by Kyaw Thu Han on Friday, 15 April 2011 at 17:25
ကျွန်တော်သတင်းစာတွေ၊ ဂျာနယ်တွေမှာ မပြီးဆုံးနိုင်သေးတဲ့
စစ်ပွဲအကြောင်းတွေ၊ အသေခံဗုံးခွဲမှု သတင်းတွေ၊ AIDS ရောဂါဟာ ခုချိန်ထိ
ထိန်းချုပ်လို့မရနိုင်သေးပဲ နိုင်ငံအများအပြားမှာ ကူးစက်ပျံ့နှံ့
နေတာတွေကို ဖတ်ရှုမိရင်း လူတွေဟာ ဒီပြဿနာတွေကို အမှန်တကယ်ပဲ
မဖြေရှင်းနိုင်တော့ ဘူးလားလို့တွေးမိပါတယ်။
တကယ်တော့ နိုင်ငံ့ခေါင်းဆောင်တွေ ၊ငြိမ်းချမ်းရေးအတွက်
လှုပ်ရှားနေသူတွေနဲ့ ပရဟိတ အလုပ်တွေကို အားကြိုးမာန်တက်ဆောင်ရွက်နေကြသူတွေ
အများအပြား ရှိနေကြပါလျှက်နဲ့ ဘာကြောင့်ဒီပြဿနာတွေဟာ
လျော့နည်းမသွားတဲ့အပြင် တိုးပွားနေရတာလဲလို့ တွေးကြည့်မိပါတယ်။ လူတွေဟာ
အသိပညာ မပြည့်ဝကြသေးလို့ ဒီပြဿနာတွေရှိကြတာလားလို့ တွေးမိပါတယ်။ တကယ်တော့လူ
တန်းစားအလွှာ တစ်ခုလောက်ပဲ ပညာတတ်နေလို့မရပါဘူး။ လူတန်းစားအလွှာ အသီးသီးက
လူတွေ ပညာပြည့်ဝကြပါမှ ကမ္ဘာကြီးအတွက် အဆင်ပြေပါလိမ့်မယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အတွက်ပဲဖြစ်ဖြစ် ၊ H1N1 တုပ်ကွေးရောဂါကို
ကာကွယ်ဖို့ပဲဖြစ်ဖြစ် အခြေံခံ လူတန်းစားတွေကအစ အသိပညာပြည့်ဝကြပါမှ
အောင်မြင်အောင်ပြုလုပ်နို်င်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ
နိုင်ငံ့ခေါင်းဆောင်အများစု မှားယွင်းပြီးထင်မြင်နေတဲ့ အချက်တစ်ခုကတော့
ပညာရေးစနစ်ထဲကို ငွေအမြောက်အများပုံအော ပြီးထည့်လိုက်ရုံနဲ့
ကျောင်းသားတွေရဲ့ ပညာရေး အဆင့်အတန်းမြင့်တက်လာလိမ့်မယ်လို့
ထင်မြင်ယူဆနေခြင်းဖြစ်ပါတယ်။
အမေရိကန် ပညာရေးဝန်ကြီး အာနီဒန်ကန်က ကျွန်တော်တို့ အင်အားကောင်းတဲ့
စီးပွားရေးကို ပြန်လည်တည်ဆောက်ချင်တယ် ဆိုရင် ပညာတတ်လုပ်သမားထုတစ်ရပ်
ရှိဖို့ပဲလိုပါတယ် လို့ ၀ါရှင်တန် အစိုးရကို ရှင်းပြခဲ့ပါတယ်။ ဒါကြောင့်လဲ
စီးပွားရေးနှိုးဆွစီမံကိန်းထဲမှာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ဒေါ်လာ ဘီလီယံ
၁၀၀ ထည့်သွင်းရေးမှာ ငွေအများအပြားသုံးစွဲနေတာ အမေရိကန်တင်မဟုတ်ပါဘူး
ဗြိတိန်၊ ဂျာမဏီ၊ ကနေဒါ၊ တရုတ်၊ယူအေအီးနဲ့ အခြားနိုင်ငံ အများအပြားဟာ
ဒီလမ်းကြောင်းအတိုင်းပြုလုပ်နေကြပါတယ်။
ဒီငွေတွေအကုန်လုံး အမှတ်တကယ်လိုအပ်တဲ့ နေရာ၊
တစ်နည်းပြောရရင်လူ့အဖွဲ့အစည်းကို အကောင်းဆုံး ရလဒ်တွေ
ပြန်ပေးနိုင်မယ့်နေရာတွေမှာ အသုံးချရဲ့လားဆိုတာ လေ့လာကြည့်ဖို့လိုပါတယ်။
ဥပမာအားဖြင့်ဂျာမဏီမှာဆိုရင် ပညာရေး အသုံးစရိတ်အတွက် အစိုးရထုတ်ပေးတဲ့
ငွေထဲက ယူရိုငွေ ကုဋေတစ်ထောင် ( ၁၀ ဘီလီယံ) လောက် ကျောင်းအဆောက်အအုံတွေ
အသစ်ပြန်လည်မွမ်းမံတဲ့နေရာမှာ သုံးစွဲနေပါတယ်။ နောက်ဆုံးပေါ် ဗိသုကာ
ဒီဇိုင်းအဆန်းများနဲ့ ကျောင်းအသစ်တွေတည်ဆောက်တဲ့ ပညာရေးစီိမံကိန်းမှာ
ဆောက်လုပ်ရေးကုမ္ပဏီတွေအတွက်တော့ ရတနာပုံဆိုက်သလို ပွပေါက်တိုးစေပါတယ်။
ကျောင်းသားတွေနဲ့ ဆရာတွေလည်း စာသင်ခန်းအသစ်တွေမှာ စာသင်ရတော့
သဘောကျကျပါတယ်။ ဒါပေမဲ့ ဂျာမနီ ကျောင်းသားတွေရဲ့ပညာ အရည်အချင်းက
ထူးထူးခြားခြား တိုးတက်လာခြင်းမရှိလှပါဘူး။
ဗြိတိန်နိုင်ငံမှာလည်း ၀န်ကြီးချုပ်ဂေါ်ဒန်ဘရောင်း ကကျောင်းတွေမှာ
ကွန်ပျူတာနဲ့ အင်တာနက်ဆက်သွယ်မှုတွေ တိုးပြီးထားရှိဖို့ ကြိုးစားနေပါတယ်။
ဒါပေမဲ့ ပညာရှင် အများစုကတော့ သိပ်ပြီးထိရောက်မှာမဟုတ်ဘူးလို့
ခန့်မှန်းနေကြပါတယ်။
ထိရောက်အောင်ဘယ်လိုသုံးစွဲမလဲ
ကမ္ဘာ့ဘဏ်ကပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ နိုင်ငံအတော်များများရဲ့
ခေါင်းဆောင်တွေဟာ ကမ္ဘာ့ အဆင့်မီ တက္ကသိုလ်အသစ်တွေ ဆောက်လုပ်ဖို့
ငွေတွေပုံအောသုံးနေတယ်လို့သိရပါတယ်။ ဒီလေ့လာမှုရဲ့ခေါင်းဆောင်ဖြစ်တဲ့
ဂျမေးဆမ်မီက ပညာရေးအတွက် ငွေသုံးစွဲရာမှာ ပိုပြီးထိရောက်အောင်
ပြုလုပ်ကြဖို့ သတိပေးလိုက်ပါတယ်။ အစိုးရတွေမှားပြီးလုပ်မိတဲ့ကိစ္စတစ်ခုကတော့
ကောင်းမွန်ပြည့်စုံပြီးသား နေရာတွေမှာ ငွေတွေအများကြီးသုံးစွဲနေတာပါပဲ။
ဥပမာ- ဆော်ဒီအာရေးဗီးယားဆိုရင် စာသင်ကျောင်းတစ်ခုထဲအတွက် ဒေါ်လာ ၁၃
ဘီလီယံခန့် သုံးစွဲနေပါတယ်။ ဒီသုံးစွဲမှုတွေက
သင့်တော်ကောင်းမွန်တယ်လို့ထင်စရာရှိပါတယ်။
ဒါပေမဲ့ IFO အင်စတီကျူ့နဲ့ စတန်းဖို့ တက္ကသိုလ်တို့ကပြုလုပ်တဲ့လေ့လာမှုတွေအရ
ငွေသုံးစွဲသလောက်ထိရောက်မှုမရှိလှဘူးလို့ သိရပါတယ်။
လွန်ခဲ့သောဆယ်စုနှစ်တွေမှာ အမေရိကန်၊ ပြင်သစ်နှင့် ဂျာမဏီတို့ဟာ
ပညာရေးအတွက် ငွေအမြောက်အများသုံးခဲ့သော်လည်း ပညာရေးစနစ်ကို အဓိကထား
ပြောင်းလဲခဲ့တဲ့ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့လို ပညာအရည်အသွေးတွေ
တိုးတက်လာမှုကို မတွေ့မြင်ရ ဟုသိရပါသည်။
တကယ်လိုအပ်တဲ့နေရာ
အမေရိကန်အပါအ၀င် နိုင်ငံအတော်များများ အဓိကထား အာရုံစိုက်ကြတာက
အဆင့်မြင့်ပညာရေး ၊ အီလိုက်တက္ကသိုလ်ပညာရေးဖြစ်ပါတယ်။ နိုင်ငံရဲ့
အီလိုက်တက္ကသိုလ်တွေ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ထိပ်ပိုင်းရောက်နေဖို့ကိုပဲ
အလေးထားနေကြတယ်လို့ ပညာရှင်တစ်ဦးက ဝေဖန်ပါတယ်။
တကယ်တမ်းလိုအပ်နေတဲ့နေရာကတော့ အခြေခံပညာရေးဖြစ်ပါတယ်။ အထူးသဖြင့်
မူလတန်းနဲ့မူကြိုအဆင့်တွေမှာ ကလေးတွေကို ပိုပြီးဂရုစိုက်သင့်ပါတယ်။
ဆင်းရဲမွဲတေမှုကြောင့် ကျောင်းမတက်နိုင်တဲ့ ကလေးများနှင့်
ကျောင်းစောစောထွက်ရမဲ့ကလေးတွေကို ပညာသင်ကြားစရိတ် ထောက်ပံ့ခြင်းဟာ
ငွေကုန်ကြေးကျမများပဲ ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
စီးပွားရေးအဆင်မပြေတဲ့မိသားစုတွေက ကလေးများအတွက် မူကြိုပညာရေး
ဖော်ဆောင်ပေးခြင်းဟာ လူ့အဖွဲ့အစည်းအတွက်၊
နိုင်ငံ့စီးပွားရေးအတွက်ကောင်းကျိုးများစွာဖြစ်ထ
ကောင်းကျိုးများစွာဖြစ်ထွန်းတဲ့ အပြင်၊ ရာဇ၀တ်မှုနှင့် ဆယ်ကျော်သက်အရွယ်
ကိုယ်ဝန်ဆောင်မှုဖြစ်စဉ်တွေကိုပါ လျော့ကျစေပါတယ် လို့နိုဘယ်ဆုရ
စီးပွားရေးပညာရှင် ဂျမ်းဟက်မန်က ပြောဆိုပါတယ်။
လက်ရှိအချိန်မှာ မူကြိုပညာရေးကို အဓီကဆောင်ရွက်နေတဲ့ နိုင်ငံကတော့
ချီလီနိုင်ငံပဲဖြစ်ပါတယ်။ ကလေးသူငယ်တွေကို ဆေးကုသပေးရလေ့ရှိတဲ့ ဆရာဝန်မလေး
မီရှဲဘတ်ချလက် ၂၀၀၆ ခုနှစ်မှာ ချီလီသမ္မတဖြစ်လာတဲ့အခါ နိုင်ငံအနှံ့
မူကြိုကျောင်း အမြောက်အများ ဆောက်လုပ်ခဲ့ပါတယ်။ ဒါဟာနိုင်ငံရဲ့ အနာဂတ်အတွက်
အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်လို့ ပညာရေးသုတေသီ အောတစ်က
ချီးကျုးပြောဆိုပါတယ်။
ဆရာတွေရဲ့အရေးပါမှု
နောက်ထပ်ပြုလုပ်ရမယ့် အရေးကြီးကိစ္စတစ်ခုမှာ ဆရာ၊
ဆရာမတွေရဲ့ အရည်အချင်း စမ်းသပ်စစ်ဆေးဖို့ဖြစ်ပါတယ်။ စာသင်ခန်းအရွယ်အစား၊
သင်ရိုးညွန်းတမ်း၊ ကျောင်းရဲ့ဘဏ္ဍာငွေ စတာတွေအားလုံးက ကျောင်းတစ်ခု
အောင်မြင်ဖို့ သိပ်အရေးမပါလှပါ။ အရေးအကြီးဆုံးက ကျောင်းမှာ ဆရာ၊
ဆရာမကောင်းတွေရှိဖို့ ဖြစ်ပါတယ်။ ဖင်လန်နှင့် တောင်ကိုရီးယားတို့ မှာ
ကမ္ဘာ့အတော်ဆုံး အထက်တန်းကျောင်းသားများရှိနေခြင်းက ဒီနို်င်ငံတွေက ဆရာ၊
ဆရာမတွေအပေါ် အဓိကအာရုံစိုက်လို့ ဖြစ်ပါတယ်။ ဖင်လန်မှာဆိုရင်
ကျောင်းဆရာအလုပ်ဆိုတာ ဂုဏ်ယူစရာ အကောင်းဆုံးအလုပ်တစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။
အဲဒီနိုင်ငံတွေမှာ ဆရာ ၊ ဆရာမများကို အရည်အသွေး ပြည့်မီမှုရှိမရှိ
စစ်ဆေးကြည့်တယ်။ ပြီးတော့လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးတယ်။
ဒါဆိုရင် အခြားနိုင်ငံတွေက ဘာလို့သူတို့ရဲ့ နည်းလမ်းတွေကို အတုခိုးပြီး
သူတို့ရဲ့ ပညာရေးအစီအစဉ်တွေချမှတ်တဲ့အခါမှာ ရေရှည်မှာ ကောင်းကျိုးရှိစေမယ့်
စီမံကိန်း ထက်လတ်တလော ပေါ်ပြူလာဖြစ်နေတဲ့ ၊ ဒါမှမဟုတ်
လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ကျောင်းအဆောက်အအုံတွေဆောက်တာ၊ ဆရာ၊ ဆရာမအသစ်တွေ
ခန့်ထားတာစတဲ့ ပြည်သူလူထုကို လက်တွေ့ပြနိုင်တဲ့နေရာတွေမှာ
ပိုပြီးငွေကြေးထောက်ပံ့ချင်စိတ်ရှိကြပါတယ်။
ကျောင်းကောင်းဆိုတာဘာလဲ
ဗြိတိန်၊ နော်ဝေနဲ့ အမေရိကန်ပြည်နယ် အတော်များများမှာ
ကျောင်းတွေရဲ့ အရည်အချင်းကို စမ်းသပ်စစ်ဆေးဖို့ ပြုလုပ်ကြပါတယ်။
သူတို့စမ်းသပ်တဲ့နည်းကတော့ ကျောင်းတစ်ခုဟာ ကျောင်းသားတစ်ဦးကို ဘယ်လောက်ထိ
အရည်အသွေးတွေ၊ ပညာတွေ ထပ်ဖြည့်ပေးနိုင်မလဲဆိုတဲ့အချက်နဲ့ တိုင်းတာကြပါတယ်။
အရင်တုန်းက ယူဆခဲ့သလို ကျောင်းတစ်ကျောင်း ဟာတော်တဲ့ ၊ အရည်အချင်းရှိတဲ့
ကျောင်းသားတွေကို မွေးထုတ်ပေးနိုင်ရုံနဲ့ ကျောင်းကောင်းလို့မယူဆတော့ပါဘူး။
နာမည်ကြီးတက္ကသိုလ်တွေ ၊ ထိပ်ပိုင်းကကျောင်းကြီးတွေက
ကျောင်းသားလက်ခံတဲ့နေရာမှာ အတော်ဆုံးဆိုတဲ့ ကျောင်းသားတွေကို
ရွေးချယ်လက်ခံလေ့ရှိပါတယ်။
ဒီတော့နာမည်ကြီးတက္ကသိုလ်က ထွက်လာတဲ့ကျောင်းသားတွေ တော်ကြတာ ၊
အောင်မြင်ကြတာဟာ ကျောင်းသားတွေကကို နဂိုထဲက တော်ကြလို့၊ ကြိုးစားကြလို့
ဖြစ်ပါတယ်။ တကယ်တော့ ကျောင်းကောင်းဆိုတာ နဂိုကအရည်အချင်းမရှိတဲ့သူကို
အရည်အချင်းရှိလာအောင်ပြုလုပ်ပေးနိုင်တဲ့ ကျောင်းမျိုးကို ခေါ်တာပါ။
ဒါကြောင့် ကျောင်းတွေကို စမ်းသပ်တဲ့နည်းလမ်းသစ်ကတော့
ကျောင်းသားတစ်ဦးကျောင်းသို့မရောက်ခင် ရှိတဲ့ အရည်အချင်းနဲ့
ကျောင်းပြီးသွားတဲ့အခါ ရှိတဲ့အရည်အချင်း ကို နှိုင်းယှဉ်ကြည့်ဖို့ဖြစ်ပါတယ်။
ဒီနည်းလမ်းသစ်နဲ့စမ်းသပ်ကြည့်တဲ့အခါ အံ့သြစရာကောင်းတဲ့ ရလဒ်တွေ
ထွက်ပေါ်လာပါတယ်။ ဖလော်ရီဒါပြည်နယ်မှာ ယခင်က
အကောင်းဆုံးကျောင်းတွေလို့သတ်မှတ်ခဲ့တဲ့ ကျောင်းတွေက
ကျောင်းသားတွေအရည်အချင်းတက်အောင် မလုပ်နိုင်၊ သာမန်ကျောင်းကလေးတွေကတော့
ညံ့ဖျင်းတဲ့ ကျောင်းသားတွေကို အလယ်အလတ်အဆင့်လောက်
ရောက်အောင်သင်ကြားပေးနိုင်တာကို တွေ့ရပါတယ်။ ဒါဆိုသာမန်ကျောင်းလေးတွေက
ပိုပြီးတော့ ကျောင်းသားတွေကို အရည်အချင်း ထပ်ဖြည့်ပေးနိုင်တာကို ကြည့်ရင်
ဒီကျောင်းတွေကို ပိုပြီးကောင်းတဲ့ ကျောင်းတွေလို့သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ဒီနေ့ခေတ်ဟာ ပညာခေတ်ဖြစ်တယ်ဆိုတာ အစိုးရတွေ အတော်များများ နားလည်
သဘောပေါက်လာကြပါပြီ။ ပညာရေးအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှု
အများအပြားလုပ်ဆောင်နေကြတာ ကမ္ဘာ့နေရာအနှံ့မှာ တွေ့နေရပါတယ်။
အစဉ်အလာအားးဖြင့် ပညာရေးကို သိပ်အလေးမထားတဲ့ အရှေ့အလယ်ပိုင်း
နို်င်ငံတွေတောင် ရေနံမှရတဲ့ ငွေအမြောက်အများကို ပညာရေးထဲကို
ထည့်သွင်းမြှုပ်နှံ နေကြပါတယ်။ အဘူဒါဘီစော်ဘွား ရှိတ်ဇေယတ် ဦးဆောင်တဲ့
အာရပ်ပညာတတ် ခေါင်းဆောင်များဟာ အရှေ့အလယ်ပိုင်းရဲ့
အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။
ဒါပေမဲ့ တကယ်ထိရောက်မှုရှိဖို့ဆိုတာက ငွေကြေးတစ်ခုတည်းနဲ့ တက်နိုင်တဲ့ကိစ္စ
မဟုတ်ပါဘူး။ ကျောင်းကောင်းတွေ၊ ဆရာကောင်းအများကြီးရှိပါမှ ပညာရေးဟာ
တိုးတက်မှုရှိမှာပါ။ ဒီလိုဖြစ်ဖို့ကလည်း ကျောင်းတွေ၊ဆရာဆရာမတွေကို အရည်အသွေး
စမ်းသပ်စစ်ဆေးမှု ၊ သုတေသန ပြုလုပ်ချက်တွေ မရှိဘဲ မှန်ကန်ပြီး ထိရောက်တဲ့
ပညာရေးပေါ်လစီကို ချမှတ်နိုင်မှာ မဟုတ်ပါဘူး။ တိုင်းပြည်အများအပြားမှာ
ပညာအရည်အချင်း မပြည့်ဝမှုကြောင့် စီးပွားရေးအရ ထိခိုက်နစ်နာမှုက ဘဏ္ဍာရေး
အကျပ်အတည်းကြောင့် နစ်နာရတာထက်တောင် ပိုပြီးများသေးတယ်လို့ OECD အဖွဲ့ရဲ့
လေ့လာမှုတစ်ခုက ဖော်ပြပါတယ်။
ဒါကြောင့်ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိတဲ့ နိုင်ငံတွေဟာ
စီးပွားရေးအရ နှစ်စဉ်နစ်နာနေမှာ ဖြစ်ပါတယ်။ တကယ်တော့နိုင်ငံသားတို့ရဲ့
ပညာရေးကို မြှင့်တင်ပေးခြင်းဟာ စီးပွားရေးအတွက် တင်ကောင်းတာ မဟုတ်ပါဘူး။
လူ့အဖွဲ့အစည်း တစ်ခုလုံးပိုပြီး အဆင်ပြေချောမွေ့မှု ကို ဖြစ်စေနိုင်ပါတယ်။
ပညာရေးအတွက်ငွေလိုအပ်မှု
ကျွန်တော် ပြောချင်တာက ပညာရေးအတွက် ငွေသုံးစွဲမှုဟာ ဘာအကျိုးမှ မရှိဘူးလို့
ဆိုလိုတာမဟုတ်ပါဘူး။ ကျောင်းအဆောက်အအုံတွေ၊ သင်ထောက်ကူပစ္စည်းတွေ
မလိုအပ်ဘူးလို့လည်း ပြောတာမဟုတ်ပါ။ ကမ္ဘာ့နေရာအများအပြားမှာ
စာသင်ကျောင်းတွေမရှိသေးတဲ့ ရွာတွေ ၊ စားပွဲ၊ ကုလားထိုင်တွေ
မရှိတဲ့ကျောင်းတွေ စသဖြင့် ပညာကို ကောင်းစွာ သင်ကြားခွင့်မရတဲ့
နေရာတွေများစွာ ရှိပါသေးတယ်။
တကယ်တော့ပညာရေးအတွက် အသုံးစရိတ်တွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက်တောင်
နည်းနေပါသေးတယ်။ ကမ္ဘာမှာ ပညာရေးအတွက် အသုံးစရိတ်အများဆုံးဖြစ်တဲ့
အမေရိကန်တောင် စစ်ရေးအသုံးစရိတ်ရဲ့ ထက်ဝက်ခန့်ကိုသာ ပညာရေးအတွက်
သုံးစွဲပါသေးတယ်။ အမေရိကန်နိုင်ငံဟာ ဂျီဒီပီရဲ့ ၂.၉ ရာခို်င်နှုန်းခန့်ကို
သုံးစွဲနေပါတယ်။ အရှေ့အလယ်ပိုင်းရှိ နိုင်ငံများကတော့ ပညာရေးကို
စီးပွားရေးတစ်ခုသဖွယ် သဘောထားပြီး ရင်းနှီးမြှုပ်နှံမှုများ
အကြီးအကျယ်ပြုလုပ်နေကြပါတယ်။
ထင်ရှားတဲ့သာဓက က အဘူဒါဘီ ဒေသရှိ မတ်(စ)ဒါ (Masdar) သိပ္ပံနှင့် နည်းပညာ
တက္ကသိုလ် ဖြစ်ပါတယ်။ မတ်(စ) ဒါတက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ အစားထိုးစွမ်းအင်နှင့်
ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးမှုကို အဓိကအလေးထား လေ့လာတဲ့ တစ်ခုတည်းသော
ဘွဲ့လွန်သုတေသန တက္ကသိုလ်ဖြစ်ပါတယ်။ တက္ကသိုလ်နဲ့တက္ကသိုလ်ပတ်ဝန်းကျင်ရှိ
အိမ်တွေအားလုံးမှာ နေရောင်ခြည်စွမ်းအင်မှရတဲ့ လျှပ်စစ်စွမ်းအင်ကိုသာ
သုံးစွဲပြီး ကာဗွန်ထုတ်လွှတ်မှု မရှိစေရန် ကားသုံးပြုခွင့်ကိုတောင်
ပိတ်ပင်ထားပါတယ်။ မတ်(စ) ဒါ တက္ကသိုလ်မှာ အဘူဒါဘီ အစိုးရရဲ့ ထောက်ပံ့ငွေ
အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီတက္ကသိုလ်က မက်ဆာချူး ဆက်နည်းပညာ အင်စတီကျူ့(MIT) နှင့်
အဓိကချိတ်ဆက်ထားပါတယ်။ MIT က ပါမောက္ခများနှင့် အတူတူ ကျောင်းသားတွေက
သုတေသနပြုလုပ်ခွင့်တွေလည်း ရရှိထားပါတယ်။ အဘူဒါဘီရဲ့ ခေါင်းဆောင်
ရှိတ်ဇေယတ်ရဲ့ ရည်ရွယ်ချက်ကတော့ အရှေ့အလယ်ပိုင်းရှိ ပညာတတ်လူငယ်တွေ
အဝေးကိုသွားပြီး ပညာသွားသင်စရာမလိုပဲ ကိုယ့်ဒေသမှာကိုယ်
အဆင့်မြင့်နည်းပညာတွေ သင်ကြားနိုင်ဖို့ဖြစ်ပါတယ်။ ဒီလိုတက္ကသိုလ်ကြီးကို
ငွေကုန်ခံပြီး ဆောက်ခြင်းအားဖြင့် အခြားတိုင်းပြည်တွေက ပညာတတ်လူငယ်တွေကိုပါ
လာရောက်သင်ကြားဖို့ ဆွဲဆောင်နိုင်ပါလိမ့်မယ်။
ဒီအာရပ်စော်ဘွားကတော့ရေရှည်မှာ ရေနံစီးပွားရေးကို အားကိုးတာထက်
ပညာစီးပွားရေ (Knowledge economy) ကို အားကို တာက ပိုပြီး အကျိုးအမြတ်
ရလိမ့်မယ်လို့ မျှော်လင့်ထားပုံရပါတယ်။
ဒါပေမဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေအတွက် ငွေကြေးမဟုတ်ဘဲ အခြားအခက်အခဲတွေ ရှိပါသေးတယ်။
အာရပ်ခေါင်းဆောင်တွေက မိမိပြည်သူတွေကို ပညာလည်းတတ်စေချင်တယ်။
ဒါပေမဲ့ပညာတတ်လာရင် ကိုယ့်ကို ပြန်ပြီးအာခံကြမှာကို လည်းစိုးရိမ်ကြပါတယ်။
အီရန်နိုင်ငံရှိ ရှရစ်(ဖ်) တက္ကသိုလ်ဆိုရင်လည်း ကမ္ဘာကျော် နည်းပညာတက္ကသိုလ်
များဖြစ်တဲ့ MIT, Caltech, Standford စတဲ့
တက္ကသိုလ်တွေနဲ့တန်းတူလေးစားခံရတဲ့ ကျောင်းဖြစ်ပါတယ်။ ရှရစ်(ဖ်)
ကျောင်းဆင်းဆိုရင် ကနေဒါတို့၊ သြစတြေးလျတို့က အလွယ်တကူ ဗီဇာထုတ်ပေးဖို့
အသင့်ပဲဖြစ်ပါတယ်။ ရှရစ်(ဖ်) တက္ကသိုလ်မှာလည်း အီရန်ရဲ့ အမြော်အမြင်ရှိသော
ခေါင်းဆောင်ဖြစ်တဲ့ ရှားဘုရင်က တည်ထောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။
ဒါပေမဲ့လည်း အီရန်ကျောင်းသားအများစုဟာ ကျောင်းပြီးတာနဲ့ နိုင်ငံခြားကို
ထွက်သွားလေ့ရှိပါတယ်။ ကျွန်မက ဒီမှာ ဘာမှလုပ်စရာ မရှိဘူးလေ။ဒီတော့
ကျွန်မကြိုးစားပြီး သင်ထားတာတွေ အလသဿမဖြစ်အောင် နိုင်ငံခြားပဲ
သွားရတော့မှာပေါ့ ဟု ပ၀ါအနက်ကို ခေါင်းမှာခြုံလျှက် ကနေဒါသံရုံးရှေ့မှာ
ဗီဇာလျှောက်ဖို့တန်းစီနေတဲ့ အီရန်အမျိုးသမီး ဒါနီဂျီက ပြောပြပါတယ်။
ကျောင်းသားအများစုရဲ့ ဆန္ဒက တော့ မိမိတို့ တသက်လုံး သင်ကြားလာခဲ့သမျှကို
ဘာမှအသုံးမချပဲ မေ့မေ့ပျောက်ပျောက် နဲ့ပျောက်ကွယ်သွားမှာကို
မလိုလားကြပါဘူး။ အီရန်ရဲ့ အဖြစ်အပျက်ကို သင်ခန်းစာယူပြီး အဘူဒါဘီ
စော်ဘွားဟာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်အုံးမလား၊
မလုပ်နိုင်ဘူးလားဆိုတာတော့ စောင့်ကြရပါအုံးမယ်။ တကယ်တန်ဖိုးမရှိတဲ့
အခြေအနေမျိုး ဆိုက်မဲ့ပုံပဲ။ သိသာရှင်းလင်းတဲ့
ဖြေရှင်းမှုကတော့နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေ မြင့်တာကို
လွှတ်ထားနိုင်ဖို့ပဲ။ ဒါပေမဲ့ပို့ကုန်တွေဟာ ခုချိန်ထိ မနှစ်က
အဆင့်ထက်နိမ့်မြဲနိမ့်နေတာမို့ အစိုးရတွေကတော့သူတို့နိုင်ငံတွေရဲ့
ငွေကြေးကို လုံးဝလွှတ်ထားဖို့အင်တင်တင်ဖြစ်နေကြတယ်။
အဆင့်မြင့် ပညာရေး(သို့မဟုတ်) အီလိုက်တက္ကသိုလ်များ
အမေရိကန်ရဲ့ အထက်တန်းကျောင်းသားတွေဟာ ကနေဒါ၊ ဖင်လန်နဲ့ တောင်ကိုရီးယားက
ကျောင်းသားတွေရဲ့ ပျမ်းမျှအရည်အချင်းကို မီမယ်ဆိုရင် အမေရိကန် GDP ဟာ ၉
ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းထ၊ တစ်နည်းပြောရရင် ၁.၃ ထရီလီယံကနေ ၂.၃
ထရီလီယံ ထိ မြင့်တက်နိုင်ပါတယ်လို့ မကကင်စီ ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါဟာ အမေရိကန်ရဲ့ပြဿနာ ပါပဲ။ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်အခု ၂၉ မှာ
အမေရိကန်တက္ကသိုလ်တွေ အများဆုံးပါပေမယ့်လို့ အခြေခံပညာအဆင့်မှာတော့
တောင်ကိုရီးယား က ကျောင်းသားတွေကို မမီပါဘူး။ ကိုရီးယားကျောင်းသားတွေဟာ
ညလုံးပေါက်စာကြည့်နေတဲ့အချိန်မှာ အမေရိကန်လူငယ်တွေဟာ
ဟောလီဝုဒ်ကားတွေကြည့်လိုက်၊ ဂိမ်းနှိပ်လိုက် လုပ်နေပါတယ်
ယခင်ပညာရေးဝန်ကြီးဟောင်း ကိုယ်တိုင်က အမေရိကန်ကလေးတွေက စာသင်ဖို့ထက်
အပျော်အပါးဘက်ကို ပိုပြီးစိတ်အားထက်သန်နေတယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။
ဒါကလည်း အစိုးရနဲ့ ပြည်သူတွေက အီလိုက်တက္ကသိုလ်တွေကိုပဲ
အာရုံစိုက်နေကြလို့ဖြစ်ပါတယ်။ အီလိုက်တက္ကသိုလ်ဆိုတာ အခွင့်ထူးခံ
လူတန်းစားများသာ တတ်နိုင်တဲ့၊ အင်မတန်ကျောင်းစရိတ်ကြီးမားတဲ့
တက္ကသိုလ်တွေကို ဆိုလိုတာပါ။ ဥပမာအားဖြင့် ဟားဗတ်တက္ကသိုလ်က
ကျောင်းသားများထံမှ ရတဲ့ ၀င်ကြေးနဲ့ ကျောင်းလခဟာ အမေရိကန်ဒေါ်လာ ကုဋေ ၃၅၀၀ (
၃၅ ဘီလီယံ) ခန့် ရှိပါတယ်။ ဒါဟာနိုင်ငံငယ်တစ်ခုရဲ့ စုစုပေါင်း GDP ပမာဏ
လောက်ရှိပါတယ်။ ယေး(Yale) တက္ကသိုလ်ဆိုရင်လည်း ကျောင်းသားထံမှရငွေ ဒေါ်လာကုဋေ
၂၂၅၀ ရှိပြီး ၊ ပရင်စတန်ဆိုလျှင် ကုဋေ ၁၄၈၀ ထိရှိကြပါတယ်။
ဒီလို တက္ကသိုလ်တွေ ကို သာမန်လူတန်းစားတွေ တက်ရောက်ဖို့ဘယ်လိုမှ
မလွယ်ကူလှပါ။ အခွင့်ထူးခံ လူမလိုင်အီလိုက်တွေပဲ တက်ရောက်နိုင်ကြပါတယ်။
ဒီတော့ဒီတက္ကသိုလ်တွေကို တက်နိုင်တဲ့ ကျောင်းသားတွေ မာန်တကြွကြွဖြစ်နေတာ
ဘာဆန်းတော့လို့လဲ။ တစ်ချိန်မှာ ကျောင်းထဲက မိမိသူငယ်ချင်းဟာ သမ္မတကြီးလဲ
ဖြစ်နိုင်တယ်။ ၀န်ကြီးချုပ်လည်းဖြစ်နိုင်တယ်ဆိုတဲ့ အသိစိတ်ဟာ
ကျောင်းသားတွေကို ပိုပြီး ဘ၀င်မြင့်စေပါတယ်။ ကျောင်းသားတွေဟာ ပညာကို
ကြိုးကြိုးစားစား သင်ယူလေ့လာဖို့ထက် ကျောင်းပြီးရင် အောင်မြင်မှုကို
ရရှိဖို့ ပိုပြီး စိတ်အားသန်နေကြပါတယ်။ တကယ်တော့ အမေရိကန်မှာ အခြေခံ
ပညာရေးကိုတောင် ဆုံးခန်းတိုင် အောင် မတက်နိုင်ဘဲ ကျောင်းထွက်သွားရတဲ့လူတွေ
အများအပြား ရှိပါသေးတယ်။ ဒီလူတွေဟာ ကုန်ထုတ်စွမ်းအားမရှိတဲ့ ၊
လစာဝင်ငွေနည်းတဲ့ အလုပ်တွေမှာ လုပ်နေရပါတယ်။ ဒီတော့
သူတို့ရဲ့သားသမီးတွေကိုလည်း ပညာအပြည့်အဝ
သင်ကြားပေးနိုင်ခြင်းမရှိတော့ပါဘူး။
ဒီလိုနဲ့ဘဲ ဆင်းရဲမှုနဲ့ ပညာမပြည့်ဝမှုဟာ မျိုးဆက်တစ်ခုပြီးတစ်ခု
လက်ဆင့်ကမ်းပြီး ဆင်းရဲသံသရာ လည်နေပါတယ်။ ဒီလိုလူတွေကို
ငွေကြေးထောက်ပံ့ပြီး ပညာသင်ကြားခွင့်ရအောင် လုပ်ပေးနိုင်ရင်
တိုင်းပြည်ရဲ့ကုန်ထုတ်စွမ်းအားလည်း တိုးတက်လာမှာပါ။ ဒါကြောင့်ဆင်းရဲတဲ့
မိသားစုမှ ကလေးတွေကို ပညာသင်စရိတ် ထောက်ပံ့တာဟာ လူမှုဖူလုံရေး
လုပ်ငန်းတစ်ခုမဟုတ်ပါဘူး။ တကယ်အကျိုးအမြတ်ရရှိမဲ့ စီးပွားရေးအလုပ်ကြီးပါ။
ဒီတော့ ပညာစီးပွားရေး (Knowledge economy ) ကိုပဲ နိုင်ငံရဲ့အဓိက
စီးပွားရေးအဖြစ် ငွေကုဋေနဲ့ချီပြီး သုံးစွဲလို့ရတဲ့ နိုင်ငံတွေဟာ
ဒီလိုနေရာမျိုးတွေမှာ အများကြီး ရင်းနှီးမြှုပ်နှံသင့်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော်က ကျောင်းဆရာများညီလာခံမှာ
ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သလိုပါပဲ။ " ပညာရေးသည်
နိုင်ငံရေးဖြစ်ပါသည်။
No comments:
Post a Comment