Friday, 2 November 2012

ပေးကားပေး၏ မဝရှာတဲ့ … နွမ်းလျရွက်ရွှေဝါတို့ရဲ့ ဘဝရုပ်သွင်များ

ဗမာပြည်မှာက ဝန်ထမ်းတယောက်ဟာ အထက်က စေခိုင်းတာတွေကို ကျေပွန်အောင် ဆောင်ရွက်ကြရပါတယ်။ ဝန် ထမ်းတယောက် ဖြစ်ဖို့လည်း မလွယ်လှပါဘူး။ ဗမာပြည်မှာ အနည်းဆုံး ဆယ်တန်းအောင်မှ အလုပ်ရကြပါတယ်။ မြေပြန့် ဒေသက ဝေးလံတဲ့ နေရာတွေမှာ ဒေသမရွေး လျှောက်ထားပြီး စွန့်စားသွားလာ လုပ်ကိုင်ကြရပါတယ်။ အမျိုးသမီးတွေ ဟာ အမျိုးသားများနဲ့ ရင်ဘောင်တန်း လုပ်ကြတာ ပညာရေးဌာန မှာ အများအပြားပါပဲ။ ဘွဲ့ရပြီးတဲ့ မိန်းကလေးတော် တော်များများဟာ ပြည်နယ်တွေမှာ အောက်ခြေဝန်ထမ်းတောင် လုပ်ရတယ်။ အထက်တန်းပြ၊ အလယ်တန်းကျောင်းအုပ်၊ အထက်တန်းကျောင်းအုပ်၊ မြို့နယ်ပညာ ရေးမှူးတွေ ရာထူးလိုချင်ကြလို့ ပြည်နယ်တွေ၊ သွားလာရေးခက်ခဲတဲ့ ဒေသ တွေမှာ ဒုက္ခတွေ ပင်လယ်ဝေနေရတယ်။ ဝေးလံတဲ့ဒေသမှာ ခက်ခက်ခဲခဲ သွားလာနေထိုင်ရတာကို တခါတရံ အမှားအ ယွင်းတွေ့ပါက ကိုယ်ချင်းစာနာမှု မရှိ၊  ပင်စင်ယူခါနီး အိုကြီးအိုမ အဆူခံရပါသေးတယ်။
ပင်စင်ဆိုလို့ ပြောရဦးမယ်။ ဝန်ထမ်းတွေဟာ အသက် ၆ဝ ပြည့်ရင် သက်ပြည့်ပင်စင်ဆိုပြီး အနားယူခွင့်ရပါတယ်။ ဒါ့အ ပြင် ဝန်ထမ်းလစာနဲ့ မလောက်ငကြလို့ တော်တော်များများဟာ ဆရာဝန်နဲ့ ပူးပေါင်းပြီး ဆေးလက်မှတ်နဲ့ ဆေးပင်စင်ယူ ကြတယ်။ နောက်ပိုင်း သိပ်မပေးတော့ပါဘူး။ နောက်တခုက မိသားစုပင်စင်ပါ။ အဲဒါကတော့ ဝန်ထမ်းတယောက်ဟာ အသက်မပြည့်ခင် ကွယ်လွန်သွားပါက ဇနီး၊ ခင်ပွန်း၊ သား၊ သမီးတွေဟာ မိသားစုပင်စင် ခံစားခွင့်ရှိပါတယ်။
ဒီပင်စင်ကိစ္စမှာ တချို့ရုံး(ပညာရေးမှူးရုံး) လိုင်းကိုင်စာရေးတွေက ပင်စင်ယူခါနီး ဆရာအို၊ ဆရာမ အိုကြီးတွေကို မြန် မြန်ဆန်ဆန် ဆောင်ရွက်မပေးကြတာကို စိတ်မကောင်းစရာ တွေ့ရပါတယ်။ ပင်စင်အမှုတွဲတခုဟာ အများကြီးးဖြည့်ရတာ တော့ မှန်ပါတယ်။ ပညာရေးဝန်ကြီးဌာနကပေးတဲ့ စာအုပ်တွေထဲမှာ ပင်စင်ပုံစံတွေ ရှိပါတယ်။ ဒီလို ပုံစံတွေနဲ့ လုပ်ကိုင် ဆောင်ရွက်ပေးလိုက်ရင် လွယ်လွယ်ကူကူရှိပေမယ့် တချို့ ပညာရေးမှူးတွေ၊ အထူးသဖြင့် ကျွမ်းကျင် (၆) လို့ခေါ်တဲ့ ရုံးအုပ်ကြီးတွေက ခက်ခဲနေကြတာပါ။ ရုံးလာသမျှ ဝန်ထမ်းတွေကို သူတို့က ပညာပြနေတယ်။ အဆိုးရွားဆုံးကတော့ ကျွမ်း (၆) တွေ ဖြစ်ပါတယ်။ အဲဒီကျွမ်းကျင် (၆) တွေက ပညာရေးမှုးတွေကို တိုင်ကြတောကြတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း မြို့နယ်တခုမှာ ကျွမ်း (၆) ဆိုတဲ့ မိန်းမကြောင့် လူတော် ပညာရေးမှူးတယောက် တာဝန်မှ ပင်စင်ပေး ခံရဖူး ပါတယ်။ မြို့နယ်တခုလုံးက သူတို့ကို ဘာလို့ ကြောက်နေကြသလဲ မသိဘူး။ တကယ်တော့ စာရေးအဆင့်ပါပဲ။
တခါတုန်းက ပညာရေးမှူးရုံးတရုံးမှာ မူလတန်းကျောင်းအုပ်ကြီးတယောက်က တော်တော်နဲ့ သူ့ပင်စင်အမှုတွဲ မပြီးတော့ ကြောက်ကြောက်နဲ့ ပညာရေးမှူးရုံးခန်း ရောက်လာပါတယ်။ ပညာရေးမှူး ဆရာမကြီးကလည်း မထင်ရင် မထင်သလို အော်တတ်တော့ ကြောက်ကြပါတယ်။ ဒါနဲ့ ပညာရေးမှူးက စစ်ဆေးမေးမြန်းတော့ လိုင်းကိုင်စာရေးက အမှုတွဲကို ၆ လ ကြိုတင်ပြင်ဆင်ရပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းနေပါတယ်လို့ ဖြေပါတယ်။ မှန်ပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေက များပြားပြီး ပြည့်စုံမှန်ကန်ဖို့ အလွန်အရေးကြီးပါတယ်။ အမှုထမ်းစာအုပ်ကို နှစ်စဉ် (သို့မဟုတ်) ရာထူးတိုး၊ အပြောင်းအရွှေ့၊ နှစ်တိုး၊ လစာနှုန်းပြောင်း စတာတွေမှာ ကျောင်းအုပ်ကြီးများက လက်မှတ်ထိုးရပါတယ်။ ဝေးလံလှတဲ့ကျောင်းတွေမှာ ကျောင်းအုပ်တွေက ခဏခဏပြောင်း၊ ကျောင်းလုပ်ငန်းတွေ ပေါ့ဆနေတော့ ဝန်ထမ်းတွေ နစ်နာကြပါတယ်။ တာဝန်ထမ်းဆောင်စဉ်ကာလမှာ ပြဿနာမရှိပေမယ့် ပင်စင်မှာ ကြံ့ကြာတော့တာပေါ့။ အခုနောက်ပိုင်း တိုင်း၊ ပြည်နယ်တွေမှာ ပင်စင်ဌာနတွေဖွင့်ထားတော့ တော်သေးတာပေါ့။
တခါက အရာရှိအဆင့်ရှိတဲ့ ဝန်ထမ်းဟာ ပင်စင်တင်တဲ့အခါ နိုင်ငံတော်က ပေးသနားသော မဖြစ်စလောက်ချေးငွေကို ပေးသွင်းပြီးဖြစ်ကြောင်း မြန်မာ့စီးပွားရေဘဏ်မှ စာပေးပို့ရပါတယ်။ အဲဒီဝန်ထမ်း က မြို့တမြို့မှာ ချေးငွေကို ချေးတယ်။ နောက်မြို့နယ်တခုမှာ ချေးငွေတဝက် ဆပ်ရတယ်။ နောက်ဆုံး သူ ပြောင်းသွားတဲ့ မြို့နယ်ရဲ့ ဘဏ်မှာ သူ့အမှုတွဲ ရောက် နေပါတယ်။ သူဟာ ကျန်ငွေ ငါးထောင်ကို ဘဏ် မှာပေးသွင်းပြီး ပင်စင်ဌာနကို ပေးပို့ရပါတယ်။ ဆိုလိုတာက သူ့လို အရာ ရှိအဆင့်ရှိသူက ရုံးလုပ်ငန်းများကို ကျွမ်းကျင်တော့ အခက်အခဲမရှိပါဘူး။ ရုံးလုပ်ငန်း မသိသူတွေမှာ တော်တော်ခက်ခဲပါ တယ်။
ပင်စင်စားတယောက်ဟာ ပင်စင်ဥပဒေအရ ကရုဏာကြေးဆိုတာ ခံစားခွင့်ရှိပါတယ်၊ အဲဒီကရုဏာကြေးဟာ လုပ်သက်နဲ့ လစာအပေါ် မူတည်ထားတဲ့ တွက်နည်းအရ ခံစားရပါတယ်။ ဆရာမ တယောက်ဟာ ကရုဏာကြေး (၁၆) သိန်း ရရှိပါ တယ်။ ဒီဆရာမဟာ အသက်၂ဝက စပြီး မူလတန်းပြနဲ့ တောမှာ လုပ်ခဲ့ရတာပါ။ ပြည်နယ်တခုမှာ အလယ်တန်း ကျောင်း အုပ်ဘဝ ပင်စင်ယူတော့ ပင်စင်ခံစားခွင့်လေး မျှော်နေတုန်း ကရုဏာာကြေး (၆သိန်း) ခံစားခွင့်ကို မိမိနေထိုင်ရာဒေသ ဘဏ်မှာ ထုတ်ယူနိုင်တယ်လို့ စာတိုက်က စာရောက်လာပါတယ်။ ကဲ-ကြည့်ကြပါဦး။ (၁၆) သိန်းကနေ (၆) သိန်း ဘယ် လို ဖြစ်သွားရပါလိမ့်။ (၁ဝ) သိန်းဆိုတဲ့ အရေးအတွက် မနည်းလှတဲ့ငွေဟာ မျက်လှည့်ပြလိုက်သလို ပျောက်ကွယ်သွား ပါပေါ့လား၊ တာဝန်ရှိတဲ့ ဘုန်းရှိန်လို့ လက်မှတ်ထိုးထားတဲ့ ဗိုလ်လူထွက် အရာရှိက (၁) ဂဏန်းလေး ကျနေတာပါတဲ့။ အဲဒီ (၁)ကလေးက တသက်လုံး သေလုမတတ် လုပ်ခဲ့ရတဲ့အတွက်  ခံစားသင့် ခံစားထိုက်တဲ့ (၁ဝ)သိန်းပါ။ ကိုယ့်အမှားကို မှားကြောင်း ဝန်မခံတတ်တဲ့သူတွေပါ။ စာနာထောက်ထားလိုစိတ် ခေါင်းပါးတဲ့သူတွေပါ။ အခြားဌာနဆိုရင်ထားပါတော့။ ကိုယ့်ကို ငယ်စဉ်က သင်ကြားပေးလိုက်တဲ့ ကံ့ကူလက်လှည့် ဆရာသမားတွေကို လုပ်ရက်ပါပေ့ကွယ်။
ဗမာပြည်မှာ ၂ဝ၁၁ ခုနှစ်။ ဇွန်လလောက်က အိုကြီးအိုမ ဝန်ထမ်းဟောင်းတွေအတွက် ပင်စင်တွေတိုးတယ်ဆိုတဲ့ သတင်း စကား ကြားကြရပါတယ်၊ ပင်စင်စားတွေ မေးကြမြန်းကြပေါ့။ အဲဒီမေးတဲ့အထဲမှာ “လား” ပေါင်း များစွာပေါ့။ တချို့က ကိုယ်ပါ-မပါ။ တချို့က ငွေဘယ်လောက်ရမှာလဲ။ ကောလာဟလတွေက ခဏခဏဆိုတော့ မယုံတဝက် ယုံတဝက်။ ယုံ ရခက်နေတာပေါ့။ ရိပ်သာမှာ နေ့တိုင်းဆုံကြတော့ တရားနားရင်ပြောကြပြီ။ ပင်စင်စားတွေဆိုတာကလည်း ဒါလောက်ပေါ များမှန်း အဲဒီတော့မှ သတိထားလိုက်မိပါတယ်။ ဆရာမ အပျိုကြီးမမရဲ့ ဖြစ်ထွေကို ပြောပါဦးမယ်။ သူမက အထက်တန်း ကျောင်းအုပ်ဘဝနဲ့ ပင်စင်ယူခဲ့တာပါ။ ပင်စင်လစာတွေ တိုးတယ်ဆိုတော့ “ဟဲ့-မြမြ၊ ငါ့ကို သတင်းစာရှာပေးစမ်း”တဲ့။ “မမမြင့်- သတင်းစာထဲ မပါသေးဘူး။ ရေဒီယိုတွေ တီဗွီတွေက မိခင်ဌာနနဲ့ အမြန်ဆုံးဆက်သွယ်ပါလို့ အော်နေတာ၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက စာနံပါတ်မထွက်သေးဘူးလို့ ပြန်ဖြေလိုက်ရတယ်။ ဆိုလိုတာက သေသေချာချာ စီစဉ် မထားဘဲ ပရမ်းပတာနဲ့ စစ်အစိုးရနာမည် ကောင်းရအောင် အော်တာပါ။ ကြားသိရတာက သူရရွှေမန်းရဲ့ နှုတ်ချွေစကား အရ ဒီငွေတွေ ပေးနိုင်အောင် စီမံကိန်းတချို့ကို ရပ်ထားရမယ်တဲ့။ ဝန်ထမ်းတွေမှာတော့ မစားရသေးခင်က ပျော်နေကြ တာပေါ့။ အော် .. သူ့ခမျာများ မက်မောကြတာပေါ့။
တက္ကသိုလ်၊သမိုင်းဌာနမှကထိကဆရာမကပြောရှာတယ်။ သူမရတဲ့ ပင်စင်လစာဟာ (၂ဝဝဝ) ကျပ်သာရတယ်တဲ့။ ဘဏ် ရှိတဲ့မြို့ကိုသွားတော့ ကားခအပြန်အသွားတထောင်ကျတယ်တဲ့။ မုန့်ဝယ်စားတော့ ဘာကျန်သလဲတဲ့။ ဒါက ငွေကြေး တတ်နိုင်တဲ့သူတွေတောင်မှ ဘဝနေဝင်ချိန်မှာ ပင်စင်ဆိုတာကြောင့် အခက်အခဲတွေနဲ့ မရှောင်သာ မတိမ်းသာ တွေ့နေ ကြရကြောင်း ပြောပြချင်တာပါ။ မိသားစုအားလုံး ဖခင်ရဲ့ ဝင်ငွေကိုသာ မှီခိုစားသောက်ကြရတဲ့ အောက်ခြေဝန်ထမ်း တချို့ ဆိုရင် ပင်စင်ယူတဲ့အချိန်မှာ နေစရာ၊ စားစရာ အတော်ခက်ခဲကြပါတယ်။ မယက၊ ရယက စာရေးမတယောက်ဆိုရင် ငွေ ကြေးအဆင်မပြေလို့ လစဉ်ဖွင့်တဲ့ တရားစခန်းတွေမှာ ညအိပ်တရားစခန်း မဝင်နိုင်ပါဘူး။ သူရဲ့လစာကလည်း ရာဂဏန်း ဆိုတော့ သူ့ခမျာ စားဖို့တောင် အနိုင်နိုင်ပေါ့။ ဦးလေးကပြောတယ်။ ငါ့တူမရဲ့ ပင်စင်က တလ ၅သောင်းဆိုတော့ သုံးလို့ ဖြစ်သေးတာပေါ့။ ငါ့ပင်စင်ဘယ်လောက်ရသလဲ-သိလားတဲ့။ ၂ဝဝ၆ မတိုင်ခင်က ပင်စင်ယူတာဆိုတော့ ဦးလေးမှာ ၄ ထောင်ကျော်ပဲ ရမှာပေါ့။ အဲဒီဦးလေးဟာ တချိန်တုန်ုံးက ဗမာပြည်အလယ်ပိုင်း၊ မြို့တမြို့ အထက်တန်းကျောင်း တကျောင်းမှာ အလွန်စည်းကမ်းကောင်းပြီး နှစ်ပေါင်းများစွာ ပညာရေးအောင်မြင်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သူ ကျောင်းအုပ်ကြီးတဦး ဖြစ်ပါတယ်။ သူဟာ စိတ်ရင်းစေတနာ အလွန်ကောင်းသူ ဖြစ်တယ်။ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးအဆင့်ရောက်ပြီးတဲ့နောက် ပင်စင်ယူခဲ့တဲ့ ဦးလေးဖြစ်သူရဲ့ ပင်စင်လစာငွေဟာ ကျပ် ၄ဝဝဝ မျှသာတဲ့။
ပင်စင်စားတွေဟာ လစာကို လစဉ်လည်း ထုတ်လို့ ရပါတယ်။ ၃လ၊ ၄လ၊ ၆လ ပေါင်းထုတ်လည်း ရပါတယ်။ တချို့ဆိုရင် ရောင်းစားထားကြပါတယ်။ အထူးသဖြင့် တပ်မတော်သားပင်စင်တွေဟာ နိုင်ငံတော်ကို လှူဒါန်းထားတာများတယ်လို့ ကြားသိရပါတယ်။ သူတို့ တပ်မတော်ပင်စင်နဲ့ အခြားဌာနဆိုင်ရာ ပင်စင်ဆိုတာတွေကလည်း မတူပါဘူး၊ သာမန်ဝန်ထမ်း များရဲ့ ပင်စင်တွက်ချက်ပုံက (လုပ်သက်၊ နောက် ဆုံးထုတ်လစာ) ပေါ် မူတည်တွက်ချက်ရပါတယ်။ ယေဘုယျအားဖြင့် မူလလစာရဲ့ တဝက်လောက်ပဲ ရပါတယ်။ စစ်တပ်က ပင်စင်လစာ၊ မူရင်းလစာတွေဟာ သာမန်ထက်များနေတော့ စစ် တပ်ထဲက ရင်းနှီးတဲ့ သူငယ်ချင်းတွေက ဆရာ၊ ဆရာမတွေကို ကရုဏာသက်ကြောင်းပြောကြတာ မကြာခဏ ကြားရ တယ်။ ဒါက မြင်သာလာအောင် တင်ပြတာပါ။ ဝန်ထမ်းချင်းအတူတူ သူတို့လူတွေကျတော့ တလေးသာကြောင်း နှိုင်းယှဉ် ပြတာပါ။ နောက်ပြီး သူတို့ရဲ့ ဒုက္ခိတ (မသန်မစွမ်း) စစ်သည်ဟောင်းတွေကို ဝန်ထမ်းတွေနေရာမှာ ပြန်ခန့်တာလည်း ရှိ တယ်။ စစ်အစိုးရဟာ သူ့ရဲ့ဝန်ထမ်းတွေကို အခြားဝန်ထမ်းတွေထက် ခံစားခွင့်ပိုပေးပါတယ်။ စစ်တပ်က ဝန်ထမ်းချင်းမှာ လည်း ရာထူးကြီးတွေကျတော့  မြို့ကြီးတွေကနေရာကောင်းတွေ၊ မြေကွက်တွေ၊ ဆိုင်ခန်းတွေကအစ၊ မီနီမားကက်တွေ အထိ သူတို့ ပိုင်ဆိုင်ကြတယ်။ သာမန်စစ်သားတွေမှာတော့ ပင်စင်ယူရပြီဆိုရင် နေစရာအခက်အခဲတွေ ရှိရုံမက သား၊ သမီးလေးတွေဆိုရင် အလုပ်လက်မဲ့လေးတွေ ဖြစ်နေကြပါတယ်။
ပင်စင်နဲ့ ပတ်သက်လို့ နောက်ထပ်ရေးချင်တဲ့ အချက်တချက်ကတော့ ၂ဝ၁၁ ခု ပင်စင်လစာတိုးစဉ်က ဖြစ်ခဲ့ကြတဲ့ဖြစ် ရပ်တွေပါ။ မိခင်ဌာနနဲ့ ဆက်သွယ်ရမယ်ဆိုတော့ ပညာရေးမှူးဆီကို သွားကြတာပေါ့။ ပညာရေးမှူးဆိုတဲ့ မယ်မင်းကြီး မက စကားကို မပြောချင်သလိုလို။ မအားသလိုလို ပုံဖမ်းနေတယ်။ တချိန်တုန်းက ပြည်နယ်မှာ သူပညာရေးမှူး ဖြစ်လာ တော့ အားလုံးကူညီခဲ့တာပါ။ ဒီလိုပါပဲ၊ ရုံးစာရေးလေးတွေကို မေးတော့လည်း မသိဘူးလို့ ပြောတယ်။ ဒါနဲ့ မြန်မာ့စီးပွား ရေးဘဏ် သွားမေးတော့လည်း ညွှန်ကြားချက်မလာသေးကြောင်း ပြောတယ်။ နောက်တော့ ပင်စင်စာအုပ်တွေကို ပညာ ရေးမှူးရုံးကို ပို့ရမှာဖြစ်လို့ ဘဏ်စာရေးမလေးတွေက ငွေလာထုတ်ဖို့ ခေါ်ပါတယ်။ အဲဒီနောက် ပင်စင်ထုတ်တဲ့ ဘဏ်စာ အုပ်အဝါရောင်လေးကို ပညာရေးမှူးရုံးသို့ ပို့ရတယ်။ ပို့တော့ မှတ်မှတ်ရရ ဇူလိုင် ၁၉ ရက်နဲ့ တိုက်ဆိုင်နေတာကြောင့် ၂ဝ ရက်နေ့မှာ သွားပါတယ်။ ရုံးမှာ ပညာရေးဌာနက လူဦးရေများတာကြောင့် လူ တော်တော်များများကို တွေ့ပါတယ်။ ရုံးက စာရေးလေးတွေကို ဘယ်သူတာဝန်ခံလဲမေးတော့ စောစောကလိုပဲ  ကောင်းကောင်းပြောပေးတဲ့သူ မရှိပါဘူး။ တော်တော် များများအပေါ် သူတို့လေးတွေ ဒီလို ဆက်ဆံကြသလားလို့ တွေးမိပါတယ်။ မိမိရဲ့ ပင်စင်စာအုပ်ကို ပညာရေးမှူး မရှိလို့ ရုံးအုပ်ကြီးကိုပြောပြီး ထားခဲ့ရပေမယ့် စိတ်မချပါဘူး။ ကိုယ်ပေးထားတဲ့ အချက်အလက်တွေက ပြည့်စုံရဲ့လား။ ကိုယ် ကိုယ်တိုင်က တိကျချင်တဲ့သူဆိုတော့ သူတို့က စာရင်းအင်းနဲ့ လက်ခံထားတာမဟုတ်တဲ့အတွက် စိတ်ပူနေမိတယ်။
ပညာရေးဌာနနဲ့ အခြားဌာနတွေက မတူကြဘူး။ ပညာရေးဌာနကလူများလို့လား။ အလုပ်မအားကြလို့လား မသိဘူး။ တာ ဝန်ခံ ဆောင်ရွက်မပေးဘူး။ အခြားဌာနတွေက ပင်စင်ကိစ္စ လုပ်ပေးတယ်။ ပြဿနာတွေကတော့ အများကြီးပါပဲ။ အချို့ ဆိုရင် ခင်ပွန်းသည်သေဆုံးပြီး မိသားစုပင်စင်လေးက မဖြစ်စလောက် ဆယ်ဂဏန်းလေးရပါတယ်။ အဲဒီတော့ သားသမီး တွေနဲ့ ရရာအလုပ်ကလေး လုပ်ကိုင်စားနေရတယ်။ အခုပင်စင်ကလေးက ထောင်ဂဏန်းရမယ်ဆိုတော့ လိုချင်ကြတာ ပေါ့။ စာရေးသူကိုလာမေးတော့ မိခင်ဌာနကို ဆက်သွယ်ပါ။ အကြမ်းဖျင်းကတော့ သေစာရင်း၊ မိသားစုပင်စင်ပုံစံ စတာ တွေ ဖြည့်ရဦးမှာ။ ကြာတော့ကြာမယ် ဒါပေမဲ့ရမှာပါလို့ ပြန်ဖြေခဲ့ရတယ်။ ပင်စင်လစာက မရသေးဘဲ ကြာနေတော့ ရပါ မလားလို့ အားလျှော့သံနဲ့ မကြာမကြာပြောရှာတော့ အားပေးနေရပါတယ်။ အော် ကြုံရဆုံရဘုံဘဝမှာ အသက်တရာ မနေရ- အမှုတရာတွေ့နေရတဲ့ တို့များရဲ့ ဘဝပါလားလို့ သံဝေဂတရားရမိတယ်။
ဒါပေမဲ့ တို့တတွေကတော့ ဒီမိုကရေစီရဲ့ အသီးအပွင့်ကိုမခံစားရသေးဘဲ ခိုင်းတာလုပ်၊ ခံမပြောနဲ့ခေတ်က ကြီးပျင်းလာ ခဲ့ရတော့ အခက်အခဲတွေကို ကျိတ်မှတ်ခံစားပြီး တရားနဲ့ ဖြေသိမ့်နေရပါတယ်။ တလောက ကြားလိုက်ရတဲ့ ထိုင်ဝမ်က ဆရာ၊ ဆရာမတွေလိုသာ “ပင်စင်လစာ မြန်မြန်ထုတ်ပေး” လို့ ဆန္ဒပြဖို့သာ ကောင်းတော့တာပါပဲ၊
အဲဒီလို ခံစားနေကြရတာ လေးလကျော်၊ ငါးလကြာတဲ့အထိ လစာမရပဲ ငတ်ပြတ်နေကြရပါတယ်။ ပင်စင်စာအုပ်တွေကို ဘဏ်ကသိမ်းသွားတော့ မဝတဝ လစာလေးကိုတောင် မရတော့ပါဘူး။ စောစောက ပင်စင်တိုးမယ်ဆိုတုန်းကလို ဟိုလူ ရပလား။ ဒီလူရပလားနဲ့။ မေးကြမြန်းကြ ဖြစ်ပြန်ပါတယ်။ ဘဏ်က ပြောပါတယ်။ ဘယ်ဌာနမှ မရသေးပါဘူးတဲ့။ ပထမ ဆုံး ရတာကတော့ စစ်တပ်ကပါတဲ့။ ဒီက ပင်စင်စားတွေမှာတော့ ဆေးတောင်ဝယ်စရာမရှိလို့ သေမယ့်ဟာတောင် မသေ နိုင်သေးဘဲ အောင့်ထားရတဲ့ဘဝတွေပါ။ အပျိုကြီးတယောက်ဆိုရင် လဲလို့ ခါးရိုးကျိုးသွားပါတယ်။ အရပ်မှာ ကုမဖြစ်လို့ မြို့တက်ပြီး စတီးရိုး ထည့်ရပါတယ်။ ကုန်ရှာပြီ။ ပင်စင်ယူခါစက ရထားခဲ့တဲ့ ကရုဏာာကြေး (၇) သိန်း။  အဲ နောက်ဆုံး ပြောချင်တာကတော့ နိုင်ငံတော်အပေါ် တာဝန်ကို ကိုယ့် အသက် (၂ဝ) အရွယ်၊ တချို့ဆို (၁၈) နှစ်က စတင်ပြီး ထမ်း ဆောင်ခဲ့ကြတာပါ။ ခိုင်းတုန်းက ခိုင်းပြီး သုံးမရတော့ နွားသတ်ရုံတော့ အပို့မခံချင်ဘူးဟေ့။
မဗေဒါ အံကိုခဲ ပန်းပန်လျက်ပဲ ဆိုသလို တချို့က အံခဲနေကြရ၊ တချို့က တရားစခန်းတွေမှာ တရားနဲ့ ဖြေသိမ့်နေရှာရတဲ့ ဘဝတွေပါ။
မြမြချို
၂၉-၁ဝ-၂ဝ၁၂

No comments:

Post a Comment