ဖေ့ဘုတ်ပေါ်မှာ တစ်ကျောင်းထဲကဆင်းပြီး ဆရာဝန်ဖြစ်လာကြတဲ့ ညီလေးတွေ လာလာပြီး
Tag လုပ်ကြလွန်းလို့ ဒီစာလေးကို ရေးဖြစ်ပါတယ်။စစ်တပ်က ဆရာဝန်တွေရဲ့ Quality နဲ့ပတ်သတ်ပြီး
အဝေဖန်ခံလိုက်ရလို့ ညီလေးတို့တတွေက မကျေမနပ်ဖြစ်ကြတယ်ထင်ပါ့။သူတို့ကို ပြန်ဖြေသိမ့်ပေးရ
တယ်။
ခံစားချက်တွေ သိပ်အားမကြီးပါနဲ့လို့။အတွေ့အကြုံနဲ့ ဗဟုသုတများလာရင် ခံစားချက်ဆိုတာ နည်း
ပါးသွားမှာပါ။သူများက ဘာပြောပြော စိတ်လှုပ်ရှားမှုအားကြီးစွာနဲ့ မတုံ့ပြန်ကြပါနဲ့ လို့ ပထမဆုံးပြောချင်ပါ
တယ်။
အမှန်တော့ ဖေ့ဘုတ်ဆိုတာ အလွန်ကြီးမားတဲ့ မီဒီယာကွန်ယက်ကြီးတစ်ခု။ဖေ့ဘုတ်ကို စသုံး
တတ်ကာစက ကာလအတန်ကြာကွဲကွာနေတဲ့၊ပြန်မတွေ့ရတော့ဘူးလို့ထင်ခဲ့မိတဲ့ သူငယ်ချင်းတွေကို
အသက်ရှင်လျက် ဖေ့ဘုတ်ပေါ်မှာ လှုပ်ရှားနေကြတာပြန်တွေ့ရတော့ အလွန်ကိုဝမ်းသာမိခဲ့တာ။ဒါကြောင့်
လည်း ဖေ့ဘုတ်ဟာ ကမ္ဘာ့အကြီးဆုံး လူမှုဆက်သွယ်ရေးကွန်ယက်ကြီး ဖြစ်လာတာပေါ့။
အမှန်တော့ ရင်းနှီးတဲ့ မိတ်ဆွေအချင်းချင်းဆက်သွယ်ဖို့ ရည်ရွယ်ရာကနေ မသိကျွမ်းတဲ့သူတွေပါ
သူငယ်ချင်းစာရင်းမှာ ထပ်ပေါင်းပြီး မိတ်ဆွေသစ်တွေ တိုးပွားလာရာက ကိုယ့်အကြောင်းတွေကိုလည်း သူ
များကသိ၊သူများအကြောင်းတွေကိုလည်း ကိုယ်ကသိဖြစ်ကုန်ကြတော့တာ။ဖေ့ဘုတ်ပေါ်မှာ ကိုယ့်ရဲ့ခံစားချက်အတွင်းရေးတွေကို အရမ်းကာရောကြီး ဖွင့်မချ သင့်ဘူး။ လုံခြုံရေးသတိဆိုတာမျိုးရှိရမယ်။မသမာသူဆိုတာနေရာတိုင်းမှာ ရှိတတ်တယ်မဟုတ်လား။
နောက်တစ်ချက်က မျက်နှာနာစရာမလိုတဲ့ သူတွေ ဖြစ်နေကြပြန်တော့ ပြောချင်တာပြော၊ရနိုင်တဲ့
အနေအထား ရောက်ပြီး လူမှုရေးကွန်ယက်ကြီးဟာ ဆဲဆိုနည်း သင်တန်းကျောင်းကြီးကို ဖြစ်လို့။ ကျွန်တော်တို့လို ကလောင်နံမည်ကို လူသိစေချင်တဲ့ စာရေးဆရာများ ကလည်း ကိုယ်ပိုင် စာမျက်နှာတွေဖွင့်တယ်။လူတွေများများရောက်အောင်ဖြန့်တယ်။ စီးပွားရေးလုပ်ငန်းရှင်များကလည်း သူတို့ကုန်ပစ္စည်းကို ကြေညာတာတွေလုပ်တယ်။ဖေ့ဘုတ်က အခွန်အခမှ မပေးရတာကိုး။ သည်တော့ ဖြန့်ချီချင်ကြသူတွေရော၊ ဗဟုသုတရှာမှီးသူများအတွက်ပါ ဖေ့ဘုတ်ဟာ အလွန်ကို အသုံးတဲ့ တဲ့ မီဒီယာကြီးဖြစ်နေပြန်တာပေါ့။
လိုရင်းကို ဆက်ရရင် ကျွန်တော့်ကို ညီငယ်တစ်ယောက်က အရပ်ဘက်ဆေးတက္ကသိုလ်က ဆရာဝန်
ဆိုသူတစ်ယောက်ရဲ့ Comment တစ်ခုကို ကူးပြီး ပြလာတယ်။ထိုကာယကံရှင်ရဲ့ Comment ကို တော်တော်
နဲ့တောင်မရှာနိုင်ဘူး။သူ့ကို ပြန်ပြီးချေပထားတဲ့ Comment တွေက အရမ်းကိုများနေလို့။သူကပြန်ပြီးချေပတာ
လည်း မတွေ့ပါဘူး။သူဖော်ပြထားတဲ့ Comment ကတစ်ခုထဲပါ။
ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံယူချက်ကို ပြောရရင် ဖေ့ဘုတ်ပေါ်မှာ ဘယ်တော့မှ လူပုဂ္ဂိုလ်တစ်ဦးတစ်
ယောက်အပေါ် ပြစ်တင်ဝေဖန်ရိုင်းစိုင်းတာမျိုး ဘယ်တော့မှမလုပ်ပါ။ဝေဖန်ရေးဆိုတာ ရှိရမယ်ဆိုပေမယ့် တစ်ဦးတစ်ယောက်ထဲကို အမည်ဖော်ပြပြီး သိက္ခာ ကျစေမှာမျိုး မဖြစ်စေလိုပါ။အထူးသဖြင့် စာရေးဆရာကလောင်အမည်ကို ကိုယ်စားပြုတဲ့အရေးအသားမျိုးမှာလူအများကိုပဲ ကိုယ်စားပြုပြီးတော့ ဖော်ညွှန်း ပါတယ်။
မှန်တာပေါ့။တစ်ဦးတစ်ယောက်ကလေး ညံ့လိုက်တာနဲ့ ကိုယ်ဘွဲ့ရခဲ့တဲ့ကျောင်းဟာ နာမည်ပျက်နိုင်
တာပေါ့။ဘယ်ဆေးတက္ကသိုလ်ကပဲ ဘွဲ့ရလာလာ၊အထက်တန်းအထိကတော့ ဝေဖန်မှုတွေပြည့်နေတဲ့ ပညာ
ရေးစနစ်နဲ့ပဲ အားလုံးအတူတူကြီးပြင်းလာကြတာမဟုတ်လား။ကျွန်တော်တို့ဆိုရင် ခြောက်နှစ်နဲ့ဆရာဝန်ဖြစ်
လာခဲ့တာ။အဲသည့် ခြောက်နှစ်ထဲမှာ သစ်ပင်လဲစိုက်ဖူးတယ်။အိမ်သာကျင်းလဲတူးဖူးတယ်။စစ်ရေးပြလဲ လုပ်
ဖူးတယ်။သေနတ်မျိုးစုံလဲ ပစ်ခဲ့ဖူးတယ်။ဒါပေမယ့် ဆေးကျောင်းအတန်းတွေမှာလည်း ပေါက်မြောက်အောင်
မြင်အောင်၊နောက်ဆက်တွဲစာမေးပွဲ ပြန်မဖြေရအောင် ဖြေခဲ့နိုင်တာပါပဲ။
ဆေးပညာဟာ စာမေးပွဲအောင်ရုံနဲ့ပြီးသွားတာမျိုးမဟုတ်။ စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေရ
တာမျိုးဆိုတော့ ဆေးကျောင်းမှာ မထူးချွန်ခဲ့ပေမယ့်လည်း ဆရာဝန်ဖြစ်ပြီးနောက်ပိုင်းမှာ လိုက်မမီတော့
အောင် ထက်မြက်သွားတဲ့သူများလည်းရှိပါတယ်။
သေချာတာလေးတစ်ခုကတော့ အရပ်ဘက်ကပဲအောင်အောင်၊စစ်တပ်ကပဲအောင်အောင် စင်္ကာပူ
လိုနိုင်ငံမျိုးမှာတော့ MBBS ဘွဲ့နဲ့ ဆရာဝန်အလုပ်မရပါ။MRCP လို ယူကေဒီပလိုမာရရင်တောင်မှ လက်ထောက်ဆရာဝန်ဘ၀နဲ့ အနည်းဆုံး နှစ်နှစ်၊သုံးနှစ်လောက် လုပ်ကိုင်ပြီးတော့မှ Registrar ဆိုတဲ့ ပထမလက်ထောက်ဆရာဝန်အဆင့်မျိုးရပါတယ်။မြန်မာပြည်က ဆေးကျောင်းတွေဟာ သူတို့ အသိအမှတ်ပြုထားတဲ့ ဆေးကျောင်းတွေထဲမပါ ပါ။မြန်မာပြည်က ဆေးရုံများဟာလည်း သူတို့သတ်မှတ် ထားတဲ့ “စံ”အတွင်းမှာ မရှိတဲ့အတွက်ဘယ်လောက် လုပ်သက်ရှိရှိ သူတို့ဆေးရုံများမှာ လုပ်နိုင်ကိုင်နိုင်မယ်လို့ မယုံကြည်ပါ။
အမှန်တော့ ကိုယ့်ဆရာဝန်အချင်းချင်း သူကတော့ဖြင့်တော်တယ်၊သူကတော့ဖြင့် ညံ့တယ်ဆိုတာ
ဖေ့ဘုတ်ပေါ်မှာ ပြောနေရုံနဲ့ အဖြေထွက်တာမဟုတ်ပါ။ ကိုယ်ဘာလုပ်နေသလဲ၊ကိုယ်ကတော့ဖြင့် ဘယ်အနေအထားကို ရောက်နေသလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်သုံးသပ်ပြီး ကိုယ့်ရဲ့မိဘပြည်သူတွေကို ဘယ်လောက်အကျိုးပြုနိုင်သလဲ ဆိုတာနဲ့ပဲ ကိုယ့်အရည်အချင်းကို သတ်မှတ်ရမှာပါ။သူများက ညံ့တယ်ပြောလို့ ငါတို့ကမညံ့ဖူးကွဆိုပြီး ပြန်ချေပနေစရာလဲ မလိုပါ။ သို့ပေမယ့် ငယ်ရွယ်သူများကတော့ ခံစားချက်ဖြစ်ကြမှာပါပဲ။
အမှန်တော့ သည်လိုစိတ်ဝမ်းကွဲကြရတယ်ဆိုတာဟာ ပညာရေးနဲ့ပတ်သတ်ပြီး ခိုင်မာတဲ့ “စံ”နှုန်း
မရှိလို့ဖြစ်ကြရတာ။ပညာရေးဆိုတာဟာ ခုရေတွင်းတူး၊ခုရေကြည်သောက်လို့မရဘူး၊ရည်မှန်းချက်တွေ ရမလာ
ခင်မှာ နာကျင်မှု( Pain) ဆိုတာကိုတော့ ခံနိုင်ရမယ်။pain ရှိမှ Gain ရှိလာမယ်ဆိုတာမျိုးတွေ နားလည်တဲ့
မူဝါဒဖန်တီးသူတွေ၇ှိမှ ပညာရေးစနစ်ဟာတိုးတက်လာမှာ။ပြောင်းလွယ်ပြင်လွယ်ရှိတယ် ဆိုတာဟာ နေရာ
တိုင်းမှာ မကောင်းဘူးလေ။အိမ်ထောင်ရေးမှာ ဇနီး၊ခင်ပွန်းတွေ ခဏခဏပြောင်းသလိုဖြစ်နေတော့မှာပေါ့။
အိမ်ထောင်မှု ဘုရားတည်၊ဆေးမင်ရည် စုတ်ထိုး ဆိုပေမယ့် စုတ်ထိုးတာက ဒီခေတ်မှာ ပြန်ဖျက်လို့ရနေပြီ။
အဲ ပညာရေးကတော့ မှားသွားရင် မျိုးဆက်နဲ့ချီပြီး ခံစားကြရတာမျိုးကလား။
ဆရာဝန်တစ်ယောက် ပီပီပြင်ပြင်ဖြစ်လာဖို့ဆိုတာ သည်ခေတ်မှာ မလွယ်တော့ဘူးနော်။ဆရာဝန်
ခေတ်ကောင်းတဲ့ ခေတ်လည်း မဟုတ်တော့ဘူး။အပင်ပန်းအဆင်းရဲခံနိုင်၊အစစအရာရာခြိုးခြံချွေတာနိုင်၊
လူဆင်းရဲစိတ်ဆင်းရဲခံနိုင်မှ အောင်မြင်တဲ့ဆရာဝန်တစ်ဦးဘ၀ကိုရောက်လာမှာ။သည်လိုခက်ခဲတဲ့ ဆရာဝန်
ဘ၀မှာ နေထိုင်နေယင်းက လွှတ်တဲ့နေရာသွားပြီး မိဘပြည်သူအကျိုးကို ထမ်းဆောင်နိုင်တယ်ဆိုတာဟာ
ဘယ်လောက်ကုသိုလ်ရတယ်မှတ်ပါသလဲ။
နိုင်ငံတကာက ဆရာဝန်တွေရတဲ့ လစာဟာ ယနေ့ရွှေဆရာဝန်တွေရတဲ့ လစာထက်ပျမ်းမျှအဆ ၃၀
ပိုများတယ်ဆိုတာ ကမ္ဘာကြည့်မြင် မြင်တတ်ရင် သိနိုင်ပေမယ့် မြန်မာပြည်ကဆရာဝန်တွေဟာ သူများနိုင်ငံ
ကဆရာဝန်တွေထက် အဆ ၃၀ ပိုညံ့မနေပါဖူးနော်။အဆင့်မြင့်ပညာများနဲ့ ပိုနီးစပ်ခွင့်မရခဲ့ကြလို့၊ခေတ်မီဆေး
ပညာတွေကို စာအုပ်တွေထဲမှာသာ မြင်ဖူးနေကြရလို့ မြန်မာပြည်က ဆရာဝန်တွေ လက်ရှိအချိန်မှာ ပေမမှီ
ဒေါက်မမှီ ဖြစ်မနေကြရတာ။
ဆရာဝန်ဆိုတာ ကိုယ်တစ်ယောက်ထဲ တော်နေလို့မရဘူးလေ။ကိုယ်အလုပ်လုပ်တဲ့ ဆေးရုံမှာ ဘယ်
လိုအဆင့်မြင့်နည်းပညာတွေ၇ှိသလဲ၊ကိုယ့်ဆရာတွေထဲမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေသူ ဘယ်နှစ်ယောကရှိနေသလဲ ဆိုတာအပေါ်မူတည်ပြီး လူငယ်ဆရာဝန်လေးတွေဟာ ထူးချွန်လာကြရတာကိုး။
လူငယ်ဆရာဝန်လေးတွေကို သူတို့မိဘတွေအားလုံးဟာ လူကြီးတွေပါပဲ။ရာထူးကြီးမှ လူကြီးမဟုတ်ပါဘူး၊ထူးချွန်တဲ့သူမှန်သမျှ ပို့သင့်ပို့အပ်တဲ့ နိုင်ငံများကို အဆင့်မြင့်ပညာများအတွက် လွှတ်မယ်ဆိုတဲ့ စီမံချက်ကြီးတွေ ဘယ်တော့များပေါ်လာလေမလဲ။
ကိုယ့်ဌာနမှာ ကိုယ်တစ်ယောက်ထဲ နိုင်ငံခြားပြန်ဖြစ်နေမှကိုယ့်ဆေးခန်း လူပိုလာမယ်။နောက်တက်ပေါ်မလာစေရတော့ဘူးဆိုတဲ့ ရွှေမြန်မာ တို့ရဲ့စိတ်ဓာတ်စစ်စစ်တွေ ဘယ်တော့များမှ အမြစ်ဖြတ်နိုင်မလဲ။
ဆေးရုံကပြန်ရင် မောကြီးပန်းကြီးနဲ့ ဆေးခန်းသွားစရာမလိုတော့တဲ့ အနေအထားမျိုးမှာ ဆေးရုံမှာပဲ
တစ်နေ့လုံးနေပြီး စာသင်၊ဆေးကု၊သုတေသနလုပ်ဆိုတဲ့ ဆရာဝန်စစ်စစ်များရဲ့ လုပ်ငန်းတာဝန်တွေ အကန့်
အသတ်မ၇ှိလုပ်နိုင်အောင် ကိုယ်နဲ့ထိုက်တန်တဲ့ လစာကြေးငွေ ဘယ်တော့များမှ ရလေမလဲ။
ကိုယ့်နိုင်ငံ ဆေးရုံကြီးများမှာ အဆင့်မြင့်ရောဂါ ၇ှာဖွေရေးစက်ကြီးတွေ၊ အဆင့်မီ အထူးကြပ်မတ်
ကုသဆောင်ကြီးတွေ၊ မီးမပြတ်တဲ့ ခွဲစိတ်ခန်းမကြီးတွေ၊၂၄နာရီ သွေးဘဏ်စနစ်တွေ၊ ကွန်ပြူတာစနစ်သုံး
လူနာမှတ်တမ်းထိန်းသိမ်းနည်းစနစ်တွေ ဘယ်တော့များမှ ပေါ်လာလေမလဲ။
အခြေခံဆေးကုသမှုပစ္စည်း၊ဆေးဝါးများကို နိုင်ငံတော်က၊ဒါမှမဟုတ် လူနာများဘက်က စားဝတ်နေ
ရေးကိုစိတ်ပူစရာမလိုတော့ပဲ ကျခံသုံးစွဲနိုင်ပြီး ဆရာဝန်များဘက်မှလိုက်ပြီးပူပန်ပေးနေစရာ မလိုတော့အောင်ဘယ်အချိန်မှာမှ ပြည့်ပြည့်စုံစုံသုံးနိုင်လေမလဲ။
အဲသည်ဟာတွေပြည့်စုံပြီဆိုရင်တော့ ရွှေဆရာဝန်တွေ မျက်နှာမော့မော့နဲ့ နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်ပြီ။ဖေ့ဘုတ်ပေါ်မှာ ရန်ဖြစ်နေစရာလဲမလိုတော့ဘူး။ ရန်ဖြစ်နေဖို့လဲ အချိန်မအားတော့ဘူး။ဆေးရုံမှာ အလုပ်ကပိုများလာပြီ။ လစာကလည်း များလာပြီဆိုတော့ အလုပ်ပြုတ်မှာလဲ ကြောက်တတ်လာကြပြီလေ။
အဲဒါတွေက အိပ်မက်ထဲမှာပေါ့နော်။ခဏတော့ စောင့်ရဦးမှာပေါ့။ခဏဆိုတာ တစ်ဘ၀လည်း ဖြစ်သွားနိုင်သေးတယ်။လောလောဆယ်မှာတော့ ၇ှိတဲ့ ပညာလေးနဲ့ပဲ တတ်သမျှ၊မှတ်သမျှ ကျွန်တော်တို့ ဆေးကုနေကြတာဆိုရင်ဖြင့်မသေသင့်တဲ့သူများကို မသေအောင် ကယ်တင်နိုင်တယ်။ ကူးစက်ရောဂါများထဲမှာ ၀မ်းပျက်ဝမ်းလျှောကြောင့် လူတွေသေရတာအများဆုံးဆိုတော့ ယနေ့ဖေ့ဘုတ်ပေါ်မှာ စစ်ဗိုလ်ဆရာဝန်တွေ ရေကြီးတဲ့နေရာ မှာရေကူးပြီးဆေးကုနေကြတာမြင်ကြရဲ့မဟုတ်လား။
ဝမ်းပျက်ဝမ်းလျှောရောဂါကို မသေအောင်ကုတတ်ဖို့ MRCP ရစရာမလိုပါ။MBBS(DSMA) လဲဖြစ်တယ်မဟုတ်လား။ MBBS(DSMA),MRCP တွေ သိပ်မများသေးပေမယ့် MRCS တွေတော့ ဆယ်ဂဏန်းကျော်နေပြီလေ။
အပြည်ပြည်ဆိုင်ရာဆေးရုံကြီးတွေမှာ အလုပ်မလုပ်ဖူးပေမယ့်အပြည်ပြည်ဆိုင်ရာဘွဲ့တွေတော့ ရှိနေကြပါပြီ။အဓိကကတော့ ပြည်သူတွေက ကျွေးလာတဲ့ ထမင်းကိုစားပြီး ပြန်အလုပ်အကျွေးပြုမယ်ဆိုတဲ့ အသစ်မဟုတ်ပေမယ့်ခေတ်မီနေဆဲ ခံယူချက်လေးသာ ရှိရင် MBBS(DSMA) လည်းပြည်သူ့အတွက် တစ်အားပဲမဟုတ်လား။
ညီလေးတို့တတွေ Tag လုပ်ပေးတဲ့သူဟာဖြင့် ဆရာဝန်အစစ်ဖြစ်လိမ့်မယ်လို့ မယူဆပါ။နာမည်အတု၊
ဆရာဝန်အတုသာလျှင် ဖြစ်ပါလိမ့်မယ်။သူ့ရဲ့ Profile ကို ပြန်ကြည့်လိုက်ပါ။ဘယ်ကျောင်းက ဘွဲ့ရရ ဆရာဝန်ဆိုတာဟာဖြင့် အမြဲပညာသင်နေရမယ်။ ကိုယ့်တိုင်းပြည် ကိုယ့်မိဘပြည်သူတွေအတွက် ဖြစ်၇မယ် ဆိုတဲ့ ခံယူချက်လေးရှိနေရင်ဖြင့် အထူးကုဆရာဝန်ကြီး မဟုတ်ပေမယ့်လဲ ၊ယနေ့အချိန် မှာ နိုင်ငံတကာဘွဲတွေ မရသေးပေမယ့်လည်း ကျရာတာဝန်လေးကို ထမ်းနေရင်ဖြင့် ကိုယ့်လောက် တန်ဖိုးရှိတဲ့သူဒီဇမ္မူမှာ ရှိနိုင်မလားဆိုပြီးလက်ခမောင်းခတ်လို့ ရနိုင်ပြီပေါ့ကွယ်။
ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်၊လူရည်ချွန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်၊ယောင်္ကျားကောင်း
ဇာနည်။စစ်သားကြီးလို ကျွန်တော်မျှော်မှန်းသည်
(၂၆/၈/၁၂)

No comments:
Post a Comment