Pages

Thursday, 26 September 2013

ပိုလီယိုပညာရေးအား စုပေါင်းတိုက်ဖျက်မှ တိုင်းပြည်တိုးတက်မည်


          
ဦးးသိန်းစိန်အစိုးရတက်လာသည်မှစ၍ မြန်မာ့ပညာရေးအားပြုပြင်ပြောင်းလဲရန် နယ်ပယ်အသီးသီးမှ လူတန်းစားပေါင်းစုံ ဝေဖန်ကြ၊ အကြံပြုကြနှင့်ပြုလုပ်နေကြသည်မှာ လွန်စွာနှစ်ထောင်းအားရဖြစ်ရပါသည်။ ပညာရေးလောကအတွင်း နှစ်ပေါင်းသုံးဆယ်ကျော် ကျင်လည်ခဲ့၊ ကျင်လည်ဆဲ၊ ကျင်လည်နေအုန်းမည့် စာရေးသူအတွက် လက်ရှိမြန်မာ့ပညာရေးအား မည်သို့ပြုပြင်ပြောင်းလဲသင့်ကြောင်းအား ဥာဏ်မီသလောက် တင်ပြရမည်ဆိုပါက မူလတန်းမှစ၍ မဖြစ်မနေပြုပြင်ပြောင်းလဲရပေမည်။

မြန်မာပြည်၏သင်ရိုးညွှန်းတမ်းများအား လေ့လာသုံးသပ်ပါက ပြဌာန်းချက်ပါကျောင်းစာကိုသာ အဓိက သင်ကြားနေကြောင်း တွေ့ရှိရသည်။ မနက်မိုးသောက်သည်မှ ညမိုးချုပ်သည်အထိ ကျောင်းသင်ခန်းစာ များအား အာဂုံဆောင်ရင်းကြီးပြင်းကြရသည်။ ကလေးသဘာဝ လွတ်လွတ်လပ်လပ် ပျော်ရွှင်နေကြရမည့် အချိန်၌်လည်းကျောင်းသင်ခန်းစာ၊ အားပါးတရဆော့ကစားရမည့်အချိန်၌လည်း ကျောင်းသင်ခန်းစာ၊ မိဘနှစ်ပါး ၏ရင်ခွင်တွင် တီတီတာတာရှိရမည့်အချိန်၌လည်း ကျောင်းသင်ခန်းစာ၊ သို့နှင့် ကလေးသူငယ်များ၏ ဘ၀သည် နေထိပန်းကဲ့သို့ ညှိုးနွမ်းနေကြရသည်မှာ အားလုံးအသိပင်ဖြစ်သည်။
တကယ်ဖြစ်သင့်သည်မှာ ကလေးများအား ကျောင်းတွင် သီချင်းဆိုခြင်း၊ ပန်းချီဆွဲခြင်း၊ ကိုယ်နှစ်သက်ရာ အားကစားတခုခုအား ဆရာဆရာမ၏ဦးဆောင်မှုဖြင့်ကစားစေခြင်းတို့ကို ပြုလုပ်ပေးရမည်ဖြစ်သည်။ သို့မှသာ ကျောင်းစာသင်ခန်းအတွင်းမှ လေ့ကျင့်ပေးလိုက်သော အနုပညာခံစားမှု၊ နူးညံ့သော စိတ်နေစိတ်ထားများ၊ အလှအပကို ချစ်ခင်မြတ်နိုးထိန်းသိမ်းတတ်မှုများမှသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ငြိမ်းချမ်းရေးသို့ ရှေ့ရှုနိုင်ပေလိမ့်မည်ဖြစ်သည်။ အားကစားနည်းတခုခုကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးပေလိမ့်မည်။
ပညာရေး၏အခြေခံဖြစ်သည့် မူလတန်းပညာရေး၌ သင်ခန်းစာပြီးသင်ခန်းစာဖြစ်နေသည့်အတွက် ကျောင်းသား ကလေးငယ်များသည် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် အာရုံခံနိုင်စွမ်းရည်များဖြည့်ဆည်းမှုကင်းမဲ့သည့်ဒဏ်များကြောင့် ပညာရေးမစွမ်းမသန်ဖြစ်မှုသည် မြန်မာပြည်တနံတလျားဖြစ်ပွားပေါ်ပေါက်နေချေသည်။ ထို့ပြင် ကျေး လက် တောရွာများမဆိုထားနှင့် မြို့ကြီးများရှိ ကျောင်းများ တွင် ကျောင်းတွင်း အားကစားများပြုလုပ်ရန် နေရာမရှိသည် ကများပေ သည်။ နေရာရှိသော်လည်း ငွေကြေးမလုံလောက်သည့်အတွက် ‘တောရိုင်းဖုန်းဆိုး’ မြေသဖွယ် ဖြစ်နေသည်ကို မြို့သစ်များရှိကျောင်းများ၌ တွေ့မြင်နေရသည်။ ကျောင်းတာဝန်ခံများအနေနှင့် ပြုလုပ်ချင် သည့်စိတ်များရှိလျှင်လည်း အထက်အဆင့်ဆင့်သို့ တင်ပြနေရသည်နှင့် အချိန်ကုန်နေရပေမည်။ အမြီးနုတ် ခေါင်းနုတ် ဖြတ်စားကပ်စားများနှင့် သေချာပေါက်ကြုံတွေ့ရပေအုန်းမည်။
ယနေ့မြန်မာပြည်မှပညာတတ်ဆိုသူဘွဲ့ရများ၊ ပညာတပိုင်းတစတတ်သူများအားလုံးသည် ပိုလီယိုပညာရေးနှင့် ကြီးပြင်းခဲ့ရသည့်အတွက် အလှအပခံစားတတ်ဖို့နေနေသာသာ ဖျက်လိုဖျက်ဆီးစိတ်ဓာတ်များသာ အများ အားဖြင့် လွှမ်းမိုးနေသည်။ နှုးညံ့ပျော့ပျောင်းသောစိတ်များနှင့်ပြည့်လွှမ်းနေမည့်အစား ခက်ထန်ကြမ်းတမ်း သောစိတ်များသာ ကြီးစိုးနေသည်။ သန့်ရှင်းသပ်ယပ်သော အပြုအမူအနေအထိုင်များအစား ညစ်ပတ် ပေစုတ်သော အပြုအမူအနေအထိုင်များနှင့်သာ ကြီးပြင်းနေကြသည်။ အကောင်းမြင်ဝါဒီများ ဖြစ်ရမည့်အစား အရာရာကို အဆိုးမြင်တတ်သည့် အဆိုးမြင်ဝါဒီများအဖြစ် ရှင်သန်နေကြသည်ဟု ပြောလျှင် မှားမည်မထင်ချေ။
ခွဲခြားဝေဖန်တတ်သည့် ဥာဏ်အမြော်အမြင်များအား ကျောင်းတွင်း၌ လေ့ကျင့်သင်ကြားပေးခဲ့ခြင်း အလျဉ်း မရှိသည့်အတွက် အမှားအမှန်အား ခွဲခြားမသိတတ်တော့ပဲ သွေးဆောင်ဖြားယောင်းမှုနောက်သို့ ကောက် ကောက်ပါအောင်လိုက်ခြင်းဖြင့် မမှားသင့်သည့်အမှားများနှင့် တွေ့ကြုံနေကြသည်ကို မမြင်ချင်အဆုံး တွေ့မြင် နေရသည်။ ပိုလီယိုရောဂါစွဲကပ်နေသည့်ကလေးများသည် မည်သို့ပင်ကုသစေကာမူ သာမန်လူကဲ့သို့ သွားလာ လှုပ်ရှားဖို့ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်ချေ။ တစ်သောင်းမှာတစ်ယောက်၊ တစ်သိန်းမှာ တစ်ယောက် လောက်သာ ရှားရှားပါးပါး သာမန်လူကဲ့သို့ သွားလာနိုင်သည်မှာ မငြင်းနိုင်ချေ။ ထို့အတူ ပိုလီယိုရောဂါနှင့် အလားသဏ္ဍာန်တူသည့် ပညာရေးစနစ်ကြောင့် ကျောင်းသူကျောင်းသားများသည် လူကြီးပိုင်းရောက် သည်အထိ ကမ္ဘာလောကကြီးအား စူးစမ်းလေ့လာဖို့နေနေသာသာ မိမိတို့၏ပတ်ဝန်းကျင်အတွင်း၌ပင် ဖြစ်ပျက် နေသည်များကို ဓမ္မဓိဌာန်ကျကျ လေ့လာစူးစမ်းတတ်မှု ခေါင်းပါးနေရသည်ကိုမြင်ရသည်မှာ ဝမ်းနည်းဖွယ် ဖြစ်သည်။
ပြည်တွင်းထုတ်ဂျာနယ်တစ်ခု၌ ၄တန်းအောင်ပြီး ၅တန်းမတက်ရောက်နိုင်ပဲ ကျောင်းထွက်သွားရသည့် ကလေးများသည် တစ်နှစ်လျှင် ၁၀ သိန်းခန့်ရှိသည့်အတွက် နိုင်ငံတော်အဆင့်မှ တာဝန်ယူပေးသင့်ကြောင်း နိုင်ငံတော်အဆင့်အကြံပေးဒေါ်အေးအေးသင်းမှ ပြောကြားကြောင်းဖတ်လိုက်ရပါသည်။ ထို့အတူ မူလတန်းပြ ဆရာဆရာမ တစ်သောင်း ခန့်ထားမည်ဖြစ်သည့်အတွက် လျှောက်လွှာများ ခေါ်ယူထားပြီး အရည်အချင်းစစ် စာမေးပွဲများ ဧပြီလ (၇)ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ သို့သော်လည်း စနစ်မပြောင်းပဲထားလျှင် မည်သည့်အစီအမံများလုပ်လုပ် ပိုလီယိုရောဂါသည် ပညာတတ်များသာ ပေါ်ပေါက်နေပေအုန်းမည်။ပညာရေးသည် အခုရေတွင်းတူး အခုရေကြည်သောက်သည့် လုပ်ငန်းတစ်ရပ်မဟုတ်ကြောင်းကို တာဝန်ရှိသူများ နားလည်သဘောပေါက်မည်ဟု အကြွင်းမဲ့ယုံကြည် ပါသည်။
ဗဟိုမှချုပ်ကိုင်ထားသည့်ပညာရေးစနစ်ဖြင့် မူလတန်းပညာရေးအား ဆောင်ရွက်နေခြင်းကို စာရေးသူအနေနှင့် လုံးဝသဘောမကျနိုင်ပေ။ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်မှ တိုက်ရိုက်ကိုင်တွယ်ပေးခြင်းဖြင့်သာ အောင်မြင် မည်ဟု ယုံကြည်ပါသည်။ ထိုသို့ကိုင်တွယ်ရာတွင်လည်း ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသအတွက် ပညာရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ နေရာတကာစွက်ဖက်ခြင်း ကင်းဝေးရန်လိုပေသည်။ မြို့နယ် ပညာရေးမှူး၏လုပ်ငန်းတာဝန်များသည်လည်း ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်ပဲ အကြံပေးခြင်း၊ ဥပဒေချိုး ဖောက်မှုများ ဆိုလိုသည်မှာ ကိုယ်ကျိုးသက်သက်ဆောင်ရွက်မှုများဖြစ်ပေါ်ပါက အချိန်မဆိုင်းပဲ အရေးယူခြင်း၊ တိုင်းနှင့်ပြည်နယ်အစိုးရများမှ ခွဲဝေပေးသည့် ဘဏ္ဍာငွေများအား အမှန်တကယ်လိုအပ်နေသည့်ကျောင်းများ အား ခွဲဝေပေးရေးနှင့်ဗဟိုမှချမှတ်ပေးသည့်မူဝါဒနှင့် ကိုက်ညီခြင်းရှိမရှိစစ်ဆေးခြင်းတို့သာ ဖြစ်သင့်သည်။ မြို့နယ်တခုလုံးရှိ ပညာရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုကြီးကြပ်ရန်ဆိုသည်မှာ ကျေးလက်ဒေသများ၌ မလွယ်ကူသည်မှာ ပညာရေးမှူးတိုင်းသိပါသည်။ ထို့ပြင်ကျောင်းဆရာဆရာမအဖြစ် ရွေးချယ်မှုတွင်လည်း မြို့နယ်မှ ကြီးကြပ်ရွေးချယ်ခြင်းအစား သက်ဆိုင်ရာကျောင်းအုပ်များမှ တိုက်ရိုက်ရွေးချယ်မှု ပြုလုပ်ခြင်းသည် ပို၍ကောင်းမွန်မည်ဟု ယုံကြည်ပါသည်။ နယ်စပ်ဒေသရှိ အစိုးရလက်လှမ်းမမှီသည့်ကျောင်းများ၌ ကျောင်းအုပ် နှင့်ကျောင်းဆရာ သဟဇာတမဖြစ်သည့်အတွက် မကြာခဏဆရာအရွေ့အပြောင်းများ၊ ပြဿနာများ ဖြစ်ပေါ် နေကြောင်း စာရေးသူအားတာဝန်ရှိသူတစ်ဦးမှ  လာရောက်ပြောကြားခဲ့သည့်အတွက် စာရေးသူမှ ကျောင်း ဆရာရွေးချယ်ရေးမူအား မေးမြန်းသည့်အခါ ကော်မတီဖွဲ့၍ ရွေးချယ်ကြောင်း သိလိုက်ရသည်။ ထိုအခါ စာရေးသူမှ ကျောင်းအုပ်ဆရာနှင့်ကျောင်းဆရာများ လိုက်ဖက်မှုရှိစေရန် ကျောင်းအုပ်ကြီးမှ တိုက်ရိုက်ရွေးချယ် ခွင့် ပေးအပ်ရန်အကြံပေးလိုက်သည်။ မကြာမီပင် ကျောင်းများ၌ ပြဿနာများ နည်းပါးသွားကြောင်း သိရ ပေသည်။
မြန်မာပြည်တဖက်ကမ်းရှိကျောင်းများ၌ ဆရာလုပ်သည့်အခါ မြန်မာပြည်မှ ဆယ်တန်းအောင်မြင်လာသည့် ကျောင်းသားတိုင်းလိုလို ကိုယ့်ဒေသကိုယ့်ရပ်ရွာ၏ပညာရေးအား ဝိုင်းဝန်းပံ့ပိုးပေးလိုသည့် စိတ်ဆန္ဒရှိနေခြင်း အား ဝမ်းမြောက်ဖွယ်သိရှိရပေသည်။ ယင်းသို့သောလူများအတွက် တရားဝင်ဆရာလုပ်ခွင့်ရရေးသည် ဆုလာဘ်ကြီးတစ်ခုလိုဖြစ်နေခြင်းအား စာရေးသူတင်ပြသည့်နည်းကို အသုံးပြုပါက စိတ်စေတနာအပြည့်နှင့် နယ်ခံကျောင်းဆရာများ ရရှိခြင်းဖြင့် ကျေးလက်ဒေသပညာရေးသည် လွန်စွာအောင်မြင်မည်ဟု ယုံကြည်သည်။ ထို့ပြင် ‘အမြင်မတော် ဆင်တော်နှင့်ခလောက်’ ဆိုသလို ပညာရေးနှင့် မသက်ဆိုင်သည့်သူများက ပညာရေး ဌာနအကြီးအကဲများ ပြုလုပ်နေခြင်းသည် မည်သို့မျှမသင့်တော်ပေ။ စစ်ဖက်အရာရှိကြီးများသည် စစ်ရေးအမြင် ဖြင့်သာ အရာရာကိုကြည့်မည်မှာ ဓမ္မတာပင်ဖြစ်သည်။ ပညာရေးသည် စစ်ရေးမဟုတ်ပါ။ အနုပညာမြောက် အတတ်ပညာ ဖြစ်သည်။ ‘တုံးတိုက်တိုက် ကျားကိုက်ကိုက်’ လုပ်၍မဖြစ်ချေ။ ကိုယ်ချင်းစာနာမှုအပြည့်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းအမျိုးအစားမျိုးဖြစ်ပေသည်။
မူလတန်းကျောင်းထွက်နှုံးမြင့်မားနေခြင်းအပေါ် စေတနာမှန်ဖြင့် အလျင်အမြန်သုံးသပ်ရန်အရေးကြီးပေသည်။ ဗဟိုတစ်ခုတည်းမှ သုံးသပ်ချက်ပြုလုပ်မည့်အစား သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်အစိုးရများမှ ပြုလုပ်ခြင်းသည် ပိုမိုသင့်မြတ်မှန်ကန်ပေလိမ့်မည်။ ကျေးလက်ဒေသများတွင်ရှိသည့် ကျောင်းနေအရွယ်ကလေးများသည် မောင်းထောင်း၊ ရေခပ်၊ နွားကျောင်း၊ ကလေးထိန်း၊ အိမ်စောင့်စသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင် နေရသည့်အတွက် ကျောင်းသို့ ပုံမှန်တက်ရောက်နိုင်ခြင်း နည်းပါးပေသည်။ ရာသီအလုပ်များပေါ်လာသည့်အခါ မိဘများ၏ လုပ်ငန်းခွင်ဖြစ်သည့် လယ်၊ယာ လုပ်ငန်းများ၌ ဝင်ရောက်ကူညီကြရပြန်သည်။ မိုးလေဝသကမမှန်၊ ဆည်မြောင်းများရှိသော်လည်း ရေကမမှန်၊ မျိုးကမကောင်း၊ ကုန်ဈေးနှုံးများကတက်နှင့် စားဝတ်နေရေး မပြေလည်သည့်အခါ ဖခင်များ၊ အကိုများက တနယ်တကျေး အလုပ်သွားလုပ်ရသည့်အတွက် ကျေးရွာများ၌ မိန်းမများနှင့်ကလေးများသာ ကျန်ရှိနေသည်ကို ဒေသအတော်များများ၌ တွေ့ရှိနိုင်ပေသည်။ သို့အတွက် လေးတန်းအောင်ကလေးများ၏ ကျောင်းထွက်နှုံးမြင့်မားနေသည်ဟု စာရေးသူမှ သုံးသပ်မိပေသည်။ ထိုသို့ သောကလေးများအတွက် ၎င်းတို့၏ ဥာဏ်ရည်နှင့်သင့်တော်မည့် သင်တန်းများဖွင့်လှစ်ပေးရန် လိုအပ်နေသည် ဟု ကောက်ချက်ချမိသည်။ ထို့အတူ ရှစ်တန်းအောင်ကျောင်းသားများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စက်မှုပညာသင်ကျောင်း၊ စိုက်ပျိုးရေးပညာသင်ကျောင်း၊ စီးပွားရေးအခြေခံသင်တန်းကျောင်း၊ အခြခံအိမ်တွင်းမှု ပညာသင်ကျောင်း စသည့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ပေးသင့်ပြီဖြစ်သည်။ သို့မှသာ မျှော်လင့်ချက် ရောင်ခြည်လေးမြင်ရသည့်အတွက် မိဘများက ‘ကျားကုတ်ကျားခဲ’ နှင့် မိမိတို့၏သားသမီးများအား ရှစ်တန်း အဆင့်ပြီးမြောက်အောင် သင်ကြားစေပေလိမ့်မည် ဖြစ်ပေသည်။
မူလတန်းကျောင်းသားဘဝ၌ပင် လူသားဆိုင်ရာအခြေခံအုတ်မြစ်များ ဆိုလိုသည်မှာ ကလေးငယ်များ အချင်းချင်း တစ်ဦးနှင့်တစ်ဦးနားလည်မှု၊ချစ်ခင်ရင်းနှီးမှု၊ တန်ဘိုးထားလေးစားမှုများရရှိစေမည့် စိတ်နှလုံးနှုးညံ့မှု၊ အမြင်ကျယ်မှုနှင့် သဘောထားညီညွတ်မှုများအား ကျောင်းသင်ခန်းစာမှတဆင့် သင်ကြားနာယူခဲ့မည်ဆိုပါက ယနေ့နိုင်ငံတော်အတွင်းတွေ့ကြုံနေရသည့် ပဋိပက္ခနှင့်အငြင်းပွားမှုများ နောင်တချိန်၌ လျော့နည်းမည်မှာ ဧကန် မုချပင်ဖြစ်သည်။ ဥက္ကဌများ၏ဥက္ကဌဖြစ်သူတစ်ဦး ဘုန်းမီးနေလ တောက်ပနေချိန်၌ အနုပညာဆိုင်ရာ သင်တန်းများ ကျောင်းများတွင် ပို့ချရန် ညွှန်ကြားခဲ့သည့်အတွက် မြို့ကြီးများရှိကျောင်းအတော်များများတွင် ‘ချွမ် ခွပ်’ အသံများ တညံညံကြားခဲ့ဖူးပါသည်။ ဆိုလိုသည်မှာ ကျောင်းများ၌ အနုပညာဆရာများမရှိသည့်အပြင် တူရိယာပစ္စည်းများ မဝယ်နိုင်သည့်အတွက် ‘စည်းနှင့်ဝါး’ ‘စည်းနှင့်ဝါး’ ဖြစ်နေကြခြင်း ဖြစ်ပေသည်။
မြန်မာပြည်တွင်းရှိ ပြည်သူများသည် အနုပညာဓာတ်ခံရင့်သန်သူများဖြစ်သည်။ ထို့ပြင် ရပ်ရွာအတွင်း၌ သော်လည်းကောင်း၊ မြို့နယ်အတွင်း၌သော်လည်းကောင်း အနုပညာအရည်အသွေးရင့်မာသူများရှိနေသည်။ ထိုသူများအား ထိုက်သင့်သည့်အနုပညာကြေးနှင့် လာရောက်ကူညီပါရန် အကူအညီတောင်းခံပါက ကူညီကြ မည်ဟု ယုံကြည်ပါသည်။ တချို့ဆိုလျှင် စေတနာဖြင့်ပင် ကူညီကြပါလိမ့်မည်။ အဆို၊ အက၊ ပန်းချီ စသည့် အနုပညာသည် လူသားတို့၏နှလုံးစိတ်ဝမ်းအား ချမ်းမြေ့စေသည်မှာ မည်သူမျှမငြင်းနိုင်ချေ။ ထိုသို့ ပြုလုပ် နိုင်ရန်မှာလည်း ကျောင်းအုပ်ဆရာ၏လုပ်ပိုင်ခွင့် အခွင့်အရေးအပြည့်အဝရှိမှသာ ဖြစ်ပေမည်။ဆိုလိုသည်မှာ မိဘများ၏အားပေးကူညီမှုကို တောင်းခံရမည်ဖြစ်သည့်အတွက်လည်း ဖြစ်ပေသည်။ နိုင်ငံတကာ ပညာရေးအား ပညာရေးဆိုင်ရာတာဝန်ရှိသူများ တချက်လောက်စောင်းငဲ့ကြည့်စေချင်ပါသည်။ ထိုအခါ စာရေးသူ တင်ပြသည့် အချက်အလက်များအား တွေ့ရှိမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေသည်။
သို့အတွက် ပညာရေး၏အခြေခံအုတ်မြစ်ဖြစ်သည့် မူလတန်းပညာရေးအား အားသွန်ခွန်စိုက် ဝိုင်းဝန်း ပြုပြင်ကာ တစ်တပ်တစ်အား ဖြည့်စွမ်းပေးရေးအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် လူတိုင်းလူတိုင်း ခံယူတတ်ရန် အရေးတကြီး လိုအပ်နေပေပြီ။

ရန်ကုန်တက္ကသိုလ်ကြီးအားလည်း မွမ်းမံပါ၊ ကျောင်းများ၏ဥပဓိရုပ်ကောင်းအောင်လည်းပြုလုပ်ပါ၊ ပညာသင်နှစ် လည်းတိုးချင်တိုးပါ၊ ကြိုက်ရာကို ဗဟိုပြုပါ။ ကျောင်းသားဗဟိုပြုပြောပြော၊ ဆရာဗဟိုပြုပြောပြော ကြိုက်ရာ ပြောပြီး လုပ်ကြပါ။ စာရေးသူပြောသလို အောက်ခြေမခိုင်ပါက ပိုလီယိုများသာ ထွက်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
ဟိန်းစည်အောင်(ရန်ကင်း)
၃၁.၀၃.၂၀၁၃
 

No comments:

Post a Comment