ကျွန်တော်တရားဝင်စာသင်ခွင့်နဲ့
စာသင်တာ ၁၉၉၂ ခုနှစ်က နောက်ဆုံးပဲ။ စာသင်ခွင့်တောင်းဘီဆိုတာနဲ့ ပညာရေးဌာနကပြဿနာမရှိပေမယ့်
ကျွန်တော့်အိမ်ကို ဧည့်သည်တော်အပေါင်း ကြွမြန်းလာတော့ တာဘဲ။ ထောက်လှမ်းရေးက၊ စသုံးလုံးက၊
ရဲ(နိုင်ငံရေး)က၊ ထောက်လှမ်းရေးကလည်း နံပါတ်အမျိုးမျိုးနဲ့ဗျ။ လာတာနဲ့ စည်းကမ်းချက်တွေ
တရစပ်ပြောတော့တယ်။
စာသင်နေရင်းနိုင်ငံရေးစကားမပြောနဲ့၊နိုင်ငံရေး သမားတွေ ကျူရှင်ကိုမလာစေနဲ့၊ကျောင်းသားစာရင်းကိုနေ့စဉ်သူတို့ဆီကို ပို့ဖို့မမေ့နဲ့၊ ကျောင်းသင်ခန်းစာနဲ့ မသက်ဆိုင်တာတွေ မပြောနဲ့၊ စစ်တပ်ကို မဝေဖန်နဲ့…နဲ့….နဲ့….နဲ့။ ဒါကြောင့် ကျူရှင်ကျောင်းထောင်ဖို့
လုံးဝမစဉ်းစားတော့ပဲ ၀ိုင်းသင်ဖို့ခေါ်ရင်လိုက်တယ်။ အုပ်စုလိုက် အိမ်လာသင်ရင် လက်ခံတယ်။
တဦးချင်းသင်ဖို့ လာခေါ်ရင်လဲ လိုက်တယ်။ စာသင်တဲ့အလုပ်က ရိုးတွင်းချဉ်ဆီကကို ပါလာတဲ့
ဝါသနာ။ နယ်စပ်ဒေသရောက်တော့လဲ စာသင် လျက်ပါပဲ။
စာမေးပွဲနီးပြီဆိုရင်
ရှိသမျှ တပည့်အားလုံးကို အိမ်ခေါ်ထားပြီး သင်လေ့ရှိတယ်။ စာမေးပွဲလည်း ပြီးရော ကိုယ်ရယ်
ခုံရယ်ဘောရယ်ပဲကျန်ခဲ့တော့တယ်။ အိမ်မှာ တပည့်တွေနဲ့ အတူတူအိပ်တယ်၊ အတူတူစားတယ်၊ သူတို့ရဲ့
အမူအကျင့်လေးတွေ ပြင်ပေးတယ်။ ဒီလိုနဲ့ တပည့်တယောက်ဆိုပါတော့ဗျာ၊ လူကထွားထွား ကြိုင်းကြိုင်း၊
ထမင်းစားရင် လက်သီးဆုပ်ကြီးလောက် ၃ဆုပ်ထည့်ပြီးမှ စားတယ်။ ဗိုက်ဆာရင် လူသတ်တော့မယ့်မျက်နှာနဲ့၊
တဖြေးဖြေး ပုံသွင်းလိုက်တာ လူကြီးလူကောင်း စတိုင်ဖြစ် သွားတယ်။ ဆယ်တန်း အောင်တော့ လူချင်းကွဲသွားတယ်။
၁၀ နှစ်ကျော် ၁၅ နှစ်လောက်ကွဲသွားပြီး တနေ့မှာ တပည့်တယောက်က “ဆရာရေ, ဆရာ့တပည့်ကျော်
ကြီးနဲ့တွေ့တယ်၊ ဖုံးနံပါတ်ပေးလိုက်တယ်၊ ဖုံးဆက်ပါ” တဲ့၊ သြော် ကျွန်တော်က နေရာတစ်နေရာမှာ
တစာနှစ်ထက်ပိုပြီး နေရလေ့မရှိဘူး။ တစ်နှစ်ကနေ နှစ်နှစ်ဖြစ်ပြီဆို ကျွန်တော့ကို မျက်စိဒေါက်ထောက်ကြည့်ပြီး
ထောက်လှမ်းရေးကလာ၊ ရဲကလာပြီး ရစ်တော့တာပဲ။ ဒါ့ကြောင့် တပည့်ဟောင်းတွေက တွေ့ချင်တယ်ဆိုရင်
ကျွန်တော့်ကို ဘယ်လိုက်ရှာရမှန်းမသိဘူး။ အလွယ်တကူမတွေ့နိုင်ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်
ဆုံကြမှမေးကြမြန်းကြ၊ စုံစမ်းကြ၊ သူတို့ဆရာ ဘယ်နေရာမှာ စာသင်နေသလဲ၊ ထောင် ထဲများ ရောက်နေ ဘီလား၊
ဘယ်နေရာမှာများ ဒုက္ခရောက် နေသလဲ ပေါ့နော်၊ တပည့် တွေရော၊ တပည့်မတွေရော အင်မတန်ချစ်ဖို့ကောင်းပါတယ်။
၁၉၉၀ ရွေးကောက်ပွဲတုန်းက မဲတောင်မပေး ခဲ့ရဘူး။ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်လိုက်လို့။မြောက်ဥက္ကလာပမြို့နယ် မ၀တ(မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆေက်ရေး အဖွဲ့ရုံး) နောက်က ဘောလုံးကွင်းမှာပြည်ချစ်လူငယ်များအစည်းအရုံးပါတီက လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးဘတင့်ဆွေရဲ့ ဖိတ်ခေါ်မှုနဲ့
တရားဟောသွားတယ်။ ကျွန်တော်တို့ လူဘောင် သစ်ဒီမိုကရက်တစ်ပါတီက ဦးသက်ထွန်းကိုဟောပြောခွင့်ပိတ်လိုက်လို့
သူ့အစား ကျွန်တော် သွားခဲ့လို့ပြဿနာဖြစ်တာ၊ တပည့်တွေလဲ သိရော သူတို့မှာရှိတဲ့ ပိုက်ဆံလေးတွေ ကို
ပေးတော့တာပဲ။ ထားပါ၊ စောစောတုန်းက တပည့်အကြောင်း ဆက်ပြောရအောင်၊
သူ့ဖုံးနံပါက်ရတာနဲ့
ဖုံးဆက်လိုက်တယ် ဆိုရင်ဘဲ အားရဝမ်းသာနဲ့ သူ့လိပ်စာပေးတယ်။ ဒါနဲ့ သူ့လိပ်စာအတိုင်း လိုက်သွားပြီးတွေ့လိုက်တယ်။
သူနေတဲ့နေရာက မင်္ဂလာဒုံလေဆိပ်ရိပ်သာလမ်းက အဆင့်မြင့် တည်းခိုရိပ်သာ။ သူ့ဆီရောက်ကော ဆိုတော့ဗျာ။
အားပါးပါး ကောင်မလေးတွေ၊ ငယ်ငယ်လေးတွေ၊ အများကြီးပဲ။ လုပ်ငန်းရှင် ဘိုးတော်ကြီးလည်း
ရှိနေတယ်။ မေးကြည့်လိုက်တော့ သစ်တောရေးရာ ဒုတိယဝန်ကြီးဟောင်း၊ အငြိမ်းစား ဗိုလ်ချုပ်ဟောင်းတဲ့။
အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း၊ Express ကားကြီးတွေလဲ ပိုင်သတဲ့။ ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့
ကုမ္ပဏီတွေမှာလည်း သူ့ရှယ်ယာတွေ အများကြီး ပိုင်တယ်တဲ့။သူ့ဆီလာလာနေတဲ့ နောက်ဘိုးတော်က
ရဲချုပ်ဟောင်း၊ သူ ရဲချုပ်ဘဝတုန်းက ဗိုလ်ချုပ်ဟောင်းနဲ့ အမြီးစားဖက် ခေါင်းစားဖက် တွေလေ။
တပည့်လေးကမန်နေဂျာ၊ အင်မတန်ကောင်းရှာတယ်။ ဆရာ
ဘာလိုချင်လဲ၊ ဘာဖြစ်ချင်လဲတဲ့။ ကိုယ်က မကောင်းမှုနဲ့ ကင်းကင်းရှင်းရှင်း နေတက်တဲ့သူမို့လို့ပေါ့၊
နို့မို့ဆို ပျော်သည်ပေါ့နော့်၊
တစ်နေ့မှာပေါ့၊
ဘိုင်ပြတ်နေလို့ သူ့ဆီရောက်တယ်။ အဲဒီအချိန်မှာ မိန်မတစ်ယောက်ဟာ အသက်(၁၆)နှစ် လောက်တောင်
မရှိသေးတဲ့ သူ့သမီးလေးကို လက်ဆွဲပြီး ရောက်လာတယ်။ ရှစ်တန်းကိုးတန်းအရွယ်ဗျာ။ မျက်စိပျက်
မျက်နှာပျက်၊ ခန္ဓာကိုယ်ကသေးသေးသွယ်သွယ်၊ ၀တ်ထားတာက ခပ်နွမ်းနွမ်း၊ အမေခမျာလည်း မျက်နှာလေးအောက်ချပြီး
ကတုန်ကယင်အသံနဲ့၊ “မန်နေဂျာကြီးရယ် သမီးလေးကို အလုပ်ပေးပါ၊ မန်နေဂျာကြီးလဲ အလကားသုံးကြည့်ပါ”
တဲ့၊ မန်နေဂျာတပည့်လဲ ကျွန်တော့ကိုလှမ်းကြည်ပြီး မျက်စိပျက် မျက်နှာပျက်နဲ့၊ ကျွန်တော်လဲ
မျက်နှာ ဘယ်လိုထားရမလဲ မသိတော့ဘူး။
တပည့်ကျော်မန်နေဂျာက
နောက်နေ့မှ လာပါဆိုပြီး မုန့်ဖိုးပေးလွှတ်လိုက်တယ်။ တိုင်းပြည်ကြီး တိုးတက် လာလိုက်တာ
အမေကိုယ်တိုင် သမီးလက်ဆွဲပြီး ဖာခန်းလိုက်ပို့ရတယ်လို့ဗျာ။ ကျွန်တော် နယ်စပ်ရောက်တာ
၅ နှစ်ကျော်ပါဘီ။ အခုဆို ဘာယ်လောက်ဆိုးလိုက်မလဲမသိဘူး။ တွေးတောင်မတွေးရဲဘူး။ ဒါနဲ့
ရောက်လက်စနဲ့ အဲဒီရပ်ကွက်ကို လိုက်ပြီး လေ့လာလိုက်တယ်ဆိုရင်ဘဲ ရပ်ကွက်ထဲမှာ ဟိုတစုဒီတစုနဲ့
နယ်ပေါင်းစုံက မိန်းကလေးတွေ အိမ်ငှားနေကြတာ၊ စက်ရုံမှာ အလုပ်လုပ်နေတဲ့သူ၊ အလုပ်လိုက်ရှာနေတဲ့သူ၊
လှတပတ တောင့်တောင့်တင်းတင်းလေးများကတော့ အများအားဖြင့် ကုမ္ပဏီမှာလုပ်နေတယ်ဆိုပြီး အနီးအနားတ၀ိုက်က
တည်းခိုခန်းအမည်ခံ ဖာခန်းတွေမှာ အချိန်ပိုင်းလုပ်တယ်။ မိဘမောင်ဘွားတွေကတော့ ကုမ္ပဏီမှာ
လုပ်နေတယ်ပေါ့နော်။တချို့ကလဲ ဘာအလုပ်မှ မရသေးလို့ စုပြီးနေကြတယ်။ တကယ်တော့ တည်းခိုခန်းမှာ
လူလိုဘီဆိုတာနဲ့ အဆင်သင့်ရှိနေအောင် စောင့်နေကြတာ။ ဖောက်သည်တွေကတော့ အထူးပြောစရာ မလိုပါဘူး။
မင်္ဂလာဒုံလေဆိပ် ပတ်ဝန်းကျင်တခုလုံးက တည်းခိုခန်းမှန်သမျှ စစ်ဖက်ဆိုင်ရာလူကြီးတွေ ပိုင်တာချည်းပဲ။
အမှန်အကန် ငယ်ငယ်သေးသေးလေးတွေ လိုချင်ရင် အဲဒီနေရာမှာဘဲ ရှိတယ်။ ကြော်ငြာ ၀င်နေတာမဟုတ်ဘူးနော်။
ဒီကနေ့ ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်မယ်ဆိုတဲ့သူတွေ သိစေချင်လို့ပါ။
သန့်စင်အောင်(ရန်ကင်း)
၂၅.၀၃.၂၀၁၃
No comments:
Post a Comment