မြန်မာပြည်သူပြည်သားများနှင့်သက်ဆိုင်သည့် စာသင်ကျောင်းများ
မေး။ ။မြန်မာပြည်သူပြည်သားများနှင့်သက်ဆိုင်သည့်စာသင်ကျောင်းအမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ
ဖြေ။ ။အားလုံးပေါင်း (ရ) မျိုးရှိပါတယ်။
(၁)အစိုးရကျောင်းများ (၂) ကျူရှင်ကျောင်းများ (၃)
ပုဂ္ဂလိကကျောင်းများ (၄) ဘုန်းတော်ကြီး ကျောင်းများ (၅)
ပညာဒါနကျောင်းများ(အဖွဲ့အစည်းများမှတည်ထောင်) (၆) ဒုက္ခသည်စခန်းများမှကျောင်းများ (ထိုင်း၊တရုတ်၊ဘင်္ဂလားဒေ့ရ်နယ်စပ်အနီး) (၇) ရွေ့ပြောင်းစာသင်ကျောင်းများ(ထိုင်းနိုင်ငံအတွင်း) ဆိုပြီး ဖြစ်ပါတယ်။
မေး။ ။ယနေ့မြန်မာပြည်သူပြည်သားများနှင့်သက်ဆိုင်သည့်ကျောင်းများ၏ အဓိကအားနည်းချက်ကို ဆွေးနွေးပါ။
ဖြေ။ ။ ဆရာ/ဆရာမများ၏သင်ကြားမှုစွမ်းရည်နည်းပါးမှုပါ။
မေး။ ။ ဘာကြောင့်လို့ထင်မြင်ပါသလဲ
ဖြေ။ ။ အချက်( ၄ )ချက် မြင်ပါတယ်။ အဲဒါတွေကတော့ (၁) ဆရာအတတ်ပညာမရှိခြင်း
(၂) မိသားစုစားဝတ်နေရေးပြေလည်စေမည့် လုပ်ခလစာမရှိခြင်း (၃) မိမိသင်ကြားရမည့်ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိခြင်း (၄) နိုင်ငံတော်မှလည်း ဆရာဆရာမအရည်အသွေးတိုးတက်မြင့်မားရေးအတွက် စီစဉ် ဆောင်ရွက်ပေးမှုအားနည်းခြင်း တို့ကြောင့်ဖြစ်ပါတယ်။
မေး။ ။ ဆရာပြောတဲ့ကျောင်း(၇)မျိုးမှာ ဘယ်လိုကျောင်းမျိုးတွေမှာ ဆရာပညာသင်ကြားပေးဘူးပါသလဲ
ဖြေ။ ။ (၁) အစိုးရကျောင်း (၂) ကျူရှင်ကျောင်း (၃) ဒုက္ခသည်စခန်းကကျောင်း (၄) ရွေ့ပြောင်းစာသင် ကျောင်း များမှာ သင်ကြားပေးခဲ့ပါတယ်။
မေး။ ။အစိုးရကျောင်းများမှ ကျောင်းသားများနဲ့ ဆရာသင်ကြားပေးဘူးတဲ့ ဒုက္ခသည်စခန်းကကျောင်းသားများ နဲ့ရွေ့ပြောင်းကျောင်းကကျောင်းသားတွေ အဓိကတူညီချက်ကို ပြောပေးပါ
ဖြေ။ ။ ပညာရေးနဲ့ပတ်သက်ဆက်နွယ်ပြီး ရှေ့ဆက်ဘာလုပ်ရမယ်ဆိုတာ ကွဲကွဲပြားပြားမသိကြတာပါ။ ဆိုလို တာက အနာဂါတ်ပျောက်နေတယ်ပေါ့
မေး။ ။ ထိုင်းကျောင်းသားများနဲ့မြန်မာကျောင်းသားများ အဓိက ကွာခြားချက်ကို ဆွေးနွေးပေးပါ
ဖြေ။ ။ ထိုင်းကျောင်းသားများအတွက် အစိုးရရဲ့တာဝန်ယူပေးမှုဟာ မြန်မာပြည်နဲ့နှိုင်းယှဉ်ရင် အံ့မခန်းပါပဲဗျာ၊
ကျောင်းစအပ်ပြီဆိုတာနဲ့ ပညာရေး၊ကျန်းမာရေး၊လူ့အခွင့်အရေးများနဲ့ပတ်သက်ပြီး
တာဝန်ယူတော့တာပါပဲ၊ ကျောင်းဝတ်စုံလေးတွေကို တချို့ကျောင်းတွေမှာ
ကျောင်းကပေးတယ်။ မူလတန်းဆိုရင် အားလုံးလိုလိုက ပေးတယ်။ နေ့လည်စာအတွက်လဲ
ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို နိုင်ငံတော်စရိတ်နဲ့ကျွေးတယ်။ ကျောင်းထဲကိုဝင်ဘီဆိုတာနဲ့အားကစားကွင်းကြီးတွေမှ ဟီးထနေတာပါ။ကျောင်းဆောက်ပြီဆိုတာနဲ့
အားကစား ကွင်းပါ တခါတည်းဆောက်တာလေး ကိုယ်ပိုင်ဆိုင်ကယ်နဲ့ လာသူတွေ ရှိသလို
ကျောင်းကားတွေ ကိုလည်း အလုံအလောက်ပေးထားတယ်။ ကျပ်ကျပ်သပ်သပ်မဟုတ်ဘူးနော်။
ချောင်ချောင်ချိချိ သက်တောင့် သက်သာစီးရတာပါ။ ကျောင်းအတွင်းမှာ
ပန်းချီအနုပညာအတွက်လဲ ပြည့်ပြည့်စုံစုံစီစဉ်ပေးထားတယ်။
ဒီလိုစီစဉ်ပေးတဲ့အတွက် အနုပညာအရည်အသွေးတိုးတက် ကောင်းမွန်လာတယ်နဲ့အမျှ
ဖျက်လိုဖျက်ဆီး စိတ်ဓာတ်တွေ၊ မကောင်းမြင်အတွေးတွေ၊ ညစ်ပတ်စုတ်ပြတ်မှုကို
လက်မခံလိုတဲ့ စိတ်အခြေခံ ပြောင်းလဲမှု တွေဟာ အနာဂါတ်အထိပါသွားတဲ့အတွက်
ထိုင်းနိုင်ငံဟာ ဘယ်နေရာ ဘယ်ဒေသကိုကြည့်ကြည့် စိမ်းလန်းစိုပြေ
သပ်ယပ်သန့်ရှင်းနေတာ မြင်ရပါတယ်။ ကျောင်းအိမ်သာဆိုလဲ သန့်လိုက်တာဗျာ။
မြန်မာပြည်ရဲ့ဘယ်ကျောင်းရောက်ရောက်
အခြေခံပညာကျောင်းတင် ပြောတာမဟုတ်ဘူးနော်၊ တက္ကသိုလ် အဆင့်မှာရှိတဲ့
အိမ်သာအားလုံးလိုလိုဟာ ညစ်ပတ်စုတ်ပြတ် နံစော်နေတာပါပဲ။ စိတ်ပိုင်းဆိုင်ရာအရ
ဒီလိုညစ်ပတ်စုတ်ပြတ်မှုဟာ အရိုးစွဲသွားတဲ့အတွက် မြန်မာပြည်သူပြည်သားများဟာ
ချေးတွင်းထဲကလောက် တွေလိုပဲ ညစ်ညစ်ပတ်ပတ်နေတတ်တဲ့ ဓလေ့စရိုက်တွေ
ဖြစ်ကုန်တော့တာပါပဲ။အဲဒီလိုဖြစ်အောင်လဲ တိုင်းပြည် အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ ထူးဆန်းတဲ့လူမဟုတ်တဲ့သတ္တဝါတွေက ဖန်တည်းလိုက်တာလို့ပြောချင်ပါတယ်။
မေး။ ။ ဆရာကထိုင်းကို အထင်ကြီးတယ်လို့ ဆိုလိုတာလား။ ကြားဘူးတာက
ပညာရေးမှာတော့ ထိုင်းလူမျိုး တွေဟာ မြန်မာပြည်ထက် ညံ့တယ်လို့ ကြားပါတယ်။
ဆရာ့အမြင် ပြောပေးပါ
ဖြေ။ ။ ကျွန်တော် ထိုင်းကို
အထင်ကြီးတယ်ဆိုတာထက် မြန်မာပြည်က ကလေးတွေအတွက် စိတ်မကောင်း
တာကိုပြောချင်တာပါ။ မြန်မာပြည်က ကလေးတွေမှာ ကျောင်းရောက်ဖို့အတွက်
မနည်းအားယူပြီးလာရတယ်။ မောမောပန်းပန်းလမ်းလျှောက်လာရတဲ့ကလေးတွေ၊ အသက်ကို လွယ်အိတ်နဲ့ထုပ်ပြီး ကားအတင်းတိုးစီး လာရတဲ့ကလေးတွေ၊ ကျောင်းမလာခင်မှာလဲ ဗိုက်ထဲအစာမရှိပဲရှုံ့ရှုံ့မဲ့မဲ့နဲ့မလာချင်လာချင်နဲ့ လာရတဲ့ ကလေးတွေ၊မုန့်စားဆင်းချိန်ရောက်ပြန်တော့ အိမ်ကပေးလိုက်တဲ့ငွေကြေးလေးနဲ့ အာဟာရ ဖြစ်ဖြစ် မဖြစ်ဖြစ် ဗိုက်မပြည့်ရင်တောင် နဲနဲအဆာခံပြီးရောဆိုပြီးစားရတဲ့ကလေးတွေ၊ တစ်နေ့ထမင်းနှစ်နပ်တောင် မှန်အောင် မစားနိုင်တဲ့ကလေးတွေ ပြောရရင်ကုန်မယ်မထင်ဘူးဗျာ။ဟိုတစ်နေ့ကတောင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တစ်သီးပုဂ္ဂလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဒေါ်ညိုညိုသင်းက
ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းများနှင့်
ဆင်းရဲနွမ်းပါးတဲ့ မူလတန်းကျောင်းများက ကလေးတွေကို
ဆင်းရဲနွမ်းပါးမူလျော့ချရေးရံပုံငွေကနေ
စဉ်ဆက်မပြတ် အာဟာရတိုက်ကျွေးပေးဖို့ အစိုးရကို တိုက်တွန်း ကြောင်း
အဆိုကိုတင်တော့ ကြံ့ဖွံ့အမတ်မင်းအားလုံးက ကန့်ကွက်တယ်ဆိုလို့
သူတို့အားလုံးကို… အင်း..ပြောရရင်မိုက်ရိုင်းတယ် ဖြစ်အုန်း မယ်လေ။ဒါကြောင့်
လက်ရှိတိုင်းဒေသကြီးများရဲ့ဝန်ကြီးချုပ်ဆိုတဲ့တွေ၊ ဗိုလ်ချုပ်ဆိုတဲ့သူတွေ၊ ဝန်ကြီးဆိုတဲ့ သူတွေ။ လက်ရှိကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးလွှတ်တော်အမတ်တွေ(အမှန်က
စစ်တပ်နဲ့မကင်းတဲ့ ထူးဆန်းတဲ့သတ္တဝါတွေပါပဲ)တွေဟာ
ဘယ်လိုဂြိုဟ်ပေါ်ကဆင်းလာတဲ့ ဘယ်လိုသတ္တဝါတွေ လဲလို့တောင် မေးချင်တယ်ဗျာ။
ဒါပေမယ့် မြန်မာပြည်က ကျောင်းသားတွေနဲ့ ထိုင်းကျောင်းသားတွေကို
ပညာရေးအနေနဲ့နှိုင်းယှဉ်ရင်တော့ မြန်မာပြည်က တော်တော့ကို သာပါတယ်။
အင်္ဂလိပ်စာနဲ့စကားမှာထိုင်းကျောင်းသားများက
ညံ့တယ်ဗျ။ မပြောရဲ မဆိုရဲနဲ့၊ ဒီတော့ အများအားဖြင့်
မှန်မှန်ကန်ကန်မရေးတတ်ကြဘူး၊ ဝေါဟာရလဲမကြွယ်ဝဘူး၊ တကယ်တန်း မြန်မာပြည်က
ကလေးတွေကို အစိုးရကအစ အားစိုက်ပြီး တွန်းအားပေးနိုင်ရင်၊ ဗလငါးတန်
ဖွံ့ဖြိုးအောင်လုပ်ပေး နိုင်ရင်၊ စည်းကမ်းတကျနဲ့ ကျင့်ဝတ်စည်းကမ်းများကို
ဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေကအစ စံပြ ပြုမူနေထိုင်ပြပြီး လမ်းညွှန်မယ်ဆိုရင်
မဝေးတော့တဲ့အနာဂါတ်မှာ နိုင်ငံတကာကို ကောင်းကောင်းကြီး ယှဉ်နိုင်ပါတယ်။
ဆက်ရန်
No comments:
Post a Comment