Pages

Tuesday, 5 March 2013

တက္ကသိုလ်ဆရာ/ဆရာမများက ထိုက်သင့်သည့် ခံစားခွင့်မရှိသည့်အတွက် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုမည်



ရန်ကုန်အဝေးသင်တက္ကသိုလ်များမှ ဆရာ/ဆရာမများ သာမန်ရုံးပိတ်ရက်များတွင် တာဝန်ထမ်းဆောင် ရသော်လည်း ထိုက်သင့်သည့် ခံစားခွင့်များ မရရှိသည့်အပေါ် နိုင်ငံတော် သမ္မတထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း တက္ကသိုလ်ဆရာများအသင်းမှ သိရသည်။
ယင်းသို့တောင်းဆိုရန်အတွက် ဖေဖော်ဝါရီ ၁၆ ရက်က မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သည့် အလုပ်သမားအရေးအလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ/ဆရာမများအသင်းမှ ဒေါက်တာသန်းလွင်ဦးက “အခုဆို Day သင်တန်းက ဆရာ၊ ဆရာမတွေက အဝေးသင်သင်တန်းကိုပါ သင်နေရတယ်။ အဲဒီလိုမျိုး တာဝန်ထမ်းဆောင်ရပေမယ့် ထိုက်သင့်တဲ့ ခံစားခွင့်မရဘူး။ အပေါ်က ချပေးပေမယ့် အမှန်တကယ် ရသင့်ရထိုက်တဲ့ ဆရာ၊ ဆရာမတွေ မရဘူး။ တစ်ဦးကို သောင်းနဲ့ ချီပြီး ပေးရမှာ၊ အကျင့်ပျက် ခြစားနေတဲ့ ကိစ္စတွေ ရှိတယ်။ ဒါတွေကို သိအောင် သမ္မတထံ တင်ပြမယ်” ဟုပြောသည်။
ယင်းအပြင် တက္ကသိုလ်ဆရာ/ဆရာများအသင်းအဖွဲ့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်းခွင့်ပြုထားသော်လည်း လိုအပ်သည့် ကိစ္စရပ်များကို တင်ပြရာတွင် တာဝန်ယူမှုမရှိသောကြောင့် ယင်းအသင်းများအနေဖြင့် အခက်အခဲဖြစ်နေကြောင်း သိရသည်။
ဒဂုံတက္ကသိုလ် ဆရာ/ဆရာမများအသင်း အတွင်းရေးမှူး ဆရာဇော်မျိုးလှိုင်က “အရပ်ဘက်မှာတော့ အလုပ်ရှင်နဲ့ အလုပ်သမားဆိုပြီးရှိပေမယ့် ကျွန်တော်တို့လို နိုင်ငံဝန်ထမ်းတွေအတွက် အလုပ်ရှင်ဆိုတာ အစိုးရပဲ ဖြစ်တယ်။ အဲဒါကြောင့် တင်ပြတောင်းဆိုစရာရှိရင် ဘယ်အဖွဲ့အစည်းကို တင်ပြရမလဲဆိုတာကို အလုပ်သမားဥပဒေမှာ ပါတဲ့ အလုပ်ရှင်ဆိုတဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြစေချင်တယ်” ဟုယင်းက ပြောသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသည့် အသင်းအဖွဲ့များ၏ဆွေးနွေးချက် များကိုမြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးဆောင်သူ များဖြစ်သည့် ဒေါက်တာမင်းဇော်ဦး တို့မှ နိုင်ငံတော် သမ္မတထံ တင်ပြ မည် ဖြစ်ကာ နောက်ဆက်တွဲရလဒ်များ ထွက်ပေါ်နိုင်ရန် အထိ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ဆရာ/ဆရာမများအသင်းအတွင်းရေးမှူး ဆရာအောင်ကျော်စိုးက “ရန်ကုန်မြို့ မှာ ရှိတဲ့ တက္ကသိုလ်တွေက အရမ်းဝေးတဲ့နေရာတွေမှာပဲ ဖြစ်နေတယ်။ အဲဒါကြောင့် ဆရာ/ဆရာမတွေ ကျောင်းကိုသွားရင် လိုင်းကားတိုးစီးပြီး သွားရတယ်။ ကျောင်းသူ/ကျောင်းသားတွေ နဲ့အပြိုင် ကားတိုးစီးရတော့ အဆင်မပြေမှုတွေ ရှိတယ်။ ကျောင်းသားတွေကလဲ မလေးစားတာ ကို မြင်တွေ့နေရတယ်။ သူတို့တွေက တစ်ချိန်ကျရင် နိုင်ငံကို ဦးဆောင်ရမယ့်သူတွေ ဖြစ်လာမှာပါ။ အဲဒီအတွက် ဆရာ/ဆရာမတွေကို ထိုက်တန်တဲ့ ခံစားခွင့်ရအောင် ပေးသင့်တယ်” ဟုပြောသည်။
တက္ကသိုလ်ဆရာ/ဆရာမများကို ယခင်နှစ်များကနေရာရွေ့ပြောင်းလျှင် အထက်မြန်မာပြည် ၊အောက်မြန်မာပြည်ဟု ခွဲခြားကာ ရွေ့ပြောင်းလေ့ရှိသော်လည်း တက္ကသိုလ်ဆရာ/ဆရာမများအသင်း ထွက်ပေါ်လာ သည့်နောက်ပိုင်းတွင် ယင်းကဲ့သို့ ကျင်းသုံးခြင်းမရှိတော့ကြောင်း ဆရာ/ဆရာမအသင်းမှ အသင်းဝင် တစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၌ တက္ကသိုလ်ကောလိပ်စုစုပေါင်း ၁၆၀ ကျော် ဖွင့်လှစ်ထားသော်လည်း အသင်း အဖွဲ့မှာ ၈ သင်းသာ ဖွဲ့စည်းထားနိုင်ကြောင်း သိရသည်။
သတင်းရေးသူ- ညီသစ်လူ၊ စိုင်းဟန်
ရန်ကုန်တိုင်းမ်
ဖေဖော်ဝါရီ ၂၁-၂၇၊ ၂၀၁၃

No comments:

Post a Comment