မည်သည့် အကြောင်းကြောင့် မှန်းမသိ၊ မျိုးရိုးလည်း မရှိပါဘဲနှင့် စာသင်ပေး ရခြင်းကို ငယ်စဉ်ကတည်းက ကျွန်တော် ဝါသနာပါခဲ့၏။ တက္ကသိုလ် ကျောင်းဆရာဘဝဖြင့် အသက်မွေးဝမ်းကျောင်း ပြုရန် ရည်ရွယ် ခဲ့သော်လည်း အကြောင်း မညီညွတ်သဖြင့် ကုမ္ပဏီဝန်ထမ်း ဘဝဖြင့် လျှောက်လှမ်း ခဲ့ရသည်။
သို့သော် ဝါသနာဆိုသည်မှာ (ဘုရားရှင်မှလွဲ၍) ပယ်နိုင် ခဲဘိခြင်း။ ထို့ကြောင့် အခွင့်အခါ သင့်တိုင်း စာ သင်ကြားပေးခြင်း (တစ်နည်းအားဖြင့် ကျောင်းဆရာ) အလုပ်ကို ပြောက်ကျားပြောက်ကျား ဝင်ရောက် လုပ်ကိုင်၏။
ငွေကြေးကို အခြေမခံဘဲ ဝါသနာကို အခြေခံ၍ လုပ်ကိုင်ခြင်း ဖြစ်သဖြင့် ပညာဒါန ကျောင်းများသို့သာ ရောက်သွားလေ့ ရှိသည်။ ထိုကျောင်းများ ၌ ကျွန်တော် အထူး သတိထားမိသော အရာတစ်ခုမှာ ကြိမ်လုံးဖြစ်၏။ ထိုကြိမ်လုံး ကိစ္စနှင့်ပတ်သက်၍ တစ်ခါက ကျွန်တော် မေးကြည့်ဖူးသည်။ ကျောင်းသားများ၏ အဖြေမှာ ကျွန်တော်မှ လွဲ၍ ကျန်ဆရာမ များသည် ကြိမ်လုံးကို ကိုင်လေ့ရှိကြောင်း၊ ခြောက်လှန့်ရုံ သက်သက်ကိုင်ခြင်း မဟုတ်ဘဲ ရိုက်နှက် အပြစ်ပေးရန် ကိုင်ခြင်း ဖြစ်ကြောင်း၊ တချို့ဆရာ၊ ဆရာမ များမှာ ပြင်းထန်စွာ ရိုက်နှက်လေ့ရှိကြောင်းတို့ ဖြစ်၏။ ကျောင်းတည်ထောင်သူ (Founder) ကမူ ကျောင်းသားများကို ရိုက်နှက်ခြင်းကို ရိုးရာယဉ်ကျေးမှု တစ်ခုအလား ရှင်းပြလေသည်။
ကြိမ်လုံးကို မြင်လိုက်သည်နှင့် ပထမဆုံး ကျွန်တော် သတိရ မိသည်မှာ အထက်တန်း ပင်ရင်းစကားပြေ လက်ရွေးစင် စာအုပ်ထဲမှ “မင်းတုန်းမင်းနှင့် ငါးခြောက်ပြား” ဆောင်းပါးဖြစ်၏။ အင်းသားကြီး ငကြူ လှူဒါန်းသည့် ငါးခြောက်ပြားကို ဘုန်းကြီးကျောင်းသား မောင်လွင် အသိမ်းမတတ်သဖြင့် စံကျောင်း ဆရာတော်၏ လက်သုံးတော်ထားဝယ်ကြိမ်က မောင်လွင် ခန္ဓာကိုယ်ပေါ်သို့ အချက်ပေါင်း များစွာ ကျရောက်သွားခဲ့သည်။
မောင်လွင့်ကို မရိုက်မီ စံကျောင်း ဆရာတော်က "ဟဲ့ ... ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်း ညီညွတ်ရင် နိုင်ငံကို အုပ်ချုပ် မင်းလုပ်ရမယ့်သူ၊ ဒီလိုလူက ငါးခြောက်ပြား လေးတစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့မလဲ" ဟု မိန့်ဆိုခဲ့၏။ ထိုစဉ်က ကျွန်တော်သည် စံကျောင်း ဆရာတော်၏ မိန့်ဆိုချက်ကို လွန်စွာမှ ဘဝင်ခိုက်ခဲ့၏။ ထို့ကြောင့်လည်း မောင်လွင်အား ရိုက်နှက်ခြင်း နှင့်ပတ်သက်၍ စံကျောင်းဆရာတော် မှန်သည်ဟုလည်း ယုံကြည်ခဲ့၏။ အရွယ်ရ၍ စဉ်းစားတတ်လာသောအခါ စံကျောင်း ဆရာတော်၏ ရိုက်နှက်မှုအပေါ် သံသယ ဝင်လာသည်။ အဘယ်ကြောင့် ဆိုသော် စံကျောင်းဆရာတော် မိန့်ဆိုခဲ့သည့်အတိုင်း မောင်လွင်သည် အကြောင်းညီညွတ်၍ မင်းတုန်းမင်း (ဘုရင်) ဖြစ်လာ၏။ သို့သော် သူ့လက်ထက်၌ အောက်မြန်မာပြည် တစ်ခုလုံး အင်္ဂလိပ် လက်အောက်သို့ ထိုးအပ် လိုက်ရသောကြောင့် ဖြစ်သည်။
ဒုတိယ သတိရမိသည်မှာ ငါးတန်းကျောင်းသား ဘဝက သူငယ်ချင်း တစ်ဦးဖြစ်သည်။ ထိုသူငယ်ချင်းသည် ဉာဏ်ထက်မြက်ပြီး စာကြိုးစားသူဖြစ်သည်။ ထို့ပြင် အရှက်ကြီးသူလည်း ဖြစ်သည်။ တစ်နေ့ အတန်းထဲတွင် မဆိုသလောက်သော ပြစ်မှုတစ်ခုဖြင့် အရိုက်ခံရလေသည်။ ဤမျှလောက်ဆိုလျှင် စာဖွဲ့နေစရာမလိုပေ။ ပြဿနာမှာ ဆရာမက အရိုက်ခံရမည့် သူငယ်ချင်းကို ဘောင်းဘီ ချွတ်ခိုင်းခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ရိုက်မည့် တင်ပါးပေါ်သို့ ကြိမ်လုံးတိုက်ရိုက် ကျလိုခြင်းဖြစ်သည်။ ဤကဲ့သို့ ရိုက်လိုက်ရမှ ရိုက်ခြင်း အထမြောက်မည်ဟု ဆရာမအနေဖြင့် ယုံကြည်ထားဟန်လည်းရှိသည်။
သူငယ်ချင်းသည် အရှက်ကြီးသူပီပီ အရိုက်ခံဖို့ အတွက် မငြင်းဆန်သော်လည်း ဘောင်းဘီချွတ်ရန် အတွက်မူ အကြောက်အကန် ငြင်းဆန်လေသည်။ ဤတွင်ဆရာမသည် ဒေါသထွက်လာပြီး အတင်းဘောင်းဘီ ချွတ်ခိုင်းတော့သည်။ နောက်ဆုံး၌ သူငယ်ချင်းသည် အံကို တင်းတင်းကြိတ်ကာ ဘောင်းဘီချွတ်၍ အရိုက် ခံလိုက်၏။ သို့သော် နောက်တစ်နေ့ မှစ၍ ကျောင်းလာ မတက်တော့။ ထို့အဖြစ်အပျက်ကား လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ ကျော်ခန့်က ဖြစ်၏။
ကြိမ်လုံး၏ နောက်ဆက်တွဲ ပြဿနာကား ယနေ့ကာလ အထိပင် လက်ဆင့်ကမ်း သယ်ဆောင်လာကြသည်။ လွန်ခဲ့သည့် နှစ်အတွင်း ၌ သင်္ဃန်းကျွန်းမြို့နယ် အ.လ.က ကျောင်းဝင်း တစ်ခုအတွင်း ဝင်ရောက် ဆော့ကစားသော မူလတန်းကျောင်းသား များထဲမှ ကျောင်းသားကြီး တစ်ဦးကို ကျောင်းအုပ် ဆရာကြီးနှင့် ကျောင်းစောင့်တို့က ဖမ်းဆီးပြီး ကြိုးဖြင့်တုပ်နှောင်၍ ဝိုင်းဝန်း ထိုးကြိတ်ကြသည့် သတင်းကို ဖတ်ရှု လိုက်ရသည်။
မှော်ဘီမြို့နယ် မြောင်းတကာ ကျေးရွာ အ.ထ.က တွင်လည်း အဋ္ဌမတန်း ကျောင်းသားတစ်ဦးကို နဝမတန်း သင်ကြားသည့် ကျောင်းဆရာက ထိုးကြိတ် ရိုက်နှက်သဖြင့် ရန်ကုန် SSC ဆေးရုံတွင်ပင် လာရောက် ကုသခဲ့ရကြောင်းကို ဆက်လက် ဖတ်ရှုရပြန်သည်။ ဤအဖြစ်အပျက်များမှာ ဂျာနယ် စာမျက်နှာပေါ်သို့ ရောက်လာသဖြင့်သာ သိခွင့်ရကြခြင်းဖြစ်သည်။ လူမသိ သူမသိနှင့် ပြီးသွားသော (ကျွန်တော့်သူငယ်ချင်း ကဲ့သို့သော) အဖြစ်အပျက်များမှာ မည်မျှ ရှိနေသည်မသိ။
ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ဆရာကို အနန္တဂိုဏ်းဝင်အဖြစ် သတ်မှတ် ထားသောကြောင့်လည်းကောင်း၊ ရုံးပြင်ကနားနှင့် မဆက်ဆံလိုသောကြောင့်လည်းကောင်း ဆရာတချို့၏ မတရားမှုများကို ခေါင်းငုံ့ ခံနေရကြ ခြင်းဖြစ်၏။ ဤနေရာ၌ ဆရာ့စကားကို မြေဝယ်မကျ လိုက်နာမှုကြောင့် လူသတ်သမားကြီး ဖြစ်သွားရရှာသော အင်္ဂုလိမာလကိုလည်း သတိရသင့်၏။ “နဖူးစွန်းနှင့်၊ ဒူးပွန်းခံကာ၊ ကိုးကွယ်ပါလည်း၊ ဆရာလွဲက၊ ငရဲအပါယ်၊ အမြစ်တွယ်၊ ဝဋ်နွယ်ရှည်လျားရာ” ဟု စပ်ဆိုဆုံးမ သတိပေးခဲ့သည့် လယ်တီ ဆရာတော်ကြီး၏ ကဗျာ သည်လည်း ဆင်ခြင် လိုက်နာဖွယ်ဖြစ်၏။
ကြိမ်လုံးဆရာများ ဘက်ကလည်း အိုးထိန်းသည် သည် အိုးကို ကွဲအောင် ရိုက်ခြင်းမဟုတ်၊ လှပအောင် ရိုက်ခြင်းဟူ၍ လည်းကောင်း၊ ကရုဏာဒေါသောနှင့် ရိုက်တာ ဟူ၍ လည်းကောင်း၊ ဆန်ရင်းကို နာနာဖွပ်တာ ဟူ၍လည်းကောင်း ဆင်ခြေကန်ကြ၏။ တကယ်တော့ အိုးဆိုသည်မှာ အသိဉာဏ်နှင့် ခံစားမှုမရှိသော ရုပ်ဝတ္ထု ပစ္စည်းဖြစ်၏။ အိုးကောင်းရရန် ရိုက်ရင်းနှင့် လက်လွန် သွားပါကလည်း အိုးသည်အတွက် အထူးတလည် ပြဿနာမရှိပေ။ အသိဉာဏ်နှင့် ပြင်းထန်သည့် ခံစားချက်ရှိသော လူသတ္တဝါကို ရိုက်နှက်ရင်း လက်လွန်သွား ပါက ပြဿနာ ရှိလာနိုင်သည်။
ယခုအခါ ထိုပြဿနာ တချို့သည် ဂျာနယ် စာမျက်နှာပေါ်သို့ ရောက်ရှိလာပြီ ဖြစ်၏။ ထို့ပြင် ကရုဏာစိတ်နှင့် ဒေါသစိတ် ဆိုသည်မှာလည်း အေးမြသော ရေနှင့် ပူလောင် သောမီးကဲ့သို့ ဆန့်ကျင်ဘက် တရားများဖြစ်သည်။ မည်သည့်နည်းနှင့်မျှ ပေါင်းစပ်၍ မရနိုင်။ ရိုက်နှက်နေသည့် လူတစ်ယောက်၏ အမူအရာကို ကြည့်ရုံနှင့် ဒေါသစိတ် ဖြစ်နေသည်လား၊ ကရုဏာစိတ် ဖြစ်နေသည်လား ဆိုသည်ကို ရှင်းပြစရာ လိုမည်မထင်ပေ။ ကရုဏာ ဒေါသဆိုသည့် (ပေါင်းစပ် မရနိုင်သည့်) ဝေါဟာရသည်လည်း ကြိမ်လုံးဆရာများက သူတို့၏ အတ္တနှင့်မာနကို ကာကွယ်ရန်အတွက် အထူး တီထွင်ထားခဲ့သော ဝေါဟာရသာ ဖြစ်ဟန်တူ၏။
ရိုက်နှက်ခြင်းကို ဆန်ဖွပ်သည်နှင့် ခိုင်းနှိုင်းဥပမာ ပေးခြင်းမှာလည်း သဘာဝကျသလိုနှင့် သဘာဝမကျပါ။ ဆန်ကို ဖွပ်ရာ၌ ဆန်၌ စွဲကပ်နေသော အညစ်အကြေးများ ပြောင်စင်အောင်သာ ဖွပ်သင့်၏။ မခံနိုင်လောက် အောင် နာနာဖွပ်ပါက ကျိုးကြေ အမှုန့်ဖြစ်သွားနိုင်သည်။ ထိုအခါ မူလဆန်တန်ဖိုး အဆင့်မှ ယုတ်လျော့သွားပြီး ဆန်ကွဲ အဆင့်သို့ ရောက်သွားလိမ့်မည်။ ကြိမ်လုံးဆရာတို့၏ စေတနာတွင် ဉာဏ်မပါ ဘဲ အတ္တ၊ မာနများသာ လွှမ်းမိုးနေကြောင်းကို အထက်ပါ မလုံခြုံသည့် ဆင်ခြေများက သက်သေ ခံနေလေသည်။
တစ်လောက မိတ်ဆွေ ကျောင်းဆရာတစ်ဦးသည် အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံတွင် စာသင်ကြားသည့် အလုပ်အတွက် ၄င်းနိုင်ငံသံရုံးတွင် အင်တာဗျူး သွားဖြေဆို၏။ မိတ်ဆွေ ကျောင်းဆရာသည် အင်တာဗျူးဆရာ (နိုင်ငံခြားသား) ၏ မေးမြန်းမှု အားလုံးနီးပါးကို ဖြေဆို နိုင်သော်လည်း မေးခွန်းတစ်ခုကို မဖြေဆိုနိုင်ခဲ့သဖြင့် အလုပ် မရခဲ့ပေ။ ထိုမေးခွန်းမှာ “ကလေးစိတ်ပညာ (Child Psychology) ကို နားလည် ပါသလား” ဟူ၍ ဖြစ်၏။
ယခုအချိန်သည် ကျွန်တော်တို့ တိုင်းပြည်၌ ကြီးမားသော အပြောင်းအလဲများကို စတင်နေချိန် ဖြစ်၏။ ပညာရေး ကဏ္ဍတွင်လည်း အပြောင်းအလဲများ ပြုလုပ်နေပြီဖြစ်သည်။ ယခင်ခေတ်က “စာမတတ်သူ ပပျောက်ရေး” ကြွေးကြော်သံကဲ့သို့ ယခုအခါတွင် “ကြိမ်လုံးပပျောက်ရေး၊ ကြိမ်လုံးကိုင်သည့် ဆရာ၊ ဆရာမ ပပျောက်ရေး” ဆီသို့ ဦးတည်နေချိန် ဖြစ်၏။ ဤလိုအချိန်အခါ မျိုးတွင် ဆရာ၊ ဆရာမတချို့၏ ဆိုဆုံးမ မတတ်မှုကြောင့် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက် ကုသရသည့် ကျောင်းသားများ ရှိနေရသည်မှာ ဝမ်းနည်း ဖွယ်ပင်ဖြစ်သည်။
“အသက်ရှင်စဉ်မှာ ခေါ်ပြောနှုတ်ဆက်ပါ။ သေမှ လွမ်းသူ့ပန်းခွေကြီး ပို့တာထက် အသက်ရှင် စဉ်ပေးတဲ့ စံပယ်လေး တစ်ကုံးက ပိုပြီးအဖိုး တန်ပါတယ်။ သေမှကောင်းကြောင်းတွေ မပြောပါနဲ့။ အသက်ရှင်စဉ် ကြားသွားပါရစေ” မေတ္တာ၊ စေတနာ ကြီးမားစွာ သင်ကြား ပြသပေးခဲ့သော ဆရာမကြီး တစ်ဦး၏ အထက်ပါ သြဝါဒ ကို ဖတ်ရှုရသောအခါ ဤလိုစာမျိုး ရေးမိသည့်အတွက် စိတ်မကောင်း ဖြစ်မိသေးသည်။ သို့သော် ကျောင်းသားဘဝ တစ်လျှောက်လုံး ကြိမ်လုံးများ အောက်က စိုးရိမ်ထိတ်လန့်စွာ ဖြတ်သန်း ခဲ့ရသူမို့ စံပယ်တစ်ကုံး ပေးရမည့် ဆရာရှားပါးနေရခြင်းကို နားလည်ကြ လိမ့်မည်ဟု ထင်ပါသည်။
Written by ထွန်းစန်း
http://thevoicemyanmar.com/2/index.php/perspective/item/2983
No comments:
Post a Comment