Tuesday, 2 October 2012

ရွေ့ပြောင်းမြန်မာ ကျောင်းသားများပညာရေး အစိုးရနှင့် ချိတ်ဆက်







မြန်မာရွေ့ပြောင်း ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးအတွက် မြန်မာ့ရွေ့ပြောင်းလုပ်သားများ ပညာရေးကော်မတီ BMWEC  ဟာပြည်တွင်း ပညာရေး  ဌာနတွေ သက်ဆိုင်ရာအစိုးရနဲ့  စတင်ချိတ်ဆက်ဆောင်ရွက်နေပါတယ်။

BMWEC ဟာ စက်တင်ဘာလ ၂၅ရက်နေ့က  ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းကို တွေ့ဆုံဆွေးနွေးပြီးမြန်မာရွေ့ပြောင်းကျောင်းသူကျောင်းသားတွေရဲ့ ပညာရေး အဆင့်အလိုက် မြန်မာနိုင်ငံ ဒေသအသီးသီးက ကျောင်းတွေမှာ ပညာသင်ကြားခွင့် ရရှိနိုင်ဖို့  ရွေ့ပြောင်းကျောင်းတွေမှာ အထက်တန်းကျောင်းသားတွေ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်ရေးနဲ့  နယ်စပ်ဒေသတလျောက် ပညာရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားဖို့ စတာတွေ တင်ပြတောင်းဆိုရာမှာ အချက်အားလုံးကို သဘောတူ လိုက်လျောခဲ့တယ်လို့  BMWEC ဥက္ကဌ နော်ဖောရေကပြောပါတယ်။

ဆရာမတို့တောင်းဆိုတဲ့အချက် ၃ ချက်ကို ၀န်ကြီးချုပ်က အားလုံးလက်ခံပေးပါတယ်။ ဒီလိုမျိုးတောင်းဆိုမှုတွေကမြန်မာနိုင်ငံအစိုးရရဲ့ ဆန့်ကျင်ဘက် တခုမှ မရှိဘူး။ အစိုးရအနေနဲ့  အပြောင်းအလဲကာလမှာ  ဒီစီမံကိန်းလုပ်ငန်းတွေကို  တူတဲ့အချက်အလက်တွေကို ပိုပြီး လုပ်ဆောင်ပေးဖို့  သူတို့ထောက်ခံခဲ့ပါတယ်။
အရင်တုန်းကတော့ ရွေ့ပြောင်းကျောင်းသူကျောင်းသားတွေရဲ့  ပညာရေးအခွင့်အလမ်းများက နည်းပါးခဲ့ပါတယ်လို့ နော်ဖောရေက ပြောပါတယ်။
ဆွေးနွေးပွဲအပြီးမှာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အတည်ပြုချက်နဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ   ကျောင်းပေါင်းစုံက အထက်တန်း၊ တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေကို ဖိတ်ခေါ်ခဲ့ပြီး   ကျောင်းသားတွေရဲ့ ပညာရေးအရည်အသွေးကို စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
စစ်ဆေးပြီးတဲ့ ကျောင်းသားတွေရဲ့ ရလာဒ်အတိုင်းမြန်မာရွေ့ပြောင်းလုပ်သားများပညာရေးကော်မတီ  BMWEC ရဲ့ ထောက်ခံချက်နဲ့အတူပြည်နယ်ပညာရေးဝန်ကြီးဌာနကနေ ဒီနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ ရွေ့ပြောင်းမြန်မာကျောင်းသူကျောင်းသားတွေအတွက်  အစိုးရက သီးသန့်အခွင့်အရေးပေး ကူညီတာလို့  နော်ဖောရေက ဆိုပါတယ်။
ရွေ့ပြောင်းကျောင်းသူကျောင်းသားတွေအတွက် ၀န်ကြီးချုပ်ကနေ မြန်မာသမတကြီးကနေ  အထူး သီးသန့်အခွင့်အရေးပေးခဲ့တာပေါ့။  ဒီလိုသီးသန့်မပေးဘူးဆိုရင် မြန်မာပြည်မှာ ရှိနေတဲ့ အထက်တန်းကျောင်းတွေနဲ့တွဲပြီး  လုပ်ပေးရမယ်ဆို ပိုပြီး အခက်အခဲတွေနဲ့ ကြုံရမယ်။မြန်မာ့ရွေ့ပြောင်းပညာရေး ထောက်ပံ့မှုဖောင်ဒေးရှင်းက တရားဝင်တောင်းဆိုတာကို သူတို့  အသိအမှတ်ပြု  သီးသန့် စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ လူမျိုး ဘာသာမရွေး ဘယ်ကျောင်းမဆို စာမေးပွဲ ဖြေဆိုချင်တယ်ဆို ကျမတို့နဲ့ ဆက်သွယ်လို့ ကျမတို့က အားလုံးမှတ်ပုံတင်မရတဲ့ ကလေးတွေက အစ အားလုံးစီစဉ်သွားမှာပါ ။”
ပြည်တွင်းဒေသအသီးသီးကို ၀င်ရောက်ပညာသင်ကြားကြမယ့် မြန်မာ့ရွေ့ပြောင်းကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးကို မြန်မာ့ရွေ့ပြောင်းပညာရေးထောက်ပံ့မှု ဖောင်ဒေးရှင်းက ဆက်လက်ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

No comments:

Post a Comment