အစိုးရအခြေခံပညာကျောင်းများတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်ကာ အခြေခံပညာမူလတန်းမှ အထက်တန်းအထိ သင်ရိုးညွန်းတမ်းများ၌ စိုက်ပျိုးရေးဘာသာရပ်အားတွဲဖက်သင်ရိုးအနေဖြင့် ထည့်သွင်း သင်ကြားတော့မည်ဖြစ်သည်။"လာမယ့် ပညာသင်နှစ်ကနေစပြီး သင်ရိုးညွန်းတမ်းတွေထဲမှာ စိုက်ပျိုးရေးအသိပညာရအောင် တွဲဖက်ဘာသာ ရပ်အနေနဲ့ သင်မှာပါ။ စာမေးပွဲအနေနဲ့တော့ ဖြေရမှာမဟုတ်ပါဘူး"ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်း ခရိုင်ပညာရေးမှူး ဦးအုန်းသွင်က ပြောသည်။အဆိုပါ စိုက်ပျိုးရေးဘာသာရပ်ကို ကျောင်းသားကျောင်းသူများအနေဖြင့် စိုက်ပျိုးရေးအသိ ပညာရစေရန် အဓိကရည်ရွယ်၍ သင်ကြားရခြင်းဖြစ်ကြောင်း၊ သင်ကြားပေးမည့် ဆရာ၊ ဆရာမများအား သီးသန့်ခန့်အပ် ထားခြင်းမျိုး မရှိသေးကြောင်း ၄င်းက ဆက်ပြောသည်။လာမည့် ပညာသင်နှစ်တွင် စိုက်ပျိုးရေးဘာသာရပ်ထည့်သွင်းသင်ကြားနိုင်ရန် ပြီးခဲ့သည့် ပညာသင်နှစ်များက သက်ဆိုင်ရာ အတန်းပညာအလိုက် သင်ရိုးရေးဆွဲထုတ်ဝေခဲ့ပြီး အခြေခံပညာမူလတန်းများတွင် တစ်ပတ် (၂)ကြိမ်နှင့် အလယ်တန်း၊ အထက်တန်းများတွင် တစ်ပတ်(၁)ကြိမ် အဆိုပါ ဘာသာရပ်သင်ကြားပို့ချပေး သွားမည်ဟု သိရသည်။စိုက်ပျိုးရေးဘာသာရပ်အား ကျောင်းသားကျောင်းသူများကို ဗဟုသုတအနေနှင့် ထည့်သွင်းသင်ကြားပေးခြင်း ဖြင့် လယ်ယာမြေကဏ္ဍဖွံဖြိုးတိုးတက်မှုအတွက် အထိုက်အလျောက်ကောင်းမွန်လာနိုင်သည်ဟု လယ်ယာ မြေကဏ္ဍ ဆောင်ရွက်ပေးနေသူများထံက သိရသည်။“စိုက်ပျိုးရေးဘာသာရပ်ကို ဗဟုသုတအနေနှင့်သင်ကြားပေးတော့ ကောင်းတာပေါ့။ လယ်ယာမြေကဏ္ဍဖွံဖြိုး တိုးတက်ဖို့ကိုလည်း မနည်းနဲ့အများ ကောင်းလာစေမှာပါ။ စာအုပ်ထဲမှာပဲသင်တာမဟုတ်ပဲ လက်တွေ့စိုက်ပျိုးမှု တွေတော့ လုပ်သင့်တယ်။” ဟု မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ ကပြောသည်။စိုက်ပျိုးရေးဘာသာရပ်အား သင်ကြားပေးရန် ကျွမ်းကျင်သောဆရာ၊ ဆရာမများခန့်ထားပေးရန် လိုအပ် ကြောင်း၊ ထိုသို့ခန့်အပ်ထားနိုင်ခြင်း မပြုလုပ်နိုင်သေးပါက သင်ကြားပေးရမည့် ဆရာ၊ ဆရာမများအား ၎င်းဘာသာရပ်အတွက် သင်တန်းပေးရန် လိုအပ်ကြောင်း ဆရာ၊ ဆရာမများက ပြောဆိုသည်။“ပညာရေးကောလိပ်တွေမှာတော့ မသိဘူး BEd ဆရာအတတ်သင်မှာတော့ မသင်ခဲ့ရဘူး။ ဒါကြောင့် ဒီဘာသာ ရပ်ကို သင်ကြားမယ်ဆိုရင် ကျွမ်းကျင်တဲ့ဆရာကို ခန့်ရင် ပိုအဆင်ပြေလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း ဒီက ဆရာ၊ ဆရာမတွေကို ဒီဘာသာရပ်အတွက် သင်တန်းပေးမှ အဆင်ပြေလိမ့်မယ်။ အခုထိတော့ ဘာသင်တန်းမှ မပေး သေးဘူး။” ဟု အလယ်တန်းပြဆရာမတစ်ဦးက ဆိုသည်။စိုက်ပျိုးရေးဘာသာရပ်အပြင် ကွန်ပျူတာ ICT ဘာသာရပ်ကိုလည်း အလယ်တန်းနှင့် အထက်တန်းများတွင် သင်ရိုးညွန်းတန်းရေးဆွဲ၍တွဲဖက်ဘာသာရပ်အနေဖြင့် သင်ကြားပို့ချနိုင်ရန် ဆောက်ရွက်လျက်ရှိသည်ဟု သိရသည်။မိုးမြင့်ကျော် (မြစ်မခ)
by Myit Makha Mediagroup on 8 May, 2013
Wednesday, 8 May 2013
အခြေခံပညာကျောင်းများ၌ စိုက်ပျိုးရေးဘာသာရပ် ပူးတွဲသင်ကြားရတော့မည်
Labels:
ပြည်တွင်းပညာရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment