ကျွန်တော် ကျောင်းစတက်သည့်နှစ်သည် သာသနာပြုကျောင်း (ပုဂ္ဂလိကကျောင်း) များကို ပြည်သူပိုင် ပြု လုပ်
သည့်နှစ် (၁၉၆၅-၆၆) ဖြစ်သည်။ ကျွန်တော်တက်သည့်ကျောင်းသည် သာသနာပြုကျောင်း ဖြစ်သည့်
အတွက် ကျောင်းစတက်ချိန်၌ မူလတန်းကျောင်းသားလေးများကအစ please may I go out ဟု မပြောနိုင်လျှင်
အိမ်သာသွားခွင့်တောင် မရပါ။
ထိုစဉ်ဗြုံးကနဲ ၅ တန်းမှသာ စ၍ အင်္ဂလိပ်စာ သင်ရမည်ဟု ဖြစ်လာသည်။
အင်္ဂလိပ်စာသင်ကြားဆဲ ကျောင်းသားများ တိုးလို့ တန်းလန်းဖြစ် ကုန်သည်။ ဒါပေမယ့်ပြည်သူ့နီတိကိုကျောင်း သင်ခန်းစာတွင် ထည့်သွင်းပြဌာန်း ထားဆဲဖြစ်သည့်အတွက် ကျွန်တော်တို့ မှာ မြန်မာပြည်
လူ့လောက တွင် လူမှုရေးနားလည်သူများ ဖြစ်ခွင့်ရခဲ့ပါသည်။
ကျွန်တော်
၎ တန်းအောင်သည့်နှစ် နွေရာသီတွင် အင်္ဂလိပ်စာ စနစ်သစ် စရန် ကျောင်းမှ သရုပ်ပြ ကျောင်းသား
အဖြစ် ရွေးချယ်ပြီး စေလွှတ်သည့်အတွက် ရန်ကင်းဆရာအတတ်သင်သိပ္ပံ( ယခု ရန်ကင်းပညာရေးကောလိပ်)
၌ သင်တန်းတက်ခဲ့ရသည်။ ဆရာများအတွက် ဖွင့်လှစ်သည့် သင်တန်းဖြစ် ပါသည်။ ပို့ချချက်များ
ကောင်းမွန်ပါ သည်။ သို့သော် ကျောင်းပြန်တက်သည့်အချိန်တွင် သင်တန်းမှ ပို့ချပေးလိုက်သည့်
နည်းစနစ်များအတိုင်း မဟုတ်တော့ပေ။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုသာ သင်ကြားကြသည်။
သို့ပေမယ့်
ယခုအထိ မှတ်မိသည်မှာ ကျွန်တော်တို့သင်ကြားခဲ့ရသည့် သင်ခန်းစာများ အားလုံးလိုလိုသည်
လူ့လောကတွင် အသုံးဝင်သည့် ပညာရပ်များ ဖြစ်ပြီး ရီစရာများ မပါသေးပေ။ ဆိုလိုသည်မှာ ယနေ့
ပြဌာန်း ချက်ပါ သချာင်္ပုစ္ဆာများတွင် လက်ရှိဈေးနှုံးများနှင့် လားလားမှ မသက်ဆိုင်သည့်ဈေးနှုံးများ
ထည့်သွင်း ထားခြင်း မျိုး မရှိချေ။ ဥပမာ- သတ္တမတန်း သချာင်္အတွဲ(၁)မှာ - နာရီတစ်လုံးကို
570 ကျပ်ဖြင့် ရောင်းသော် 5% ရှုံး၏။ 5% မြတ်ရန် ထိုပစ္စည်းကို မည်သည့်ဈေးဖြင့် ရောင်းရမည်နည်း-
ဆိုသော ပုစ္စာမျိုးလို ခေတ်နှင့် မအပ်စပ်သည့် ပုစ္စာများ မပါရှိသေးခြင်းကို ဆိုလိုသည်။
ဗဟုဿုတများ များစွာ ပါဝင်ဆဲ ဖြစ်သည့်အပြင် သင်ခန်းစာများအား ရွေးနှတ်ကျက်မှတ်ခြင်း
မရှိပဲ ‘အာဂုံဆောင်မှ အာဂလူ’ ဆောင်ပုဒ် အတိုင်း အားလုံးကို ကျက်မှတ်စေသည်။ ကျောင်းသူ
ကျောင်းသားအားလုံးကလည်း ကျက်မှတ်ကြသည်။
၁၀
တန်းကျောင်းသားဘ၀၌ အင်္ဂလိပ်စာ အားနည်းသည့်အတွက် တစ်ရက်လျှင် တစ်နာရီ အပြည့် အချိန်မှန်
ဖတ်ခဲ့ရာ စာမေးပွဲကြီးတွင် အခက်အခဲ ကြီးမားစွာ မရှိခဲ့ပေ။ ထိုအချိန်က ဆယ်တန်းမေးခွန်း
ဖွဲ့စည်းပုံမှာပြဌာန်း စာအုပ်ပါ စာများကို အခြေမခံပဲ ကျွန်တော်တို့အခေါ် unseen မမြင်ဘူး သည့်စာများကို
မေးသည့်အတွက် အင်္ဂလိပ်စာ ဝေါဟာရများ တိုးပွားအောင် ကြိုးစားခဲ့ရသည်။
သချာင်္တွင်လည်းပြဌာန်းချက်ပါ ပုစ္ဆာများအပြင်ပြင်ပမှ စာအုပ်ပေါင်းများစွာ ကိုပါလေ့ကျင့် တွက်ချက် ခဲ့ရသည်။
သို့အတွက် မေးခွန်းမြင်သည်နှင့် မည်သို့ စဉ်းစားရမည်၊ မည်သို့ဖြေရှင်းရမည်ကို ဒက်ကနဲ
သိရှိပါသည်။ ရူပဗေဒမေးခွန်း၌ ဥာဏ်စမ်းပုစ္ဆာများ၊ ဓာတုဗေဒမေးခွန်း၌လည်း အတွေးအခေါ် ဆိုင်ရာမေးခွန်းများ
ထည့်သွင်း ထားသည့်အတွက်ပြဌာန်းချက်ပါ သင်ခန်းစာများ သာမက မြန်မာနိုင်ငံ သင်ရိုးနှင့်
ဆက်စပ်နေသည့် တခြားနိုင်ငံ များမှ စာအုပ်စာတမ်းများကိုပါ လေ့လာ ဖတ်မှတ်ခဲ့ရသည်။
ကံဆိုးသည်မှာ
ကျွန်တော်တို့ဆယ်တန်းအောင်သည့်နှစ်တွင်ဒေသကောလိပ်များဖွင့်လှစ်ပြီးဒေသကောလိပ်
၂ နှစ် တက်ပြီးမှ တက္ကသိုလ် တက်ခွင့်ပြုပါသည်။ ဒေသကောလိပ်တွင် အဓိက ဘာသာတွဲ နှစ်ခုသာ
ရှိပါသည်။ ယင်းတို့မှာ သချာင်္ဘာသာတွဲ နှင့် ဇီဝဗေဒဘာသာတွဲတို့ဖြစ်ပြီး ဇီဝဗေဒ ဘာသာတွဲ
ယူသူသာဆေးတက္ကသိုလ် တက်ရောက်ခွင့်လျှောက်ထားနိုင်ပြီး သချာင်္ဘာသာတွဲယူသူသည် စက်မှုတက္ကသိုလ်ဝင်ခွင့်လျှောက်ခွင့်ရှိသည့် အတွက် တချို့သော ကျောင်းသားများသည် ဆယ်တန်း အမှတ်ကောင်းသော်လည်း
ဒေသကောလိပ်တွင် ဖောချင်းသောချင်းရနိုင်သည့် မူးယစ်ဆေးဝါးကြောင့် ရည်မှန်းချက်လမ်းကြောင်းများ
ချွတ်ချော်တိမ်းပါးခဲ့ရ သည်။ ထိုအထဲ၌ ကျွန်တော့်သူငယ်ချင်းများပင် ပါ, ပါသည်။ ထိုအချိန်က
ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းများဖြစ်ပွား ခဲ့ခြင်းကြောင့်ကျောင်းသားများအားနိုင်ငံရေးစိတ်မ၀င်စားလျှင်ပြီးရော မူးယစ်ဆေးဝါး များကို တက္ကသိုလ်ကျောင်းသားများ သုံးစွဲလျှင်
မသိချင်ယောင်ဆောင်ရုံမက မလွှဲမရှောင်သာ အမှုအခင်းဖြစ်ပွား လျှင်လည်း အပြစ်မှ ကင်းလွတ်အောင်
ပြုလုပ်ပေးခဲ့သည်။ ထိုခေတ်ကို မီသူများ ကောင်းစွာသိပါသည်။ တနည်းအားဖြင့် အာဏာတည်မြဲရေးအတွက် မကောင်းသည့် အကျင့်စရိုက်ဆိုးများ စတင်မွေးမြူပေးခြင်းဖြစ်သည်ဟု ဆိုချင်သည်။ ထိုအချိန်သည် ၁၉၇၈-၇၉-၈၀ ကာလများဖြစ်သည်။
ကျွန်တော်က
ဒေသကောလိပ် တက်ရင်းနှင့် စက်မှုသိပ္ပံဝင်ခွင့်ဖြေရာ အောင်မြင်သွားသည့်အတွက် စက်မှုသိပ္ပံ
(ပြည်) ၌ လျှပ်စစ်(စွမ်းအား) ကျောင်းသားအဖြစ် သွားရောက်တက်ခဲ့သည်။ ကျောင်းမပြီးပါ။
တစ်ပိုင်းတစနှင့် ကျောင်းထွက်ခဲ့ရသည်။ ထိုစဉ်က ကျွန်တော်ကလည်း ကျောင်းမှ စာများကို
စိတ်မ၀င်စားသည့်အတွက် ပျော်ပျော်ကြီး ကျောင်းထွက်ခဲ့သည်။ ဒီလိုနှင့် အမေစိတ်ချမ်းသာစေရန်
အမေ့ရုံးတွင် အလုပ်လုပ်ရင်း လုပ်သားကောလိပ်၌ စီးပွားရေးအဓိက ယူပြီး ကျောင်း တက်ခဲ့သည်။
ကျောင်းတက်ရင်းတန်းလန်းနှင့် ၁၉၈၃၌ အထက်တန်းရှေ့နေစာမေးပွဲ ၀င်ဖြေသည်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ
ဘာသာကို ဂုဏ်ထူးနှင့် အောင်မြင် ခဲ့သည်။
သည်နေရာမှာ
ဖြတ်ပြောချင်သည်မှာ ကျောင်းစာ၌ ကျွန်တော် ထူးချွန်သည်ကို သိကြသည့်အတွက် ၁၀ တန်း ကျောင်းသားဘဝ
ကတည်းက ကျွန်တော့်ကို စာသင်ခိုင်းကြသည်။ သည်လိုနှင့် တောက်လျောက် ဆရာ လုပ်လာသည်မှာ
ယနေ့ထက်တိုင် ဖြစ်ပါသည်။ ၁၀တန်းအောင်တော့လည်း မူလတန်းကျောင်းအုပ်ဆရာ တစ်ယောက်မှ အကူအညီတောင်းသည့်အတွက်
သူ့အစား ထိုစဉ်က မြို့နယ်ပညာရေးမှူး ခွင့်ပြုချက်ဖြင့် ယာယီ မူလတန်းကျောင်းအုပ်ဆရာ
ဖြစ်လိုက်ရပါသေးသည်။စက်မှုသိပ္ပံကျောင်းသားဘ၀မှာလည်း ဒုတိယကျောင်းအုပ် ဦးကြည်မှ ကျွန်တော့်ကို
ခေါ်တွေ့ပြီး သူ့သားနှင့် သူ့သမီးကို စာသင်ရန်အပ်နှံပါသည်။ သို့သော်လည်း ထိုအချိန်က
လုံးဝစိတ်မပါသည့်အပြင် စိတ်လေလေနှင့် အရက်ကို ဖိသောက်နေသည့်အတွက် မသင်ပေး ဖြစ်ခဲ့ပေ။
လုပ်သားကောလိပ်တက်နေစဉ်
မိတ်ဆွေဖြစ်သူက သူ့သမီးနှင့် သူငယ်ချင်းများကို ၈ တန်းသင်ပေးရန် အပ်နှံ သည့်အတွက် ရန်ကင်းဘောက်ထော်ရှိ
တပ်မတော်မှတ်တမ်းရုံး၌ ကျူရှင်ဆရာဘ၀ စတင်ခဲ့သည်။ အချိန်ကား ၁၉၈၁-၈၂ ဖြစ်သည်။ ထိုမှစ၍
၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကျူရှင်ဆရာသာမက ၁၉၈၇ ၌ ဆယ်တန်းအောင် ကျောင်းသားများ၏ တောင်းဆိုချက်ကြောင့်
တက္ကသိုလ်မှ သင်ခန်းစာများကိုပါ သင်ကြားပေးရသည်။
သည်လိုနှင့်
၁၉၈၈ ခုနှစ်တွင် လူထုအရေးတော်ပုံကြီးဖြစ်ပွားလာသည်။ ကျောင်းများလည်း ပိတ်လိုက်ရသည်။
ကျွန်တော် နိုင်ငံရေးလောကထဲ ရောက်သွားပြီး လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၌ ရန်ကုန်တိုင်းဒုတိယဥက္ကဌ
အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ ပါတီအား န၀တ(နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)
က ဖျက်သိမ်းလိုက်သည့်အချိန်အထိ ဖြစ်ပါသည်။
၁၉၉၀
၌ ကျောင်းများပြန်ဖွင့်သည့်အတွက် ကျူရှင်ဆရာတစ်ယောက်ဖြစ်ရပြန်သည်။ ပါတီမှ အရေးပါသူများ
နယ်စပ်ဒေသသို့ ထွက်ခွာသွားသည့်အခါ မြေအောက်၌ နိုင်ငံရေး လုပ်ငန်းများဆောင် ရွက်ရန် ကျွန်တော်
ကျန်ရှိ ခဲ့သည်။ မာနယ်ပလော တိုက်ပွဲအပြီး ကျဆုံးသွားသည့် ကိုမြင့်ဇော်နှင့် ကျွန်တော်သည်
ရန်ကုန်တိုင်း ဥက္ကဌနှင့် ဒုဥက္ကဌတာဝန်ယူပြီး အတူတူ နိုင်ငံရေးတာဝန်များ ထမ်းဆောင် ခဲ့သည့်အတွက်
တစ်ဦးအကြောင်း တစ်ဦး ထုတ်ပြောစရာ မလိုပဲ နားလည်မှုရှိပြီးသား ဖြစ်ပါသည်။
န၀တ
တစ်ဖြစ်လဲ နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) ကလည်း ကျွန်တော့်ကို
မျက်ခြေမပြတ် စောင့်ကြည့်နေသည့်အတွက် နယ်စပ်နှင့် မည်သို့မျှ ချိတ်ဆက်၍ မဖြစ်နိုင်ချေ။
ကျုရှင်ဆရာ တစ်ယောက်အဖြစ် ရပ်တည်နေစဉ် ၁၉၉၁ ခုနှစ်မှစ၍ တရားဝင် ကျူရှင်တည်ထောင်ခွင့်
တောင်းခံရာ ပညာရေး ဌာနမှ မည်သို့မျှ မပြောသော်လည်း ထောက်လှမ်းရေးနှင့် ရဲအထူးမှ ကျွန်တော့်ထံ လာရောက်ပြီးကျောင်းသား စာရင်းနေ့စဉ်လာပို့ရန်၊ကျောင်းသို့ လာရောက် သည့် နိုင်ငံရေး သမားများစာရင်း အချိန်မီ လာပို့ရန်နှင့် နယ်စပ်မှ
အဆက်အသွယ်လာလုပ်ပါက ချက်ချင်း အကြောင်းကြားရန် စသည့် စည်းကမ်းချက်များ လာရောက်ပေးပို့သည့်အတွက် တရားဝင်ကျောင်း ဖွင့်လှစ်လိုသည့်ဆန္ဒသည် နိဂုံးချုပ်ရလေတော့သည်။
ဗိုလ်နေ၀င်း၏
ငယ်ကျွန် ဗိုလ်ခင်ညွန့်က ရှိရှိသမျှ အဖွဲ့အစည်းပေါင်းစုံတွင် ဥက္ကဌ စတင်လုပ်လာသည်။ စစ်တပ်အာဏာသိမ်းပြီးစ
ဗိုလ်စောမောင်၏ ကြေငြာချက်တွင် ရေရှည်လုပ်ဆောင်ရမည့် ပညာရေးနှင့် ကျန်းမာရေးကို မကိုင်တွယ်ပဲ
အရေးပေါ်ကိစ္စရပ်များကိုသာ ကိုင်တွယ်ပြီး၁၉၉၀ ရွေးကောက် ပွဲအောင်မြင်အောင် ကျင်းပနိုင်ရေးသာ
အဓိကဟု နိုင်ငံပိုင် ရေဒီယို၊ ရုပ်မြင်သံကြားမှ ကမ္ဘာသိကြေငြာခဲ့သော်လည်း သူကြေငြာသည့်အတိုင်းဖြစ်မလာပဲ
ဗိုလ်စောမောင်သာ ရွေးကောက် ပွဲပြီး သည်နှင့် ထွက်တော်မူ နန်းက ခွာရလေသည်။ ထိုအခါ ဗိုလ်ခင်ညွန့်၏
သြဇာအာဏာလည်း တရှိန်ထိုး ထိုးတက်လေတော့သည်။ ဗိုလ်သန်းရွှေ နှင့် ဗိုလ်မောင်အေးကမူ ဗိုလ်ခင်ညွန့်
လုပ်သ၍ ကို အေးအေးဆေးဆေး စောင့်ကြည့်နေပြီး ရသမျှ အိတ်ထဲ စထည့်လေသည်။
မှတ်သားလိုက်နာစရာ
သြ၀ါဒများကိုလည်း ဗိုလ်ချုပ်များမှ တပ်တွင်းတပ်ပြင်ရှိ စစ်ဗိုလ်အပေါင်းအား ပို့ချတော့
သည်။ ၎င်းတို့၏ သြ၀ါဒမှာ “မင်းတို့ ကြည့်စမ်း ဗိုလ်နေ၀င်းလက်ထက်က
လူကြီးတွေ ရာထူးကပြုတ်ကုန်တော့ ဘာကျန်လဲ၊ ပိုက်ဆံ ဘယ်လောက်ကျန်သလဲ၊ အေး မင်းတို့ ရာထူးလက်ရှိ
ရှိနေတုန်း စီးပွားရေးကို တဖက်တလမ်းက လုပ်ကြ၊ မင်းတို့ ကိုယ်တိုင် ရှေ့ထွက်လုပ်စရာမလိုဘူး
အိမ်က မင်းတို့မိန်းမတွေကို ခိုင်းကြ၊ မိုးရွာတုန်း ရေခံကြ” ဟူသတည်း။ တနည်းအားဖြင့်
ရသမျှ ခိုးကြတော့၊ ဓားပြတိုက်တော့၊ တောင်းလို့ရသမျှ တောင်းတော့၊ လိမ်လို့ ရသမျှ လိမ်ကြတော့
ဟု မီးစိမ်းပြလိုက်ခြင်း ဖြစ်သည့်အတွက် သူခိုးဇာတ်လမ်း၊ လူလိမ်ဇာတ်လမ်း၊ သူတောင်းစား
ဇာတ်လမ်းများ မရိုးရအောင် မြန်မာပြည်တနံတလျား ဖြစ်လေတော့သည်။
မျက်စိစပါးမွေး
စူးစရာ ကရင်ပြည်နယ်၌ KNU အဖွဲ့ကြီး အင်အားအခိုင်အမာနှင့် ရှိနေသည်ကို ဖြိုခွင်း ရန်အတွက်
ကချင်၊ ရှမ်းမြောက် ၀ ဒေသ၊ ကိုးကန့်ဒေသတို့နှင့် ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် တိုက်ပွဲမဖြစ်လျှင်
ပြီးစတမ်း၊ ကျန်တာ လုပ်ချင်တာ လုပ်ပေရော့ဟု ခွင့်ပြုပေးသည့်အတွက် ၀ များ၊ ကိုးကန့်များနှင့်
အတူ တရုတ်ပြည်မှ တရုတ်ပေါင်းစုံ ပျော်ပျော်ပါးပါးကြီး မန္တလေးနှင့် ရန်ကုန်ရှိ အချက်အချာနေရာ
များကို သိမ်းပိုက် ကြတော့သည်။ တိုင်းမှူးများကိုလည်း လုပ်ပိုင်ခွင့်အာဏာများ အပြည့်အဝ
အပ်နှင်းပြီး အာဏာရှင်များအဖြစ် မွေးမြူထားသည့်အတွက်မြန်မာပြည်အတွင်း စစ်အာဏာရှင်များ
မှိုလိုပေါက်လေတော့သည်။ ဥပဒေဆိုသည်မှာ စာအုပ် အတွင်းမှာသာရှိပြီး လက်တွေ့နယ်ပယ်တွင်
စစ်အရာရှိတစ်ဦး၏ နှုတ်ထွက်စကားသည်သာ အတည် ဖြစ်လေသည်။
ဗိုလ်ခင်ညွန့်သည်
ဘူးသီးတောင်၊ မောင်တော၌ တပ်ရင်းမှူးလုပ်ခဲ့သည့်အတွက် သူ၏ ထောက်လှမ်းရေး မျက်စိဖြင့်
ဘင်္ဂါလီကုလားများအား မည်သို့အသုံးချရမည်ကို ကောင်းစွာ သိရှိခဲ့ရာ ကိုရွှေကုလား တို့အား
တချိန်တွင် အသုံးချရန် ကြံစည်တော့သည်။ မဟာရန်ကုန်သို့ မူစလင်ကုလားများ ပုသိမ်မှတဆင့်
ဝင်ရောက်လာကြသည်ကို ထောက်လှမ်းရေးမှ ပိုက်ဆံယူကာ မျက်စိမှိတ်ပေးထားခြင်းဖြင့် မူစလင်ကုလား
လှိုင်းလုံးကြီးသည် တရကြမ်း ရွေ့လျားလေတော့သည်။ တာမွေမြို့နယ်အတွင်း၌ ကုလားများနောက်မှ
ငွေအိတ်ဆွဲကာ လိုက်ပါနေသည့် ဗိုလ်မှူးကြီးတစ်ယောက်အား မျက်စိနှင့် တပ်အပ် မြင်ဘူးပါသည်။
ယနေ့မြန်မာပြည်၌ဖြစ်ပွားနေသည့်
ကုလား၊ တရုတ် ကိစ္စများ၏ အဓိက လက်သည် တရားခံစစ်စစ်သည် ဗိုလ်ခင်ညွန့်သာဖြစ်သည်။ ဗိုလ်ခင်ညွန့်နှင့် အပေါင်းပါ စစ်ထောက်လှမ်းရေးများ၏
အာဏာစက်အောက်တွင် တပြည်လုံးပြားပြားမှောက်ရတော့သည်။ တချို့သော တပ်ရင်းမှူးများ ပင်လျှင်ထောက်လှမ်းရေးကို ကြောက်နေ ရသည့်အဖြစ်သည် မြန်မာပြည်၌ အမှန်တကယ် ဖြစ်ပွား ခဲ့လေ သည်။
ထိုသို့
အာဏာစက်ကို ဖြန့်ကျက်နေစဉ်တွင် နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြော ပညာရေးကိုလည်း စနစ်တကျ
ဖျက်ဆီးလေတော့သည်။ ၁၉၉၀-၉၁ ခုနှစ်အထိ မြန်မာပြည်၌ ၁၀ တန်း စာမေးပွဲတွင် ၉ တန်း သင်ခန်းစာများကို
ထည့်သွင်းမေးခဲ့သည်။ ကျွန်တော်တို့ ဆရာများကလည်း ၉ တန်းကျောင်း သင်ခန်းစာများကို ၁၀
တန်းမတက်ခင် နွေရာသီကတည်းက ကြေညက်အောင် သင်ကြားပေးထား သည့်အပြင် ၁၀ တန်းအတွက် စာသင်နေစဉ်၌ပင်
မကြာမကြာ မေးမြန်းလေ့ရှိသည်။ ထိုနှစ်၌ ၁၀ တန်း စာမေးပွဲဖြေရန် ၃ လ အလိုမှ ၁၀ တန်း မေးခွန်းတွင်
၉ တန်းစာများ မပါတော့ဟု ကြေညာသည်။ တချို့သော ကျောင်းသူများ မျက်ရည်လည်ရွဲဖြစ်တော့သည်။
ပညာရေးတွင် အဆင့်မြင့် အရာရှိအားလုံးလိုလိုသည်
စစ်တပ်မှ ဖြစ်သည့်အတွက် မည်သူမှ ကန့်ကွက်ခြင်းမရှိချေ။ တနည်း အားဖြင့်ဆိုသော် တစ်နပ်စားအတွေးအခေါ်ဖြင့်
သူတို့၏ သြဇာကို ပြသလိုက် ခြင်းဖြစ်သည်။
၁၉၉၃
ခုနှစ်၌် ကျွန်တော့်ထံထောက်လှမ်းရေးမှ ရောက်လာပြီးမြန်မာပြည် ပညာရေးနှင့် စပ်လျဉ်းပြီး
ဆွေးနွေးလေသည်။ ကျွန်တော်ကလည်း သဘောရိုးဖြင့် ဆွေးနွေးမိသည်။ မူလတန်းမှ အလယ်တန်းသို့
ကူးပြောင်းတက်နိုင်သည့်အရေအတွက်လျော့ကျသွားကြောင်း၊ ထို့အတူ အလယ်တန်းမှ အထက်တန်းသို့
တက်ရောက် ပညာယူသူ ကျောင်းသူကျောင်းသား အရေအတွက်လည်း လျော့ကျ လျက် ရှိကြောင်း၊ မူလတန်း ကျောင်းအုပ်ခဏ၀င်လုပ်ချိန်၌
၃ တန်း လေးနှစ်ကျနေသည့်ကျောင်းသား၊ ညကျောင်း၌ တာဝန်ယူစဉ် ၈ တန်း ရှစ်နှစ်ကျနေသည့် ကျောင်းသားများ
တွေ့ခဲ့ရကြောင်း ထို့ကြောင့် ထိုသို့သော ကျောင်းသားများအတွက် နိုင်ငံတော်မှ တဖက်တလမ်းမှ
ဆောင် ရွက်ပေး သင့်ကြောင်း ပြောပြမိသည်။ ကျွန်တော့်အား လာရောက် ဆွေးနွေးသလို တခြားသော
ဆရာကြီးများနှင့်ပါ လိုက်လံဆွေးနွေးခဲ့သည်ကို နောက်မှ သိရှိခဲ့သည်။ မကြာပါချေ ကျောင်းများသို့
ညွှန်ကြား ချက် ရောက်လေတော့သည်။ ၆ တန်းအထိ မအောင်မရှိ၊ အတန်းတင်ပေးရန် ဖြစ်သည်။
နိုင်ငံရေးအမြင်ရှိသူ
ဆရာဆရာမများနှင့် တွေ့သည့်အခါ အားလုံး၏ အမြင်သည် မြန်မာပြည် ပညာရေး ပျက်စီးတော့မည်ဖြစ်ကြောင်း၊
ကျောင်းသားများ၏စိတ်၌ အချောင်သမားစိတ်ဓာတ် ၀င်ရောက်တော့မည် ဖြစ်ကြောင်း၊ ကျောင်းသားဘ၀၌ ပညာရေးကို စနစ်တကျ မကြိုးစားပဲ
လွယ်လင့်တကူအောင်မြင်သွားသူသည် တချိန်၌ တိုင်းပြည်၏ သားကောင်းရတနာ မဖြစ်တော့ပဲ ၀န်ထုပ်ဝန်ပိုး
ဖြစ်တော့မည် ဖြစ်ကြောင်း၊ တနည်းအားဖြင့် တိုင်းပြည်ကို ဒုက္ခပေးတော့မည် ဖြစ်ကြောင်း
တို့ ဖြစ်သည်။
ကျောင်းသားများ၏
ကြိုးစားချင်စိတ် ပျောက်ကွယ်သွားသလို ဆရာဆရာမများ၏ စာသင်ပေးချင်စိတ်လည်း လုံးဝ ကုန်ခမ်းကြလေတော့သည်။
အတန်းတွင်းတွင် တော်စွလျော်စွ ပြုလုပ်သည့်စာမေးးပွဲများ၌ အတန်းပိုင် ဆရာဆရာမအား ပိုက်ဆံများများ ပေးနိုင်သူသည် ပထမ၊
ဒုတိယ၊ တတိယ ဆုများရရှိသည့်အတွက် ကျောင်းသူကျောင်းသားများ၏ နုနယ်လှသည့် နှလုံးအိမ်တွင်
ပိုက်ဆံပေးလျှင် ရသည်ဟူသော အတွေး အခေါ်သည် အမြစ်တွယ်သွားခဲ့ရတော့သည်။ တနည်းအားဖြင့်
လာဘ်ပေး လာဘ်ယူသည့် အတွေးအခေါ် စွဲမြဲသွားခြင်းပင် ဖြစ်သည်။
ဆရာဆရာမများ၏
လစာငွေသည်လည်း ခေတ်အဆက်ဆက် နည်းပါးလွန်းသည့်အတွက် ထိုသို့ လာဘ်ပေး လာဘ်ယူ ပြုလုပ်ရန်မှတပါး
တခြားမရှိတော့သည့်အတွက် အမယ်ဘုတ်၏ ပိုးချည်မျှင်ကဲ့သို့ ရှုပ်ထွေး ကုန်တော့သည်။ ကျောင်း၌
စတိသာ သင်ကြားပေးပြီး စာပိုတတ်ရန်ဟူသော အကြောင်းပြချက်ဖြင့် အိမ်သို့ခေါ်ကာ ကျူရှင်ပြခြင်းဖြင့်
ဝင်ငွေရှာကြသည်။
ကျွန်တော်
နားလည်ထားသည်မှာ ပညာရေး၌ မြင်ရသည့်သင်ရိုးနှင့် မမြင်ရသည့်သင်ရိုး ဟူ၍ ရှိကြောင်း၊
မြင်ရသည့်သင်ရိုးဟူသည်မှာ ပြဌာန်းချက်ပါ သင်ခန်းစာများကို ဆိုလိုပြီး မမြင်ရသည့်သင်ရိုးဟူသည်မှာ
ထပ်ပြန်တလဲလဲ လေ့ကျင့်ခြင်း၊ စနစ်တကျ လုပ်ကိုင်တတ်ခြင်း၊ လူမှုဆက်ဆံရေး၌ လိုက်လျောညီထွေ
ဆောင်ရွက်တတ်သူဖြစ်အောင် ပြင်ဆင်ပေးခြင်းတို့ ဟူ၍ ဖြစ်ပေသည်။ စစ်အစိုးရ၏ လက်ထက်တွင်
ထိုမမြင် ရသည့်သင်ရိုးများ လုံးဝပျောက်ကွယ်သွားသည့်အပြင် ကျောင်းသားကျောင်းသူများ၏
ကိုယ်ကျင့်တရား ကောင်းမွန်ရေးဟူသည့် နိုင်ငံတကာပညာရေး၏ ဦးတည်ချက်လည်း ပျက်ပြားသွားသည့်အတွက်
ယနေ့ မြန်မာပြည်၏ တချို့သော လူကြီးဖြစ်နေသူများ၏
တကိုယ်ကောင်းဆန်မှု၊ အတ္တကြီးမားမှု၊ သူတပါး အရေးကိစ္စ များ၌ မျက်နှာလွှဲနေမှုများသည် စစ်အစိုးရ
ဖျက်ဆီးလိုက်သည့် ပျက်စီးနေသည့် ပညာရေး၏ အကျိုးဆက် များပင် ဖြစ်သည်။
နယ်စပ်ဒေသသို့
ထွက်ခွာသွားသည့် ကျောင်းသားကျောင်းသူများအား ကြိုဆိုရေးစခန်းများ ဖွင့်လှစ်ကြိုဆို
ပြီးနောက် ၁၉၉၃-၉၄ ပညာသင်နှစ်တွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများ
စာမေးပွဲဖြေဆိုလျှင် မကျရှုံးစေရန် တက္ကသိုလ်ပါချုပ်များ၊ ကထိကများနှင့် အခြားဆရာများကိုပါ
ဖိအားပေးထား သည့်အတွက် တက္ကသိုလ်ကျောင်းသားများ စာမေးပွဲ အခန်းတွင်း ၀င်ရုံနှင့် အောင်မြင်ရန်
သေချာပြီ ဖြစ်သည်။ များများ ဖြေလျှင် မဟာတန်း၊ ဂုဏ်ထူးတန်း ပြေးမလွတ်တော့။ တချို့သော
တက္ကသိုလ် ဆရာဆရာမများလည်း ငါ့ဝမ်း ပူဆာ မနေသာ သည့်အတွက် တဖက်တလမ်းမှ ကျူရှင်ပြရင်း
မေးခွန်း ရောင်းကြတော့သည်။ ကျွန်တော့် ထံ ဥပဒေနောက်ဆုံးနှစ် ကျောင်းသားများ လာရောက်၍
မေးခွန်း (၆) ပုဒ် ရှင်းပြရန် ပြောသည့်အခါ ကျွန်တော်က “မင်းတို့တွေ ဥပဒေဘွဲ့ရပြီးလျှင်
တရားရေးဝန်ထမ်းအဆင့်(၄)တို့၊ ဥပဒေ၀န်ထမ်း အဆင့်(၄) တို့ ဖြစ်တော့မယ်။ မင်းတို့မေးတဲ့
မေးခွန်း (၆) ပုဒ်ဟာ စာမေးပွဲမေးခွန်းတွေဆိုတာ ဆရာသိတယ်၊ ဒါပေမယ့် မင်းတို့ အလုပ်ခွင်ထဲရောက်လျှင်
မလွဲမရှောင်သာ ကြုံရမယ့်စာတွေကိုပါ ရှင်းပြတာ လက်ခံမှ မင်းတို့ ရှင်းပြခိုင်းတာ ရှင်းပြမယ်”
လို့ပြောပြီး အပေးအယူလုပ်ခဲ့ရပါသည်။ တောင်းတောင်းပန်ပန်နှင့် သူတို့ လုပ်ငန်းခွင်၌ကြုံတွေ့ရမည့်
ဥပဒေများကို ရှင်းပြခဲ့ရသည်။
၁၀
တန်း စာမေးပွဲ သည်လည်း ၁၉၉၃-၉၄ ခုနှစ်မှ စ၍ ပျက်ဆီးခြင်း ငါးပါး တိုင်တော့သည်။ ဗိုလ်ခင်ညွန့်က
မြန်မာနိုင်ငံစာစစ်အဖွဲ့ ဥက္ကဌထံ စာမေးပွဲအောင်စာရင်းမထွက်ခင် ၂ လလောက်ကြို၍ အောင်ချက်
ရာခိုင်နှုံးကို မေးသည်။ မေးခွန်းများက အဆင့်မီသည့်အတွက် အများအားဖြင့် ကျောင်းသားများ၏
အောင်ချက်သည် အမှတ်ခြစ်ပြီးပြီးချင်း ဘယ်တော့မှ ၂၀% မကျော်ချေ။ ထိုအခါ ဗိုလ်ခင်ညွန့်က
အမှတ် ထပ်ပေါင်းပေးလိုက်၊ နောက်တခါ ထပ်မေး၊ နည်းနေသေးသည်ဆိုလျှင် ထပ်ပေါင်းပေးလိုက်နှင့်
ညွှန်ကြားနေသည့်အခါ တခါပေါင်း လျှင် (၅) မှတ် ဆိုလျှင် လေးခါပေါင်းခိုင်းသည့်အခါ အမှတ်
၂၀ သမားများ လုံးဝ အောင်သွားတော့သည်။ အားလုံးကို မဆိုလိုပါ။ အမှတ် (၄၀) ကျော် ကျောင်းသားများကတော့
အမှတ်ပေါင်းပေးခြင်း မခံရသည့်အတွက် သေချာပေါက်ကျရှုံးမည့် ကျောင်းသားများနှင့် တန်းညှိခံရသည်မှာ
ရင်နင့်စရာကောင်းလှတော့သည်။
သည်လိုပုံနှင့်
အရည်အသွေးမပြည့်ဝသည့် ကျောင်းသားကျောင်းသူများကို စဉ်ဆက်မပြတ် မွေးထုတ် ပေးတော့ သည်။
ကျွန်တော်က တပည့်များအား ရိုးသားစွာ ဖြေဆိုရန်၊ မိမိတန်ဘိုးကို မိမိဖာသာ မြှင့်တင်ရန်
ပြောပြီး လက်တစ်ဝါးမရှိသည့် စာအုပ်ငယ်များ စာမေးပွဲခန်းတွင်းသို့ ယူဆောင်သွားခြင်းကို
ဟန့်တားသည့်အခါ မြန်မာစာ ဖြေဆိုသည့်နေ့တွင်သာ အောင်မြင်ပါသည်။ မြန်မာစာ ဖြေဆိုပြီး
နောက်တနေ့ ဘာသာရပ်ဖြစ်သည့် အင်္ဂလိပ်စာ ဘာသာဖြေဆိုရန် တပည့်များနှင့် တွေ့သည့်အခါ သူတို့က
“ဆရာရယ် ဆရာက ဘာမှ ယူမသွားနဲ့ဆိုလို့သာ ယူမသွားတာ၊ တခန်းလုံး ခိုးဖို့ ယူလာလိုက်ကြတာ
မနည်းဘူး ဆရာ” ဟု ဆိုကြသည်။ သူတို့၏ မိဘ ညီအကို မောင်ဖွားများကပါ ခိုးချသည့်စာအုပ်များ
ယူဆောင်ခွင့်မပေးသည့် ကျွန်တော့်အား ကြောက်လို့သာ ဖွင့်မပြောတာ၊ စိတ်ထဲမှာတော့ လုံးဝ
ကျေနပ်မည် မဟုတ်သည့်အတွက် ကျွန်တော့်မှာ ဘာတစ်ခွန်းမှကို မပြောတော့ပဲ လုပ်ချင်သလိုသာ
လုပ်ကြပေရော့ ဆိုကာ လွှတ်ထားလိုက်ရပါသည်။ ရန်ကုန် မြို့ရှိ အထက်တန်းကျောင်းကြီးတစ်ခုမှ
ဝန်ထမ်းများက စာမေးပွဲ ဖြေဆိုပြီးသည်နှင့် လွှင့်ပစ်လိုက်သည့် လက်တစ်ဝါးစာအုပ်များကို
တစ်ကျောင်းလုံးအနှံ့ လိုက်လံကောက်ယူပြီး ပိသာချိန်နှင့် ရောင်းစားကြရာ တစ်နေ့လျှင်ဝန်ထမ်းတစ်ယောက်ကို
အနည်းဆုံး (၃) ပိသာ ရသည်ဟု ပြောပြလေသည်။
ထိုဗရုတ်သုက္ခအချိန်တွင်
ဗိုလ်ခင်ညွန့်သည် မြန်မာပြည်ပညာရေး၏ အရေးပါဆုံး ဌာန (၂) ခုသို့ သူ့လူရင်း (၂)ယောက်ကို
ခန့်အပ်လိုက်သည်။ ယင်းနေရာများမှာ အခြေခံပညာဦးစီးဌာနသို့ ပညာရေးနှင့် လားလားမှ မသက်ဆိုင်သည့်
ပုသိမ်အခြေစိုက် ထောက်လှမ်းရေး(၄)မှ တပ်မှူး ဗိုလ်မှူးဘိုဝင်းကို ညွှန်ကြားရေးမှူးချုပ်
အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်အဖွဲ့ဥက္ကဌနေရာ၌ ဒုတိယဗိုလ်မှူးကြီးအောင်ထွန်း(
သန်လျင်အခြေစိုက် ခြေလျင်တပ်ရင်း(၉၀)တပ်ရင်းမှူး)တို့ကို ခန့်လေသည်။ သို့အတွက် အောက်ခြေပညာရေးအား
ထောက်လှမ်း ရေးမျက်စိဖြင့်ကြည့်ကာ အကွက်ကျကျဖျက်ရန် နည်းလမ်းများကို ဗိုလ်ခင်ညွန့်ထံ
သတင်းပို့ တော်မူသတည်း။ ထိုနည်းတူ မြန်မာနိုင်ငံစာစစ်အဖွဲ့ကြီးကို သူ့လူများ လက်အောက်သို့
သွတ်သွင်းလိုက်သဖြင့် ၁၀ တန်း အောင်/ရှုံး စာရင်းများသည် ဗိုလ်ခင်ညွန့် လိုသလို ဖန်တည်းချက်များ
ဖြစ်ကုန်လေသည်။
၁၀တန်းအမှတ်စာရင်းသွင်းသည့်အခါ
လာဘ်ပေးလာဘ်ယူမှုကြီးများ ဖြစ်ပွားတော့သည်။ အမှတ်စာရင်းအား အမှတ်များတိုး၍လည်းကောင်း၊
အထက်နှင့်အောက် ခုံနံပါတ်ကို ပြောင်းပေးခြင်းဖြင့် အမှန်တကယ် ထူးချွန်သည့် ကျောင်းသားများ၏
ရမှတ်သည် လာဘ်ထိုးထားသည့် ကျောင်းသားထံ ရောက်သွားခြင်းဖြင့် လည်းကောင်း၊ ငွေများရာ
မိုးရွာသကဲ့သို့ ပညာရေးသည်လည်း ဖြစ်ချင်တိုင်း ဖြစ်ကုန်တော့သည်။ ကျွန်တော့်ကို တာမွေမြို့နယ်၌
နေထိုင်သူ ဘူးသီးတောင်၊ မောင်တောမှ ပြောင်းလာသည့် မူစလင်ကုလားများက သူတို့၏ အိမ်သို့ခေါ်ကာ
စာသင်ခိုင်းပါသည်။ အချိန်ကား ၁၉၉၉ ခုနှစ်ဖြစ်သည်။ ကျွန်တော်က စာမေးပွဲအောင်ရန် သင်ပေးထားသည့်စာများ
အရကျက်ရန် ပြောသည့်အခါ သူတို့က “စာမေးပွဲအောင်ဖို့ကတော့ မပူပါနဲ့ ဆရာ၊ ကျွန်တော်တို့
မြန်မာနိုင်ငံစာစစ်ကို ငွေပေးပြီးပြီ ဆရာ၊ ဆရာက ကျွန်တော်တို့ကို စာအသေအချာ ဖတ်တတ်အောင်နဲ့
သင်ခန်းစာတွေကို သူများ မေးရင် နဲနဲပါးပါး ဖြေတတ်အောင်သာ သင်ပေးပါ”ဟု ပြောလေသည်။ သူတို့ပြောသလို
တကယ်လည်း အောင်လေသည်။ ကျွန်တော်သာ သူတို့၏ အဖြေလွှာကို စစ်ရမည်ဆိုလျှင် မည်သို့မျှ အောင်စရာအကြောင်းမရှိချေ။
ရန်ကုန်တိုင်း၊မန္တလေးတိုင်းနှင့်
အခြားတိုင်းကြီးများတွင် (၄)ဘာသာဂုဏ်ထူး၊ (၅)ဘာသာဂုဏ်ထူးနှင့် ဘာသာစုံ ဂုဏ်ထူးရှင်များ
အဆက်မပြတ်ပေါ်ထွက်နေသောအခါ ထောက်လှမ်းရေးဥာဏ်တစ်ထွာတစ်မိုက်ဖြင့် ပြည်နယ်(ရ)ခုမှလည်း
ဂုဏ်ထူးများစွာဖြင့် အောင်ကြောင်း လိမ်လည်ရန်အတွက် တော်ရုံတန်ရုံအောင်မည့် ကျောင်းသားများအား
အမှတ်များ တိုး၍ ဂုဏ်ထူးများစွာ ပေးပစ်လိုက်သည်။ ထို့နောက် သတင်းစာ၊ တီဗွီ မှ နေ၍ တိုင်းနှင့်ပြည်နယ်အားလုံး၌
ဘာသာစုံဂုဏ်ထူးများထွက်ကြောင်း လိမ်တော့သည်။ သူ လိမ်လည် လှည့်ဖြားသည့်အတွက် နယ်များမှ
ဂုဏ်ထူးရှင်များ၏ မိဘများမှာ သူတို့၏ သားသမီးတော့ဖြင့် ဆရာဝန်ကြီး ဖြစ်တော့မည်၊ ဆရာဝန်မကြီး
ဖြစ်တော့မည်ဟု တွေးတောပျော်မြူးကာ ရှိစုမဲ့စုများထုတ်၍ ပေါင်သင့်တာ ပေါင်နှံပြီး ရောင်းသင့်တာ
ရောင်းချသည်။ ထို့နောက် မကွေးဆေးတက္ကသိုလ်သို့ ပို့လေသည်။ ထိုအခါ အမှန်တကယ် ထူးချွန်သည့်အတွက်
ဆေးကျောင်းသို့ ရောက်လာခြင်း မဟုတ်၍ ကျောင်း၌ စာလိုက်နိုင်ခြင်း မရှိတော့ချေ။ သို့အတွက်
ဆေးထိုးအပ်နှင့် အရက်များ စုတ်၍ထိုးခြင်း၊
စာမေးပွဲကျ၍ မေဂျာပြောင်းရခြင်း၊ မူးယစ်ဆေးဝါးတလွဲသုံးစွဲ၍ သေဆုံးကြခြင်း၊ စိတ်ကျဝေဒနာခံစားကြရခြင်း၊
မိဘများမှာလည်း လယ်ပေါင် ယာပေါင်ဖြင့် ကျောင်းထားရသည့်အတွက် ရည်မှန်းချက်မအောင်မြင်သည့်အခါ
စီးပွားပျက်ကာ ဒုက္ခရောက် ခြင်းများ ဖြစ်ကုန်တော့သည်။ တနည်းအားဖြင့် တိုင်းပြည်၏ အညွန့်အဖူးလေးများအား
တစ်ဖက်လှည့်ဖြင့် နှိပ်ကွပ်လိုက်ခြင်းဖြစ်သည်။ ထိုကလေးများမှာ သူ့အိုးသူ့ဆန် တန်ရုံသာ
ဆိုလျှင် ဘာသာရပ်တစ်ခုခု၌ သေချာပေါက် ထူးချွန်မည့်သူများ ဖြစ်ပေသည်။ ပြည်သူများအား
လိမ်လည်လှည့်ဖြားရုံ ကြံစည်သည်ဆိုကာမူ ဒုက္ခခံစားလိုက်ရသူများအတွက် ကျွန်တော်၏ ရင်တွင်း၌
မချိအောင် နာရသည်။
၂၀၀၁-၂၀၀၂
ပညာသင်နှစ်၌ ယခုလိုဆိုလျှင် မြန်မာနိုင်ငံ၏ဘွဲ့ရများကို နိုင်ငံတကာမှ အသိအမှတ်မပြုတော့
ဟုဖိအားပေးသည့်အတွက် ၁၀ တန်းမေးခွန်းကို စင်ကာပူအဆင့်သို့ တိုးမြှင့်ခဲ့သည်။ မေးခွန်းများ
အားလုံးသည် အမှန်တကယ်ကို အဆင့်မြင့်ပါသည်။ သို့သော် ထိုမေးခွန်းများကို ဖြေဆိုရန်အတွက်မူ
ကျောင်းသားကျောင်းသူ များအတွက်မူ အခက်အခဲ ကြီးမားလှသည်။ အလုပ်အကိုင်ကလည်း ရှားပါးသည့်
အတွက် ၀ိုင်းဆရာများ၊ အိမ်လိုက်သင်သည့်ဆရာများ၊ ကျူရှင်ကျောင်းထောင်သည့်ဆရာများ နေရာအနှံ့
ပေါ်ပေါက်လာသည်။ ထိုအခါ ကြီးမားသည့် ပြဿနာတစ်ရပ် ပေါ်ပေါက်လာပြန်သည်။ ယင်းမှာ ဆရာများ၏
အရည်အသွေး မပြည့်ဝ သည့်အတွက် ထောင်ဆန်ဆန် ပညာပေးမှုများ ဖြစ်ပေါ်လာသည်။ ဆိုလိုသည်မှာ
၁၉၉၃-၉၄ ခုနှစ်မှ စ၍ ဖျက်ဆီးခံရသည့် ပညာရေး၏ နောက်ဆက်တွဲ ဖြစ်ပေသည်။ ယင်းမှာ ခုံနံပါတ်ထိုး ၃၉။ ဘေးမျဉ်းသား ၁ မှတ်၊ ပေါင်း
၄၀၊ အောင်တယ် ဆိုသောသူများ ဘွဲ့ရများဖြစ်လာပြီး ဆရာအလုပ်ကို လုပ်ကုန်ကြသည့်အတွက် ဖြစ်သည်။
ကြုံခဲ့ဘူးပါသည်။
သချာင်္တစ်ပုဒ်ကို သင်ရိုးကုန်စာအုပ်အားလက်မှ ကိုင်၍ (white board)၌ ကူးရေးပြီး ကျောင်းသားများအား
နားလည်အောင် ရှင်းပြနိုင်ခြင်းမရှိသည့်အတွက် ထပ်ခါထပ်ခါ တွက်ခိုင်းသကဲ့သို့ အခြားသော
ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ နှင့် အင်္ဂလိပ်စာ ဘာသာရပ်များကိုလည်း နားလည်လည် မလည်လည် အလွတ်ကျက်ခိုင်းသည်။
ကျောင်းသားကျောင်းသူများအား မိမိတို့အိမ်မှ ထမင်း/ဟင်းများကို ချိုင့်တစ်လုံးဖြင့်
ထည့်ခိုင်းကာ တစ်နေ့လုံးစာသင်သည်။ မိဘများကတော့ မိမိတို့၏ သားသမီးများအား တစ်နေ့လုံး
စာသင် ပေးနေသည်ဟု ထင်မြင်ယူဆသည့်အတွက် အကျေနပ်ကြီး ကျေနပ်နေလေသည်။ ထိုအခါ ကျောင်းသား
ကျောင်းသူများမှာ လူစင်စစ်မှ ကြက်တူရွေးလေးများ ဖြစ်ကုန်တော့သတည်း။ တွေးတောခြင်း၊ ဆင်ခြင်ခြင်းများ၊
ဝေဖန်ခြင်းများ ပျောက်ကွယ်ကာ ခိုင်းတာလုပ်သည့်အဆင့် ဖြစ်ကုန်သည်။ ထို့ပြင် ကျောင်းသားကျောင်းသူများကို
ကျောင်းစာဖြင့်ဖိထားနိုင်သည့်အတွက် စစ်အာဏာရှင်များ စိတ်ကြိုက် ဖြစ်ကုန် သည်။
နေ့တက်
တက္ကသိုလ်ကျောင်းသားများ ရှားပါးသွားပြီး အဝေးသင်ကျောင်းသားများ ထုနှင့်ထည်နှင့် ဖြစ်လာ
သည်။ သူတို့အနေနှင့်လည်း ခေတ်၏စားဝတ်နေရေးအခြေအနေအရ အဝေးသင်မှတပါး ရွေးချယ်စရာ မရှိချေ။
တစ်နှစ်လုံးကျောင်းစာကို ၁၀ ရက် အနီးကပ်တက်ပြီး ဘွဲ့တစ်ခုရသည့်အတွက် ကျောင်းသားမိဘများအနေနှင့်
စီးပွားရေးအရ တွက်ခြေကိုက်သည်။ မြန်မာပြည်
စစ်အာဏာရှင်များက ဘွဲ့ရပညာမတတ်များကို စက်ရုံမှ ထုတ်သကဲ့သို့ အဆက်မပြတ် ထုတ်လုပ်နေသည်မှာ
ယနေ့ထက်တိုင် ဖြစ်ပေသည်။
ကျွန်တော်တို့လို
ဆရာများကိုလည်း သူတို့နှင့်တန်းတူထားပြီး ဆရာချင်းအတူတူပါပဲကွာ ဟုဆိုလေသည့်အခါ ကျွန်တော်တို့မှာ
အသည်းတဆတ်ဆတ်နာရပါသည်။ အရည်အသွေးပြည့် ဆရာများကို တိုင်းပြည်အတွက် လိုအပ်သည်ဆိုလျှင်
အလွန်လွယ်ပါသည်။ ဘွဲ့ရဟူသော ပေတံဖြင့်သာ မတိုင်းတာပဲ ဆရာလိုင်စင်အတွက် အရည်အချင်းစစ်စာမေးပွဲများ
ကျင်းပပေးလျှင် မည်သူမျှ ဆရာအချောင်ဖြစ်ချင်တော့မှာ မဟုတ်ပေ။ ၁၉၈၅ ခုနှစ်၌ ကျူရှင်ဆရာအရည်အချင်းစစ်
စာမေးပွဲစစ်၍ လိုင်စင်ထုတ်ပေးရန် ကျူရှင်ဆရာကြီးများက ထိုခေတ်၌ အမြင့်ဆုံးဖြစ်သည့်
နိုင်ငံတော်ကောင်စီအဆင့်အထိ တင်ပြခဲ့ဘူးကြပါသည်။ သို့သော်လည်း တိုင်းပြည်၌ အလုပ်အကိုင်
ရှားပါးသည့် ပြဿနာရှိနေသည့်အတွက် လူကြီးမင်းများ နှာစေးကြတော့သည်။ ယခုလည်း အရည်အသွေးပြည့်ဆရာများ
လိုချင်ပါက ထိုနည်းကို ကျင့်သုံးစေချင်သည်။ သို့သော်လည်း လာဘ်ပေး လာဘ်ယူ ကင်းရှင်းဖို့ဆိုသည်မှာ
အတော်မလွယ်သည့် ကိစ္စဖြစ်ပေသည်။
အကြောင်းအားလျော်စွာ
အမိမြေမှ ကျွန်တော် စွန့်ခွာခဲ့ရပြီးနောက် World Education ၏ လက်အောက်ခံ အဖွဲ့အစည်းများနှင့်
ပူးတွဲ အလုပ်လုပ်သည့်အခါ မြန်မာ ၃ ယောက် ပေါင်းမိသည်နှင့် ၂ ဖွဲ့ ကွဲတော့တာပဲ ဟူသော
စကား၏ အရင်းအမြစ်ကို ထင်ရှားစွာ သဘောပေါက်နားလည်မိတော့သည်။ World Education မှ ဖွင့်လှစ်သည့်
သင်တန်းများ၊ ဆွေးနွေးပွဲများ တက်ရသည့်အခါ အသက်ငယ်ငယ် ကြီးကြီး အုပ်စုဖွဲ့၍ သီချင်းဆိုခြင်း၊
ဆွေးနွေးခြင်း၊ အသိပညာဖလှယ်ခြင်းများ ပြုလုပ်ရခြင်း နှင့် ဘော်လံတီယာဆရာများနှင့် ပူးတွဲ
သင်ကြားရသည့်အခါ အကြောင်းအရာတစ်ရပ်ကို ဆွေးနွေးခြင်း၊ အကြောင်းပြချက်ခိုင်ခိုင်လုံလုံနှင့်
ငြင်းခုံခြင်း၊ ဝေဖန်ခြင်းတို့ကို ပြုလုပ်ရခြင်း တို့ကြောင့် မြန်မာ့ပညာရေး၏ အဓိက ချို့ယွင်းချက်အား
ကွက်ကွက်ကွင်းကွင်း မြင်မိတော့သည်။
ယင်းမှာ
မြန်မာပြည်ရှိကျောင်းအသီးသီး၌ ဆွေးနွေးခြင်းဟူသည် ဘယ်တော့မှ မရှိသကဲ့သို့ သင်ခန်းစာတွင်
မပါသော အကြောင်းအရာများကို ဖြည့်စွက်ခြင်းကိုလည်း လက်မခံကြပေ။ အပြန်အလှန် ငြင်းခုံကြဖို့
ဆိုသည် မှာလည်း လုံးဝမဖြစ်နိုင်ချေ။ ဆရာဆရာမများအား စောဒကတက်လိုက်သည်နှင့် ကျောင်းအုပ်ကြီး
ရုံးခန်းသို့ ကြွမြန်းရတော့သည်။ ထိုအကျိုးဆက်ကြောင့် ပူးပေါင်းဆောင်ရွက်သည့် အလေ့အထမရှိတော့ခြင်း၊
ကူညီလိုစိတ်များ ခေါင်းပါးသွားခြင်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုယူသည့် အကျင့်စရိုက်ကောင်းများမရရှိခြင်း၊
စိတ်ရှည်လက်ရှည်ဖြင့် သည်းခံတတ်မှုမရှိခြင်း၊ အပြိုင်အဆိုင်စိတ်ဓာတ်သာ သေရာပါ ပါသွားခြင်း
တို့ကြောင့် မြန်မာတို့၏ ချစ်စရာဓလေ့စရိုက်များ ပျောက်ကွယ် သွားရပြီး ငါသိ ငါတတ်၊ ငါပဲမှန်
ဟူသော အတ္တစိတ်သာ ဖုံးလွှမ်းသွားသည့်အတွက် ၃ ယောက်ပေါင်းမိသည်နှင့် ၂ ဖွဲ့ကွဲသည်ဟူသော
စကား ဖြစ်ပေါ်ရခြင်း ဖြစ်သည်။ တကယ်လည်း ကွဲပါသည်။
ယနေ့
မြန်မာနိုင်ငံ၏ အနာဂါတ် ပညာရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဆိုလျှင် နိုင်ငံတကာ
အတွေ့အကြုံ ရင့်ကျက်သူများ ပါရှိရန်နှင့် စိတ်စေတနာမှန်သူများ ဖြစ်ရန်သည် လွန်စွာ အရေးကြီးသည်။
နိုင်ငံတကာအတွေ့အကြုံရင့်ကျက်သူများ ပါရှိရန်ဆိုသည်မှာ နိုင်ငံတကာ ပညာရေးကို ထပ်တူကူးချရန်အတွက်
မဟုတ်ပေ။ ကိုယ့်နိုင်ငံနှင့် ကိုက်ညီမည့် သင်ရိုးညွှန်းတမ်းများကို ဖြည့်စွက်ကြရန်သာ
ဖြစ်သည်။
ဦးသိန်းစိန်၏
ဒီမိုကရေစီ အရပ်သားအစိုးရအမည်ခံ ကြံ့ဖွံ့အစိုးရတက်လာပြီးနောက် ပညာရေးအား ကမ္ဘာအဆင့်မြှင့်မည်ဟု
မည်သို့ပင် ကြွေးကြော်နေစေကာမူ လွန်ခဲ့သော (၃) လောက်က ပညာရေးနှင့် သက်ဆိုင်သည့် ဦးစီးဌာနများ၏
ညွှန်ကြားရေးမှူးချုပ်များအား ခန့်အပ်ရာတွင် ပညာရှင်၊ ပညာတတ်များ မပါသလောက်ဖြစ်ပြီး
စစ်တပ်မှ စစ်ဖက်အရာရှိကြီးများကိုသာ ခန့်အပ်သည့်အတွက် မြန်မာ့ပညာရေး တိုးတက်ရန် ဆိုသည်မှာ
မည်သို့မျှ ဖြစ်နိုင်စရာ အကြောင်းမရှိချေ။ စစ်တက္ကသိုလ်၌
ဒိသာပါမောက္ခများက ပညာကုန်သင်ကြားပေးလိုက်သကဲ့သို့ အတတ်ပညာပေါင်းစုံ တတ်ကျွမ်းသွားပြီဟု
စစ်တပ်က ထင်မြင်ယူဆမှုများ ရှိနေသ၍လည်း မြန်မာ့ပညာရေးသည် ရေပုပ်မြောင်းများအတွင်း ဆက်လက်
လွင့်မျောနေအုန်းမည် ဖြစ်သည်။
ထို့ပြင်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်လည်းကောင်း၊ လက်ရှိစစ်ဗိုလ်များ၊ စစ်ဗိုလ်ဟောင်း
များသာ တိုင်းပြည်အာဏာအား ခွဲဝေယူထားခြင်းဖြင့်လည်းကောင်း၊ ယခင်စစ်အာဏာရှင်များသာ မြန်မာပြည်
အား ဘောင်းဘီဝတ်လိုက်၊ ပုဆိုးဝတ်လိုက်နှင့် ဆက်လက်အုပ်ချုပ်နေသ၍ ကာလပတ်လုံး မြန်မာ့ပညာရေး
ကောင်းမွန်ရန်ဆိုသည်မှာ ဘယ်တော့မှ မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် စေတနာမှန်မှန်နှင့်
တိုင်းပြည် အကျိုးသယ်ပိုးမည်ဟူသော စိတ်ဓာတ်ကင်းမဲ့သူများ ဖြစ်သောကြောင့်ပေတည်း။
သန့်စင်အောင်(ရန်ကင်း)
No comments:
Post a Comment