ကလေး ၅၀ကျော် ကျောင်းတက်နေတဲ့ မူလတန်းကျောင်းလေး
“ခြေထောက်မှာ အနာတွေနဲ့ပါလား။ ဖိနပ်လည်း စီးမထားဘူး”
“ဖေဖေတို့က ၀ယ်မပေးလို့ရှင့်။ အနာတွေ ပေါက်နေတာ ကြာပြီ။ နာတယ်”
အသက် ၅နှစ်ခန့်သာ ရှိဦးမည့် ကလေးငယ်လေးက ကျွန်မ၏ အမေးများကို ဖြေသည်။ သူမ၏
ခြေထောက် သေးသေးလေးတွင် လူကြီးတစ်ယောက်၏ လက်မ၀က်ခန့်လောက်ရှိမည့်
အနာစိမ်းများကပြည့်နှက်နေ သည်။
အသားအရေ ညိုမွဲမွဲနှင့် အကျီခပ်နွမ်းနွမ်းကို
ဝတ်ဆင်ထားသော်လည်း သူမ၏ အပြုံးက မနက်ခင်းစောစော တွင် လတ်ဆတ်နေသည်။
သူမကဲ့သို့ အနာစိမ်းများ ပေါက်နေသော ကလေးငယ်များ သုံးလေးဦးခန့်ရှိလေ သည်။ “ဆေးမထည့်ဘူးလား” ဆိုတော့ “ ဆေးမှ မရှိတာ” ဟု
ကလေးငယ်များ အားလုံးက တက်ညီလက်ညီ ဖြေကြသည်။ ဖြစ်နိုင်ပါသည်။ ဒီတောတောင်၊
ဒီလမ်းခရီးနှင့် ဒီမှာနေသည့် ကလေးငယ်များ စာသင်ခွင့် ရနေသည်ကပင်
ကံကောင်းသော ဖြစ်ရပ်တစ်ခုဟုပင် ဆိုရမည်ဖြစ်သည်။
ပခုက္ကူထဲရှိ မြိုင်မြို့နှင့် ပေါက်မြို့အစပ်မှ တောတိုက်ကျောင်းဟု
ခေါ်ကြသည့် တောထဲတွင် ဖွင့်ထားသော ကျောင်းလေးများ အကြောင်းကို ဒေသခံများ
ပြောကြကတည်းက ကျွန်မသွားချင်မိသည်။ ထိုကျောင်းလေးများ ဆီသို့ သွားဖို့ရာ
လေးလလောက် ကြိုတင်ပြင်ဆင်ရသည်။ ကျွန်မ၏ အားလပ်ချိန်နှင့် လိုက်ပို့ကြမည့်
ဒေသခံ များ၏ အားလပ်ချိန်တို့ကို ညှိယူရသည့်အပြင် နွမ်းပါးလှသော
တောတိုက်ကျောင်းလေးများသို့ လှူဒါန်းကြရန် အလှူငွေ ကောက်ခံကြရခြင်းနှင့်
ကျွန်မတို့ လုပ်အားခများ ထည့်ဝင်ကြရန်လည်း ကျွန်မတို့သူငယ်ချင်းတွေ အားလုံး
လုပ်ငန်းခွင် ကိုယ်စီတွင် ကြိုးစားအားထုတ်ကြရလေသည်။
ထိုတောတိုက်ကျောင်းလေးများသို့သွားရန် ရေစကြိုမြို့မှ နံနက် ၄နာရီကတည်းက
ဆိုင်ကယ်ကို အပြင်းမောင်နှင်ခဲ့ရလေသည်။ တောရိပ် တောင်ရိပ် ရှိနေသည့်အပြင်
ဆောင်းဝင်ပြီ ဖြစ်တာကြောင့် စောစောစီးစီး မှောင်မှောင်မည်းမည်းတွင်
ကျွန်မတို့အားလုံး မေးချင်းရိုက်နေကြတော့သည်။
လမ်းခရီမည်မျှ ကြမ်းတမ်းသည်ကို မသိသော်လည်း မြိုင်အရောက်မှာတော့ ဒေသခံတွေက
သူတို့ကိုယ်တိုင် ဆိုင်ကယ်စီးပြီးလိုက်ပို့မှ ဖြစ်မည်ဆိုသောကြောင့်
ဆိုင်ကယ်အားလုံးကို ဆီဖြည့်ကာ ဒေသခံများနှင့်အတူ ခရီးဆက်ခဲ့ကြသည်။ မြိုင်မှ
တောကျောင်းလေးများရှိရာ ညောင်မရွာ၊ ကျော်ရွာနှင့် ၀ယ်တောင် မြောက်တောသို့
ရောက်ရန် ဗဟင်းရေနံမြေသို့ သွားရာလမ်းကို အသုံးပြုရလေသည်။
မြိုင်မြို့က ကျော်လိုက်ပြီဆိုသည်နှင့် လမ်းခရီးက သိသိသာသာပင်
ဆိုးရွားလာသည်။ လမ်းခုလတ်နေရာများ တွင် လမ်းပြင်နေခြင်းများကို
မြင်ရသော်လည်း အစမှ အဆုံးသို့ ပြုပြင်ခြင်းမဟုတ်ဘဲ လမ်းကိုပိုင်းခြားကာ
နေရာကွက်၍ ပြုပြင်နေသည်ကို နားမလည်နိုင်စွာ အံ့သြရလေသည်။
ယောကျာ်းကြီးတစ်ဦး၏ လက်သီးဆုပ်ခန့် ကြီးမားသည့် ကျောက်ခဲများနှင့်
ခင်ထားသော လမ်းကြောင့် ဆိုင်ကယ်စီးရသော ကျွန်မတို့မှာ တဒုန်းဒုန်း
တဒိုင်းဒိုင်းနှင့် ၀ုန်းဒိုင်းသာ ကျဲနေကြလေသည်။
တောတိုက်ကျောင်းလေးများနှင့် အနီးဆုံးဖြစ်သည့် ဆပ်လူးအိုင်ရွာကို
ကျော်ဖြတ်လာချိန်မှာတော့ လမ်း၏အခြေအနေမှာ အဆိုးရွားဆုံးဘက်သို့
ဦးတည်နေလေသည်။ ဆိုင်ကယ်တွေ ပျက်ကြ၊ လဲကြ၊ ကျွန်မတို့အားလုံး
ဖုန်တွေသဲတွေနှင့် စုတ်ပြတ်နေကြလေပြီ။ ဆိုင်ကယ် ရှစ်စီး၊ လူ
၁၆ဦးသွားသောခရီးတွင် မလဲသည့်ဆိုင်ကယ်က ခပ်ရှားရှားဖြစ်သည်။
“တောတွင်း ဆိုင်ကယ်ပြိုင်ပွဲအတွက် ဒီလမ်းမှာ ပြိုင်ခိုင်းသင့်တယ်။
ဒီလမ်းကို မောင်းနိုင်ပြီဆိုရင် တကယ့်ဆိုင်ကယ်စီး ကျွမ်းကျင်တဲ့သူ ဖြစ်ပြီ”
ဟု ကျွန်မနှင့်အတူ တောတိုက်ကျောင်းလေးများဆီသို့ အလည်လာသော GTC B-Tech
ဒုတိယနှစ်မှ ကိုကျော်ထက်အောင်က ဆိုသည်။
တမာပင်ခင်တန်းတောရိုးတိုက်ဟု အမည်ပေးထားသော်လည်း တောင်ထိပ်ကျောင်းဟုသာ
ခေါ်တွင်သည့် ကျော်ရွာမှ တောတိုက်ကျောင်းသို့ မွန်းလွဲ ၁၂နာရီကျော်ခန့်တွင်
ရောက်ခဲ့ကြသည်။ ပုံပြင်ပြောမည့် အဖွဲ့ပါလာမည်ဆိုသောကြောင့် နေ့လည်စာပင်
မစားနိုင်ဘဲ ကလေးငယ်များအားလုံး စောင့်နေကြသည်။ ရေစကြိုမြို့မှ
ပုံပြောသူများအဖွဲ့က ပူပြင်းသည့်နေရောင်အောက်တွင် လမ်းကြမ်းကြမ်းကို
ဖြတ်သန်းလာကြ သော်လည်း နည်းနည်းမှ အနားမယူဘဲ ကလေးများနှင့်အတူ
ပုံပြင်များပြောကြ၊ သီချင်းများဆိုကာ ကကြ ခုန်ကြနှင့် ပညာပေးဖျော်ဖြေရေးဟု
ခေါ်သော Edutainment ကို စတင်ကြသည်။ လေးစားလောက်သော အဖွဲ့ပင်ဖြစ်လေသည်။
မြေပြန့်တွင်နေထိုင်သော ဒေသခံတို့သည် လယ်ယာမြေရှားပါးမှုကြောင့်
လယ်မြေသစ်များချဲ့ထွင်ရင်း ယခုကဲ့သို့ တောင်တန်းများပေါ်တွင်
အခြေချနေရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ တန့်ကြည့်တောင် ၏
မြောက်ဘက်ပိုင်း တောင်ကြောဖြစ်သော ထိုရွာလေးများမှ တိုင်းရင်းသားများ၏
ဘ၀သည် လွန်စွာကြမ်းတမ်း ကြလေသည်။ တောထဲတွင်သာ နေထိုင်ကြသောကြောင့်
အိမ်သာအသုံးပြုသော အလေ့အထမရှိသည့်အပြင် ကျန်းမာရေးအတွက်
ဆေးခန်းမဆိုထားနှင့် ထမိန်အနီဝတ် သူနာပြုပင်မရှိပေ။
“နေလာကြတာ နှစ်ပေါင်း ၆၀ကျော်ပေါ့လေ။ ဘာဆေးခန်းမှ မရှိဘူး။ ဖြစ်တော့
နွားလှည်းနဲ့ သွားတယ်။ ဒါပေမယ့် လမ်းကကြမ်းတော့ သိပ်မသွားကြပါဘူး။
ဒီလိုပဲနေလိုက်တာပဲ။ သေကြတာပဲ” ဟု အသက်၆၀ကျော်ခန့်ရှိမည့်
တောင်ပေါ်ကျော်ရွာမှ ဒေသခံ ဦးထွန်းမြင့်က ဆိုသည်။
တောရိုးတိုက် ခင်တန်းတစ်ဝိုက်တွင် ပြန့်ကျဲစွာနေထိုင်ကြသည့်
တဲအိမ်လေးများမှ ကလေးငယ်များ၏ ပညာရေးအတွက် တောတိုက်ကျောင်းလေးများ
ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တောတိုက်ကျောင်းတစ်ကျောင်းတွင် တဲအိမ် ၅၀ခန့်မှ
ကလေးငယ်များ စာသင်ကြသည်ဟု ထိုရွာမှ ဒေသခံများက ပြောကြသည်။ ထိုကျောင်းလေး
လေးကျောင်းတွင် စာသင်ကြားပေးမည့် ဆရာ၊ ဆရာမများကို ငှားထားကြပြီး
ထိုရွာများ၌ပင် နေထိုင်စေသည်။ ဆရာ၊ ဆရာမများ၏လစာအတွက် ကလေးငယ်များ၏
အရေအတွက်နှင့် အချိုးချကာ မိဘများက ကျသင့်သလောက်ပေးရသည်ဟု ဆိုသည်။
ကလေးငယ်တစ်ယောက်အတွက် တစ်လစာ ကျောင်းလခကား ငွေကျပ် ၃၀၀၀ထက် မနည်းကြောင်း
ကျောင်းသားမိဘတစ်ဦးက ပြောသည်။
“ဒီတောင်ပေါ်မှာ ၀ါးပေါတယ်လေ။ နွားလှည်းတစ်စီးစာနဲ့တိုက်ပြီး
မြိုင်သွားရောင်းရင် ၂၅၀၀၀ ရတယ်”ဟု ညောင်မရွာမှ ရွာသားတစ်ဦးက ကလေးများ၏
ကျောင်းစရိတ်အတွက် ဖြေရှင်းရပုံကို ပြောပြလေသည်။
မြိုင်မြို့နှင့် ထိုရွာလေးများသည် မိုင်၃၀နီးပါးဝေးသည့်အပြင် လမ်းခရီးသည်
အကွေ့အကောက် အတက်အဆင်း အလွန်များပြားပြီး ကျောက်တုံးကြီးများ ပေါသည့်အပြင်
ရွံ့ညွှန်ထူထပ်လေသည်။ မိုးရွာပြီဆိုလျှင်တောင်နံရံများ ပြိုကျတတ်သည့်အတွက်
လမ်းခရီးမှာ ပိုမိုခက်ခဲတတ်လေသည်။ ထိုခရီးများကို ဖြတ်သန်းကျော်ဖြတ်ကာ
သားသမီးများ၏ ပညာရေးအတွက် ကြိုးစားရုန်းကန် ဖြေရှင်းနေကြရသည့် တောင်သူများ၏
မိဘမေတ္တာကား အံ့သြဖွယ် ကောင်းလှပေသည်။
တောင်တောင်ထဲတွင် ဖွင့်လှစ်ရပ်တည်နေသည့် ကျောင်းလေးများကို UNICEF မှ
ဖတ်စာအုပ်၊ ဗလာစာအုပ် အပြင် ခဲတံ၊ ဘောပင် စသည်တို့ကို ထောက်ပံ့ပေးသော်လည်း
အနည်းပိုဝေးပြီး အလွန်လမ်းကြမ်းသည့် ဆပ်လူးအိုင်ကျောင်းလေးမှာ
မရနိုင်ရှာပေ။
ဆပ်လူးအိုင်ကျောင်းလေးသည် ခရစ်နှစ် ၂၀၀၀ ကတည်းက စတင်ဖွင့်လှစ်ထားပြီး
သက်တမ်း ၁၂နှစ်ရှိပြီဖြစ် သော်လည်း ကလေးငယ်များက ၀ါးကြမ်းခင်းပေါ်တွင်
ဝမ်းလျားမှောက်ကာ စာသင်နေရဆဲဖြစ်လေသည်။ မြိုင်မြို့မှ ကျူရှင်ဆရာလေးများ၏
စိတ်အားထက်သန်သည့် ပရဟိတစိတ်ကြောင့် ယခုအခါ ခုံပုလေး ၁၀လုံးလောက်
ရှိနေခဲ့ပြီဖြစ်သည်။ ထို့ပြင် ဆပ်လူးအိုင်မူလတန်းကျောင်းလေးကို
အစိုးရအသိအမှတ်ပြု ကျောင်းလေးဖြစ်ရန် ပေါက်မြို့နယ်ထဲတွင် အကြွေးဖြင့်
မြေကွက်ဝယ်ကာ တည်ထောင်ရပြန်သည်။ ခင်တန်းတစ်ဝိုက်တွင် ရှိကြသည့် တဲ ၃၅လုံးမှ
ကလေးငယ်များ၏ ပညာရေးအတွက် ဒေသခံများနှင့် မြိုင်မြို့မှ
ကျူရှင်ဆရာလေးများ၏ ကြိုးစားအားထုတ်မှုသည် ကြားရသူတိုင်း
ကြက်သီးထလောက်စရာပင်ဖြစ်သည်။
“ကျွန်တော်တို့အားလုံး တက်ညီလက်ညီနဲ့ ကြိုးစားကြရင် ဒီတောထဲက ကျောင်းလေးတွေ
ပြည့်စုံလာမှာပါ။ အခုလိုအမိုးမရှိ အကာမရှိတဲ့ ကျောင်းလေးကို တွေ့တိုင်း
တာဝန်မကျေဘူးဆိုတဲ့ စိတ်နဲ့ ကျွန်တော်ရှက်မိတယ်။ ကျွန်တော်တို့လည်း
အလှူရှင်ရဖို့ ကြိုးစားမယ်။ ဒီဒေသခံဖြစ်တဲ့ ရွာကလူတွေအားလုံးကလည်း အလှူရှင်
ရမှလုပ်မယ်ဆိုတဲ့ စိတ်မမွေးဘဲ တတ်နိုင်တဲ့ ဘက်တာဝန်ယူကြပါ” ဟု
ကျောင်တစ်ကျောင်းသို့ ရောက်တိုင်း ရွာသူရွာသားများကို အားပေးစကားပြောတတ်သော
မြိုင်မြို့က ဆရာဦးနိုင်ထူး၏ စကားများကို ကြားယောင်း ရင်း ဆရာ့ကို
လေးစားကြည်ညိုမိသည်။
ဆိုင်ကယ်များ အကြိမ်ကြိမ်လဲပြိုကြရင်း တောင်ကုန်း တောင်တက်များကို
ဖြတ်ကျော်ကြရင်း နောက်ဆုံး ကျောင်းလေးဖြစ်သည့် ၀ယ်တောင်ရွာမှ
သပြေညိုကျောင်းသို့ ကျွန်မတို့အားလုံးရောက်ရှိချိန်တွင် ညနေ
၆နာရီခွဲသွားခဲ့ပြီ ဖြစ်သည်။ တောတောင်ထဲဖြစ်သောကြောင့်
နေစောင်းပြီဆိုသည်နှင့် အအေးဓါတ်က လွန်ကဲ လာခဲ့ပြီဖြစ်သည်။ နံနက်
၉နာရီကတည်းက ပုံပြင်များနားထောင်ရန် စောင့်နေကြသော ကလေးငယ်တို့လည်း
အိမ်ပြန်သွားကြပြီ။ ညနေ၅နာရီအထိ ဇွဲရှိရှိနှင့် စောင့်ဆိုင်းနေခဲ့သော
ကလေးငယ်များကို ထပ်ဆုံချင်သေးတာ ကြောင့် ညတွင်းချင်း အိမ်ပြန်မည့်
အစီအစဉ်ကို ဖျက်သိမ်းကာ အနီးဆုံးရွာဖြစ်သည့် ဆင်စွယ်ရွာတွင် ညအိပ် ရန်
စီစဉ်ကြသည်။
ရေစကြိုမြို့၏ ပုံပြောသူများအဖွဲ့မှ အဖွဲ့သားများကလည်း
အိမ်များကိုဖုန်းဆက်ကာ ခွင့်တောင်းကြ၊ အဆူခံကြရနှင့် အလုပ်များ
ရှုတ်ရှပ်ခတ်နေကြသည်။ ကျွန်မတို့ နားခိုမည့် ဆင်စွယ်ရွာမှ
ဘုန်းကြီးကျောင်းသို့ ရောက်ချိန်တွင် ည ၁၁နာရီကျော်ပြီဖြစ်သည်။
ရာသီဥတုကလည်း အလွန်အေးခဲနေပြီ။ တစ်နေကုန် ပင်ပန်းခဲ့ တာကြောင့်
ကျောင်းထိုင်ဆရာတော် ပြင်ထားပေးသည့် နေရာအရောက်မှာ ကျွန်မတို့အားလုံး
အရုပ်ကြိုးပြတ် အနားယူနေကြသော်လည်း ပုံပြောသူများအဖွဲ့(ရေစကြို)မှ
လူငယ်များကတော့ အနားမယူကြဘဲ ပုံပြင်အသစ် များပြောရန် လေ့ကျင့်နေကြလေသည်။
တကယ့်ကို မွန်မြတ်ကာ ကလေးများအပေါ်ထားသည့် စေတနာကြီးမား လှသော
နှလုံးသားပိုင်ရှင်များ ဖြစ်ကြလေသည်။
နံနက်၈နာရီ ထိုးပြီဆိုသည်နှင့် သပြေညိုကျောင်းသို့ ကျွန်မတို့ခရီးစဉ်
ပြန်လည်စတင်ခဲ့သည်။ မြင်ရသည့် မြင်ကွင်းမှာ အေးချမ်းလှသည်။ ပြန့်ပြူးနေသည့်
မြေကွက်လပ်ပေါ်တွင် ကလေးငယ်များ ၃၀ကျော်ခန့် လက်ပိုက်ကာ ထိုင်နေကြသည်။
ချစ်စဖွယ်တောင်ပေါ်နေ ရိုးသားသည့် မျက်နှာလေးများက နံနက်ခင်းမှာ
ပိုပြီးကျက်သရေ ရှိလှသည်။ ထိုကလေးငယ် ၃၀ ကျော်ခန့်ထဲမှ အနာစိမ်းများ
ပေါက်နေသည့် ကလေးငယ်များ ကို ကျွန်မတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပုံပြောသူများအဖွဲ့( ရေစကြို)က ကလေးယ်များနှင့်အတူ ပုံပြင်များပြောလိုက်
သီချင်းများဆိုလိုက်နှင့် ခုန်ပေါက်နေကြသော်လည်း ကျွန်မနားထဲတွင်
ကလေးမလေးပြောသည့် “ ဖိနပ်မရှိဘူး။ ဆေးမရှိဘူး။ အနာတွေက နာတယ်”
ဆိုသည့်စကားများသာ အထပ်ထပ်ကြားယောင်နေမိသည်။
ကျွန်မတို့ပြန်ရန် ဆိုင်ကယ်များရွှေ့ကြစဉ် ကလေးငယ်များနှုတ်ဆက်သည်ကို ကြည့်ကာ
ကျွန်မရင်ထဲ၌ “ဒီနေရာလေးဆီ ကျွန်မပြန်လာမည်။ ဒီကျောင်းလေးတွေအတွက် ကျွန်မ
အစွမ်းကုန် ကြိုးစားပေးမည်” ဆိုသည့် သံဓိဌာန်က ပဲ့တင်ထပ်နေသည်။
ထိုတောတိုက်ကျောင်းလေး လေးကျောင်းအတွက် မြိုင်မြို့မှ စေတနာ့ဝန်ထမ်းများ၏
အလှူရှင်ရှာဖွေပုံက ထူးခြားလှသည်။ တောတိုက်ကျောင်းလေးများအကြောင်း
ရေးသားထားသည့် ဆောင်းပါးနှင့် ဓါတ်ပုံများကို ပြကာ စိတ်ဝင်စားလျှင်
အပင်ပန်းခံကာ ထိုကျောင်းလေးများဆီသို့ လိုက်ပို့ကြတော့သည်။
အကျိုးအမြတ်တစ်စုံတစ်ရာမျှ မမျှော်လင့်ဘဲ ကျောင်းလေးများအပေါ်ထားသည့်
မေတ္တာတရားကြီးမားကြသည်။ ဆက်သွယ်လိုပါက မြိုင်မြို့- ၀၉၄၇၂၂၄၈၈၄၊
၀၉၄၀၁၅၀၄၅၅၆။ ရေစကြိုမြို့- ၀၆၂-၃၀၅၈၈။ ရန်ကုန်- ၀၉၇၃၀၆၅၃၅၇ သို့
လှူဒါန်းနိုင်သည်။
“ကလေးတွေကို မြင်ပြီး စိတ်မကောင်းဖြစ်မိတယ်။ သူတို့ဘ၀တွေ ပြောင်းလဲအောင်
ဘာမှမလုပ်ပေးနိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တတ်နိုင်သလောက်
အလှူရှင်ရှာပေးမယ်” ဟု ရေစကြိုပုံပြောသူများအဖွဲ့မှ AGTI ကျောင်းဆင်း
ကိုကျော်သူသူက သူ၏ခံစားချက်ကို ပြောပြသည်။
ပခုက္ကူမှ ရန်ကုန်ပြန်ရန် အဝေးပြေးကားပေါ် ကျွန်မရောက်ရှိနေချိန်တွင်
ည၈နာရီကျော်ပြီဖြစ်သည်။ မှန်လုံကားထဲမှ ဖွင့်ထားသော
နောက်ဆုံးပေါ်ခေတ်သီချင်းများကို ကျွန်မမကြားနိုင်ပေ။ ကျွန်မ၏ နားထဲတွင်
တစ်ခုသော အသံသာ စိုးမိုးလို့နေသည်။ ထိုအသံကား…..
“ ဖိနပ်မရှိဘူး။ ဆေးမရှိဘူး။ အနာတွေက နာတယ်….”
ခင်နှင်းကြည်သာ၊ လင်းစေသော်
No comments:
Post a Comment