ်းအနား အစီအစဉ်အရ ဒီဇင်ဘာလ၂၇ ရက်နေ့တွင် ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခြင်း၊ ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင် ဖွင့်ခြင်း၊ ရွှေရတု အထိမ်းအမှတ် စာကြည့်တိုက် ဖွင့်ခြင်း၊ ပညာရေး ပြခန်း ၄ ခန်း ဖွင့်လှစ်ခြင်းတို့ဖြင့် ဒုတိယအနေ့အနေနှင့် မနက်အာရုံစွမ်းကပ်ခြင်းနှင့် အာစရိယ ပူဇော်ပွဲပြုလုပ်ခြင်းတို့ ပြုလုပ်သွားမည်ဟု သိရသည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့၊ လွှတ်တော် ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရဲမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် ပညာရေးမှူးများ၊ မြို့နယ်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ ကိုယ်စားလှယ်များ၊ နယ်မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ ဟောင်းများ ဖိတ်ကြားထားကြောင်း ဦးခင်မောင်ဦး က ပြောသည်။
“ရွှေရတု အခမ်းအနားအတွက် ရန်ပုံငွေကိုတော့ ကံစမ်းမဲ ဖောက်တယ်။ တစောင်ကို ၁၅၀ဝ ကျပ်နဲ့ ရောင်ပြီး သိန်းတရာ ဝန်းကျင်လောက် ရတယ်၊ နောက်ကျောင်းသားဟောင်းတွေကလည်း အလှူခံတယ်၊ ရွှေရတု မဂ္ဂဇင်း ထုတ်ဖို့နဲ့ အမှတ်တရပစ္စည်းတွေ ထုတ်တယ်။ အဲဒီက ရတဲ့ အမြတ်တွေ ဒီအခမ်းအနားအတွက် ထည့်တယ်။ ဖျော်ဖြေရေးကနေ ရတဲ့ အမြတ်တွေကိုလည်း ဒီအခမ်းအနားအတွက် ထည့်သွားမယ်” ဟု သူက ဆက်ပြောသည်။
သံဖြူဇရပ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသည် ၂၀၁၁ – ၂၀၁၂ ပညာသင်နှစ်တွင် မွန်ပြည်နယ် အတွင်း၌ ဒုတိယအောင်ချက် အကောင်းဆုံး ရရှိခဲ့သည့် ကျောင်းတကျောင်း ဖြစ်သည်။
အင်္ဂါနေ့၊ ဒီဇင်ဘာလ 18 ရက် 2012 ခုနှစ် မွန်အေဂျင်စီ သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ 

No comments:

Post a Comment