Saturday, 13 July 2013
မုံရွာမှ တက္ကသိုလ်ကျောင်းသားများ ရိုက်ပွဲကိစ္စ ရဲကဖော်ထုတ်နိုင်ပြီ
မုံရွာမြို့၊ သလ်္လာမြို့သစ်ရပ်ကွက်ရှိ ရွှေမင်းသမီး အမျိုးသမီးအဆောင်ရှေ့တွင် တက္ကသိုလ်ကျောင်းသား လူငယ်များပြီးခဲ့သည့် ဇွန် ၂၅ ရက် ညက ရိုက်ပွဲဖြစ်ပွားပြီး ကျောင်းသားတစ်ဦး သေဆုံးခဲ့သည့် အမှုကို ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း ရဲဌာနက သတင်းထုတ်ပြန်သည်။
ယင်းရိုက်ပွဲနှင့် ပတ်သက်သူအဖြစ် ရဲကသံသယရှိသဖြင့် ဖမ်းဆီးထားသူကိုးဦးရှိပြီး ၎င်းတို့အားလုံးသည် တက္ကသိုလ်ကျောင်းသားများဖြစ်ကြသည်ဟုလည်း ရဲဌာန၏ မှတ်တမ်းတွင် တွေ့ရသည်။
ရိုက်ပွဲဖြစ်ပြီး ရက်သတ္တနှစ်ပတ်အကြာတွင် ရဲများက သံသယရှိသူများကိုဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ကျောင်း သားတစ်ဦးက တရားရုံးတွင် ကိုယ်တိုင်ဖြောင့်ချက်ပေး ထွက်ဆိုလိုကြောင်းရဲများကို ပြောကြားသဖြင့် မြို့ နယ်တရားရုံးတွင် ကနဦးထွက်ဆို ချက်ပင်ပေးပြီးပြီဖြစ်ကြောင်း မုံရွာအမှတ် -၂ ရဲစခန်းမှူး ရဲအုပ်ညီညီထွန်းက ပြောသည်။
ရွှေမင်းသမီး အမျိုးသမီးအဆောင်ရှေ့တွင် ပြီးခဲ့သော ဇွန် ၂၅ ရက် ညကကျောင်းသားလူငယ် ခုနစ်ဦး ဂစ်တာတီးနေစဉ် ၁၀ ဦးခန့်ရှိသည့် လူငယ်အုပ်စုတစ်စု ဆိုင်ကယ်များဖြင့် ရောက်လာပြီး အသင့်ယူလာသည့် သစ်သားချောင်းများဖြင့် ရိုက်နှက်ရာက ရန်ပွဲဖြစ်ပွားခဲ့ကြပြီး အသက် ၂၁ နှစ်အရွယ် စာရင်းအင်းပညာ တတိယနှစ်ကျောင်းသားမောင်အောင်ဝိုင်းချစ်သူ သေဆုံးခဲ့ရသည်။
ထို့ပြင်ရန်ပွဲကြောင့် မောင်ရန်ပိုင်ထွန်း နှင့်မောင်ရဲရင့်အောင်ဆိုသည့် ကျောင်းသားနှစ်ဦးလည်း ဒဏ်ရာ များရရှိခဲ့ပြီးဆေးရုံတင်ခဲ့ရသည်။
ရိုက်ပွဲနှင့်ပတ်သက်ပြီး ရဲများက သံသယရှိသဖြင့် ဖမ်းဆီးခံထားရသူများမှာ မုံရွာစီးပွားရေးတက္ကသိုလ်မှ တတိယနှစ်ကျောင်းသား ငါးဦး၊ ဒုတိယနှစ်ကျောင်းသား သုံးဦး၊ ပထမနှစ်ကျောင်းသား တစ်ဦးတို့ဖြစ်ကြောင်းတာဝန်ခံရဲစခန်းမှ ရဲအရာရှိတစ်ဦးက အတည်ပြု ပြောကြားထားသည်။
ရဲကသံသယဖြင့် ဖမ်းဆီးထားသည့်ကျောင်းသားများ၏ အမည်များကို မဇ္ဈိမကစုံစမ်းရရှိထားသော်လည်း ငယ်ရွယ်သေးသည့် တက္ကသိုလ်ကျောင်းသားများဖြစ်သော ၎င်းတို့၏ ဂုဏ်သိက္ခာကိုမထိခိုက်စေရန်နှင့် တရားရုံးက အမိန့်မချမှတ်သေးသဖြင့် ထိုသူတို့ကို တရားခံဟု မသတ်မှတ်နိုင်သေးသဖြင့် ထည့်သွင်းမဖော်ခြင်း ဖြစ်သည်။
ဖမ်းဆီးခံထားရသည့် ကျောင်းသားများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ လူသတ်မှုဖြင့် တရားစွဲခံရနိုင်
ချေရှိသည်ဟုလည်း ရိုက်ပွဲဖြစ်ပွားသည့်နေ့က ရဲစခန်း၏ မှတ်တမ်းတွင်ပါရှိသည်။
ကိုတိုးကြီး(မုံရွာ) | သောကြာနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၁၂ မိနစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment