ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ပညာရေးမှူးသည် ၎င်းလက်အောက်ရှိ ဝန်းထမ်းများ၏ လစာထဲမှ လစဉ်အကြောင်းမဲ့ ငွေကောက်ခံမှုများ ပြုလုပ်နေကြောင်း မုံးထမြို့နယ်ခွဲ အထက်တန်း ကျောင်းအုပ်ကြီး ဦးစိုင်းထွန်းငွေက ပြောကြားသည်။
ဝန်ထမ်းအချင်းချင်း လစာထဲမှမဖြတ်ရန် အစည်းအဝေးတွင် တင်ပြသော်လည်း အလှူခံတာဟုပြောဆို ပြီး ရုံးစာရေးကိုဖြတ်ခိုင်း၍ နှစ်လအဖြတ်ခံရကြောင်း ၎င်းကဆိုသည်။
ယင်းမြို့နယ် ပညာရေးမှူးမိုင်းတုံသို့ ပြောင်းရွှေ့ရောက်ရှိလာသည်မှာ တစ်နှစ်ကျော်မျှရှိပြီး လစဉ်ငွေ ဖြတ်တောက်ကောက်ခံမှုများသည် ၎င်းရောက်ရှိကတည်းကပင်ဖြစ်ကြောင်း ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများထံမှ စုံစမ်းသိရှိရသည်။
အလယ်တန်းနှင့် အထက်တန်းကျောင်းအုပ် တစ်ဦးလျှင် ကျပ် ၂၀၀၀၊ အထက်တန်းပြ တစ်ဦးလျှင် ကျပ် ၁၇၀၀၊ အလယ်တန်းပြနှင့် မူလတန်းကျောင်းအုပ်တစ်ဦးလျှင် ကျပ် ၅၀၀၊ မူလတန်းပြနှင့် ပညာ ရေးဝန်ထမ်းစာရေးတစ်ဦးလျှင် ၁၀၀၀ ကျပ်၊ အထွေထွေလုပ်သား တစ်ဦးလျှင် ၇၀၀ ကျပ်ကို လစဉ် အသီးသီး ဖြတ်တောက်ခံနေရကြောင်း အမည်မဖော်လိုသူ ကျောင်းအုပ်ဆရာတစ်ဦးက ပြောကြား သည်။
ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန်တွင်လည်း ကျောင်းအသီးသီး၏ အကျိုးတော်ဆောင် ရန်ပုံငွေထဲမှ မိုင်းတုံ အ.ထ.က သည် ငွေကျပ်တစ်သိန်းခွဲ၊ နားကောင်းမူး အ.ထ.က ခွဲသည် ငွေကျပ် တစ်သိန်း၊ ပုံပါကျင် အ.ထ.က သည် ကျပ်ငွေ ရှစ်သောင်းတို့ကို စာမေးပွဲအကြောင်းပြု၍ တောင်းခံ သဖြင့် မြို့နယ်ပညာရေးမှူးထံသို့ ပေးသွင်းခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆက်သွယ်ရေးခက်ခဲဒေသများအတွက် နိုင်ငံတော်က ထောက်ပံ့သည့်နွေရာသီ အပြန်ခရီးစရိတ်များ ထဲမှလည်း အလှူခံငွေဟုပြော၍ တောင်းခံကြောင်း၊ ခရီးစရိတ် ရငွေကျပ် ကိုးသောင်းမှ ပညာရေးမှူး က ငွေကျပ် ၅၀၀၀၊ ကျောင်းစာရေးကငွေကျပ် ၄၀၀၀ ဖြတ်တောက် ယူထားကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
နိုင်ငံတော်ကချပေးသည့် အသုံးစရိတ်များမလုံလောက်၍ ကျိုင်းတုံအသွားအလာစရိတ်၊ ရုံးသုံးစရိတ် ကိရိယာနှင့် စာရွက်စာတမ်းကြေးများကို အလှူငွေသဘော လစဉ်ရှင်းပြ၍ ကောက်ခံခဲ့ပြီး တစ်လလျှင် ကျပ်တစ်သိန်းသုံးသောင်းခန့်ရှိကြောင်း မိုင်းတုံမြို့နယ် ပညာရေးမှူး ဦးမြင့်မောင်က အတည်ပြုပေးရန် မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။
"ကျောင်းစာရေးကတော့ အစည်းအဝေးဆုံးဖြတ်ချက်အရ ငွေကောက်တာတော့ ရှိပါတယ်။ အခြား ကိစ္စရပ်တွေရှိနေတာတော့မသိပါဘူး" ဟု ၎င်းကဆိုသည်။
ပညာရေးဝန်ထမ်းများ၏ လစာငွေမှ ငွေကြေးတစ်စုံတစ်ရာမျှ ဖြတ်တောက်ကောက်ခံရန် အမိန့်ညွှန် ကြားလွှာ၊ ဒေသန္တရအမိန့်မျှ ထုတ်ထားခြင်းမရှိကြောင်း၊ အလွဲသုံးမှု တစ်စုံတစ်ရာဖြစ်ပေါ်လျှင်လည်း စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ရှိ ပြည်နယ်ပညာရေးမှူးက ဧပြီ ၂ ရက်နေ့တွင် ဖြေကြားသည်။
မိုင်းတုံမြို့နယ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း တည်ရှိ၍ ဆက်သွယ်ရေးခက် ခဲသည့် မြို့နယ်တစ်ခုဖြစ်ပြီး ပုံပါကျင်မြို့နယ်ခွဲနှင့် မုံးထမြို့နယ်ခွဲတို့ ပါဝင်သည်။
ယင်းမြို့နယ်အတွင်း အထက်တန်ကျောင်း လေးကျောင်း၊ မူလတန်းကျောင်း ၃၂ ကျောင်းရှိပြီး ဆရာ၊ ဆရာမှနှင့် ရုံးဝန်ထမ်း ၁၅၂ ဦးရှိကြောင်း ယင်းမြို့နယ် ပညာရေးမှူးထံမှ သိရသည်။
Written by မင်းဇော်
The Voice Daily
Vol.1, No.4, 2013
No comments:
Post a Comment