Wednesday, 8 May 2013

ပညာရေးပြုပြင် ပြောင်းလဲမှုအတွက် ဒေသ ၁၈ ခုတွင် ဆွေးနွေးပွဲပြုလုပ်မည်

ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၏ ဒေသဆိုင်ရာ
ပညာရေး ဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဒေသ ၁၈ ခုတွင်ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါကွန်ရက် ဖြစ်မြောက်ရေး အဖွဲ့ဝင် ဒေါ်သူသူမာက ပြောသည်။ ဒေသဆိုင်ရာ ပညာရေး ဆွေးနွေးပွဲများကို ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ကယားပြည်နယ်တွင် လွိုင်ကော်၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ ရခိုင်ပြည်နယ်တွင် တောင်ကုတ်၊
ရှမ်းပြည်နယ်တွင် တောင်ကြီးနှင့် လားရှိုး၊ ကရင်ပြည်နယ်တွင် ဘားအံနှင့် သံတောင်၊ ချင်းပြည်နယ်တွင် ဟားခါး၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာ၊ မကွေးတိုင်း ဒေသကြီးတွင် ပခုက္ကူ၊ ပဲခူးတိုင်း ဒေသကြီးတွင် ပဲခူး၊ ပေါင်းတည်နှင့် တောင်ငူ၊ ဧရာဝတီတိုင်း ဒေသကြီးတွင် မြောင်းမြ နှင့် ဟင်္သာတတို့၌ ပြုလုပ်ရန် လျာထားသည်ဟု သတင်းရရှိသည်။

အဆိုပါ ကွန်ရက်သည် ယခင်က ပြည်သူ့လွှတ်တော်သို့ နိုင်ငံလုံးဆိုင်ရာ ပညာရေးမူဝါဒကြမ်းကို ၂၀၁၄ ခုနှစ်တွင် တင်ရန်လျာထား ခဲ့ကြသော်လည်း မကြာမီ ပြန်လည်ကျင်းပမည့် ပထမအကြိမ် သတ္တမပုံမှန် အစည်းအဝေး စတင်ချိန်၌ တင်ပြမည်ဖြစ်ရာ ဒေသဆိုင်ရာပညာရေး ဆွေးနွေးပွဲများကို မေလအတွင်း ပြုလုပ်မည်ဟု ဆိုသည်။ ထို့အပြင် ယင်းမူဝါဒ ရေးဆွဲရန် နိုင်ငံလုံးဆိုင်ရာ ပညာရေး ဆွေးနွေးပွဲကိုလည်း ဇွန်လလယ်ပိုင်းတွင် ပြုလုပ်မည်ဟု သတင်းရရှိသည်။ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ကို နိုင်ငံလုံး ဆိုင်ရာပညာရေး မူဝါဒတစ်ရပ် ချမှတ်နိုင်ရန်အတွက် မြန်မာနိုင်ငံ ဒေသ အသီးသီးရှိ ပညာရေးအဖွဲ့ အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်၍ ယခုနှစ်ဇန်နဝါရီမှ မတ်လအတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment