by ကိုဝိုင် ဝိုင်ကေ on Wednesday, August 1, 2012 at 2:58pm
“ကျောင်းသား၊ ကျောင်းသူတိုင်း ကျောင်းသားကဒ်ချိတ်ဆွဲပြီးမှ ၀င်ရောက်ခွင့်ပြုမည်”
“ကျောင်းတွင်းအတွင်း မည်သည့်ယာဉ်မှမ၀င်ရ”
အထက်ပါစာတမ်းများကတော့ယနေ့ခေတ်တက္ကသိုလ်တက်နေသောမည်သည့်တက္ကသိုလ်ကျောင်းသား
ကျောင်းသူမဆိုနေ့စဉ်ကျောင်းဝင်ပေါက်ရောက်တိုင်းမြင်တွေ့နေရသောစည်းကမ်းဆိုင်းဘုတ်များပင်ဖြစ်သည်။
ထို့အပြင်
“ဤတက္ကသိုလ်ဝင်းအတွင်းမည်သူမဆိုလုံခြုံရေးအရစစ်ဆေးခံရမည်”
“ကျောင်းသားများဘောင်းဘီရှည်မ၀တ်ရ”၊
"ကျောင်းသူများပန်းမပန်ရ၊သနပ်ခါးမလိမ်းရ”၊
“စာသင်ချိန်အတွင်းစားသောက်ဆိုင်တန်းတွင်ရှိမနေစေရ”
“ကျောင်းသားနားနေဆောင်(RC)ကိုမည်သည့်ကျောင်းသူမှမလာရ”
"ကျောင်းသူနားနေဆောင်ကို မည်သည့်ကျောင်းသားမှမလာရ” စသည့်စသည့်
စည်းကမ်းဆိုင်းဘုတ်များကိုလည်းကျောင်းဝင်းအနှံနေရာမျိုးစုံတွင်လက်ညှိုးထိုးမလွဲစိုက်ထူထားသည်ကို
နေ့စဉ်အမြဲတွေ့ရှိနေရသည်။
၎င်းစည်းကမ်းများသည် တက္ကသိုလ်တစ်ခုတည်းတွင် ထုတ်ပြန်ထားခြင်းမဟုတ်ဘဲ
မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်အားလုံးတွင် ထုတ်ပြန်ထားသော
စည်းကမ်းများဖြစ်သည်။အဆိုပါစည်းကမ်းများသည်
အနှစ်လေးဆယ်နှစ်ရှည်ပညာရေးစီမံကိန်း၏ အတွင်းသရုပ်အဖြစ် လည်းကောင်း အစိုးရ၏
ပညာရေးနှင့် ကျောင်းသားကျောင်းသူများအပေါ် ထားရှိသော
မူဝါဒတစ်ရပ်အဖြစ်လည်းကောင်း ရှုမြင်သူနည်းလှပေသည်။ အပေါ်ယံအမြင်တွင်
ကျောင်းသားကျောင်းသူများ စည်းကမ်းပြည့်ဝသေ၀ပ်စေရန်
ချမှတ်ထားသောစည်းကမ်းများဟု ထင်ကောင်းထင်နိုင်သော်လည်းနက်နဲစွာ
တွေးဆကြည့်ပါက ကျောင်းသားထုတစ်ရပ်လုံးကို
လွတ်လပ်စွာတွေးတောဆင်ခြင်နိုင်စွမ်းအား(creative thinking)ကို တင်းကြပ်စွာ
ချုပ်ကိုင်ထားပြီး အမိန့်နာခံသေ၀ပ်မှု(obedience)ရှိသွားစေရန်
ရည်ရွယ်ချက်ရှိရှိ တားမြစ်ထားမှန်း သိသာစေပါသည်။ တနည်းဆိုရသော်
အနာဂတ်နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်သော
ပညာရေးစနစ်မဟုတ်ဘဲ နောက်လိုက်ကောင်းများမွေးထုတ်ပေးနေသော ပညာရေးတစ်ခုကို
ရုပ်လုံးဖော်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ အင်္ဂလိပ်အစိုးရ မြန်မာနိုင်ငံကို
အုပ်ချုပ်စဉ်အခါက ၎င်းတို့၏ ဗျူရိုကရေစီ အုပ်ချုပ်ရေး ယန္တယားလည်ပတ်စေရန် အတွက်
အင်္ဂလိပ်အရာရှိများ လက်အောက်တွင် အမှုထမ်းနိုင်မည့်
တိုင်းရင်းသား(I.C.S)အရာရှိများကို မွေးထုတ်ပေးသော ကျွန်ပညာရေးစနစ်နှင့်
များစွာထူးမခြားနား လှကြောင်း သုံးသပ်တွေ့ရှိရသည်။
ယနေ့ခေတ်အုပ်ချုပ်ရေးကဏ္ဍတွင် အုပ်ချုပ်သူလူတန်းစားအဖြစ်
အင်္ဂလိပ်အရာရှိဆိုးများမရှိသော်လည်း ထိုအင်္ဂလိပ်အရာရှိဆိုးများနေရာတွင်
စစ်တပ်မှအငြိမ်းစားယူ၍ အရပ်ဖက်ပြောင်းလာသောအရာရှိများနှင့်
စစ်တပ်မှတိုက်ရိုက်ခန့်အပ်ထားသောစစ်သားဆန်သည့် အရပ်ဖက်အရာရှိဆိုးများ
အစိုးရဌာန အသီးသီး တွင
်အစားထိုးမင်းမူကြီးစိုးနေကြကြောင်းပြည်သူတစ်ရပ်လုံးအသိပင်ဖြစ်သည်။၎င်းအရာရှိဆိုးများလက်အောက်တွင်မှ
မြန်မာနိုင်ငံရှိတက္ကသိုလ်အသီးသီးမှ ဘွဲ့ရလာသော လူငယ် မောင်မယ်များက
အင်္ဂလိပ်အစိုးရလက်ထက်မြန်မာ(ICS) အရာရှိများကဲ့သို့ ၀င်ရောက် အမှုထမ်းနေကြ ရပြီး စစ်အစိုးရတစ်ဖြစ်လဲကြံ့ဖွံအစိုးရ၏ “အထက်ဖားအောက်ဖိဗျူရိုကရေစီယန္တယား”ကို လှုပ်ရှား လည်ပတ်အောင် အကောင်အထည်ဖော်နေကြရပေသည်။
စစ်အစိုးရအနေဖြင့်ထိုသို့အုပ်ချုပ်ရေးယန္တယားဖြစ်ပေါ်လည်ပတ်လာစေရန်ပညာရေးကဏ္ဍကိုတစ်ဆင့်ချင်း
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းပြီးခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်း(၁၉၈၈မှ၂၀၁၀ကာလ)
၎င်းတို့အာဏာသိမ်းပြီးသည့်အချိန်မှစ၍လုပ်ဆောင်ချက်များကိုပြန်လေ့လာကြည့်ပါကလယ်ပြင်မှာဆင်သွားသလို
ထင်ရှားစွာသိမြင်နိုင်ပါသည်။၁၉၈၈အရေးတော်ပုံမတိုင်ခင်ကာလကရန်ကုန်မြို့ရှိလှည်းတန်းလမ်းဆုံမှ
အင်းစိန်မြို့နယ်အထိ ပြည်လမ်းတစ်လျှောက်သည် တက္ကသိုလ်အများစုတည်ရှိသည့်
တက္ကသိုလ်နယ်မြေဖြစ်ပြီး ထိုတက္ကသိုလ် နယ်မြေသည် တက္ကသိုလ်ပေါင်းစုံမှ
မြန်မာနိုင်ငံဒေသအသီးသီးရှိ အနာဂတ်ခေါင်းဆောင် ပညာတတ် လူငယ်များ
စုစည်းညီညွတ်စွာ လှုပ်ရှားရှင်သန်ခဲ့ရာဘူမိနက်သန်ဖြစ်ခဲ့သည်။ထို့ကြောင့်ပညာရေးကဏ္ဍဖြစ်စေ၊
နိုင်ငံတော်အတွင်း အခြေနေအကြောင်းတစ်စုံတရာ ပေါ်ပေါက် လျှင်ဖြစ်စေ၊
အစိုးရကမှားယွင်းသောပေါ်လစီများ ချမှတ်လျှင်ဖြစ်စေ အုပ်ချုပ်သူလူတန်းစား
အစိုးရနှင့် အနာဂတ်ခေါင်းဆောင်လူငယ်တို့အကြားခေတ်အဆက်ဆက်
ပဋိပက္ခဖြစ်ပွားရာနေရာ တစ်ခုဖြစ်ခဲ့သည်။
အဆိုပါအင်အားစုနှစ်ခု(တစ်နည်းအားဖြင့်အုပ်ချုပ်သူနှင့်အုပ်ချုပ်ခံ)တို့အကြားစုစည်းညီညွတ်မှုအင်အားချိန်ခွင်လျှာ
ညီမျှနေသဖြင့် အုပ်ချုပ်သူအစိုးရဘက်မှ
အလျှော့ပေးလိုက်လျောခဲ့ရသည့်ဖြစ်စဉ်များလဲ ရှိခဲ့ပေသည်။ ၁၉၈၈ခုနှစ်စစ်အာဏာသိမ်းပြီးန.၀.တ
စစ်အစိုးရ လတ်တလောအချိန်မှစ၍ ထိုသို့စုစည်း
ညီညွတ်နေသောအင်အားစုတစ်ခုဖြစ်တစ်ခုဖြစ်သောပညာတတ်
လူတန်းစားကျောင်းသားများကိုရည်ရွယ်ချက်ရှိစွာ
ဖြိုခွဲသည့်လုပ်ရပ်များကိုတစ်ဆင့်ခြင်းဆောင်ရွက်ခဲ့သည်။
တက္ကသိုလ်ကျောင်းများကိုအနယ်နယ်အရပ်ရပ်တွင်တည်ဆောက်ဖွင့်လှစ်၍ကျောင်းသားအင်အားစု၏
စုစည်းညီညွတ်မှုကိုဖြိုခွဲခြင်း၊သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာအဆင့်မီ
ခေတ်နဲ့လျှော်ညီစွာ
ပြုပြင်ခြင်းမရှိဘဲအမိန့်နာခံတတ်စေရန်သင်ကြားခြင်း၊တစ်ချိန်က
လက်နက်နိုင်ငံတော် တည်ထောင်ခဲ့သည့်သမိုင်းများ၊
ရှင်ဘုရင်ဘုန်းတော်ဘွဲ့များ၊ ရှေးရိုးစွဲအယူအဆ အတိတ်နိမိတ်များ စသည့်
သင်ရိုးများကိုသာပြဌာန်းခြင်းများကိုပြုလုပ်ခဲ့ပြီးလူငယ်ထုအတွင်းအမိန့်နာခံတတ်မ၊ှုသစ္စာစောင့်သိမှုနှင့်
အားကြီးသူနိုင်စတမ်းစိတ်ဓာတ်များ ရိုက်သွင်းခြဲ့ပီး မြန်မာ့ပညာရေးနှင့်
အနာဂတ်ခေါင်းဆောင်များ၏စိတ်ဓာတ်ကိုရိုက်ချိုးဖျက်ဆီးခဲ့သည်။
အခြားတစ်ဖက်တွင်ဖြိုခွင်းဖျက်ဆီးလိုက်သောအနာဂတ်ခေါင်းဆောင်လူငယ်အင်အားစုနေရာတွင်
အရံသင့်အစားထိုးနိုင်ရန်အတွက်လည်းကောင်း၊ဗျူရိုကရေစီပညာရေးစနစ်
(Bureaucracy Education System)မှ မွေးထုတ်ပေးလိုက်သော နောက်လိုက်ကောင်း
ဗျူရိုကရက်များကို အုပ်ချုပ်ရန်အတွက် လည်းကောင်း၊စစ်အစိုးရတစ်ရပ်လုံး
(Military Government Institution) ကို အင်အားကောင်းအောင် နိုင်ငံတော်တစ်ခု
(State) အတွင်း အခြားနိုင်ငံတော်
(State) တစ်ခု သွပ်သွင်းတည်ဆောက်သည့်
နည်းလမ်းဖြင့်တည်ဆောက်ခဲ့ကြသည်။ထင်ရှားသောလုပ်ဆောင်ချက်များမှာအရပ်ဘက်ဆေးတက္ကသိုလ်များ၊နည်းပညာတက္ကသိုလ်များ၊သူနာပြုတက္ကသိုလ်များရှိပြီးသားဖြစ်သော်လည်းစစ်ဆေးတက္ကသိုလ်၊စစ်အင်ဂျင်နီယာတက္ကသိုလ်၊တပ်မတော်သူနာပြုတက္ကသိုလ်များထပ်မံတည်ဆောက်ပြီးစစ်တပ်အဖွဲ့အစည်းကြီး
(Military Institution)
တစ်ခုလုံးအင်အားကောင်းအောင်ဖန်တီးခဲ့သည်။ထိုသို့ဖန်တီးခြင်းဖြင့် ယခင်က
တက္ကသိုလ်ဘွဲ့ရပြီးမှစစ်တပ်တွင်အမှုထမ်းခဲ့သော“ကျောင်းသားဆန်သောစစ်အရာရှိများ”နေရာတွင်
တက္ကသိုလ်ဝင်တန်းအောင်ပြီးအတွေးအခေါ်နုနယ်သေးသောလူငယ်လူရွယ်များကိုစစ်တပ်အတွင်းတိုက်ရိုက်သွပ်သွင်း၍“စစ်သားဆန်သောအရာရှိများ”အဖြစ်အစားထိုး၍အထက်အောက်အမိန့်နာခံတတ်မှုသစ္စာစောင့်သိကျိုးနွံမှုတို့ပိုမိုခိုင်မာလာပြီးဗျူရိုကရက်စစ်အုပ်ချုပ်ရေးယန္တရားတွင်အားကိုးရသောအရာရှိများနှင့်လှုပ်ရှားလည်ပတ်စေခဲ့သည်။
အရပ်ဘက်တက္ကသိုလ်များမှ ဘွဲ့ရရှိလာသော လူငယ်မောင်မယ်များမှာ
မည်မျှပင်တော်နေတတ်နေသည်ဖြစ်စေ စစ်တပ်မှခန့်အပ်ထားသော
အငြိမ်းစားစစ်အရာရှိများ၊အရပ်ဘက်ပြောင်းလဲ တာဝန်ထမ်းဆောင်နေသော
စစ်အရာရှိများ၏ လက်အောက်တွင် စစ်တပ်ပုံစံအုပ်ချုပ်ခံအဖြစ်
လည်ပတ်အမှုထမ်းနေရင်း ၎င်းတို့ကိုယ်တိုင်မသိလိုက်ပါဘဲ
“ဗျူရိုကရေစီစစ်အုပ်ချုပ်ရေးယန္တယား”၏
အုပ်တစ်ချပ်သဲတစ်ပွင့်အနေနှင့်အသုံးချခံနေကြရရှာသည်။
၁၉၈၈မှခုနှစ်မှစတင်၍မြန်မာနိုင်ငံကို ခေတ်အဆက်ဆက်အုပ်ချုပ်လာသော အစိုးရသည်
န.၀.တ၊န.အ.ဖ၊ ကြံ့ဖွတ်အစိုးရအဖြစ်မည်မျှပင် အမည်ပြောင်းလဲခဲ့သော်လည်း
ပညာရေးစနစ်ပေါ်ဖွံ့ဖြိုးတိုးတက် လာစေရန် စိတ်ရင်းစေတနာအမှန်တကယ်မရှိဘဲ
စစ်အုပ်ချုပ်ရေးအခြေခံခိုင်မာလာစေရန်သာ ရည်ရွယ်ပြီး
လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ ယနေ့ခေတ်ပညာရေး၏
ယိုပေါက်များဖြစ်သော နိုင်ငံတကာအဆင့်မမီတော့သော သင်ရိုးများ၊ အမှန်တကယ်
တတ်မြောက်စေခြင်းမရှိသော သင်ကြားရေးနည်းစနစ်များ၊ငွေပေးအတန်းအောင်နေသော
အကျင့်ဆိုးများကိုပြုပြင်ခြင်းမရှိဘဲ စည်းမျဉ်းစည်းကမ်းများသာတစ်မျိုးပြီး
တစ်မျိုးထုတ်ပြန်၍ တက္ကသိုလ်ဝင်းကို အကျဉ်းထောင်အဖြစ် ပြောင်းလဲနေခြင်းကို
ယနေ့ခေတ်ကျောင်းသားကျောင်းသူတို့ ကိုယ်တိုင်
သိမြင်နားလည်ကြဖို့လိုပါသည်။စာရွက်ပေါ်မှာသာရှိပြီးလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုနည်းသော
မူလတန်းအခမဲ့ ပညာရေးစနစ်၊ အမှန်တက်ယ်တတ်မြောက်ခြင်းမရှိဘဲ
အချိန်တန်ခင်အလုပ်သမားဖြစ်သွားရသော ကျောင်းသား
ကျောင်သူများ၊တက္ကသိုလ်ဝင်းနားတစ်ခေါ်စာပင် မဝေးသောအရက်ဆိုင်များ
အတွင်းမူးရစ်နေကြသော ကျောင်းသားများ၊ အနယ်နယ်အရပ်ရပ်မှ မိဘမျက်ကွယ်တွင်
ကျောင်းလာတက်ရင်း အရှက်တကွဲအကျိုးနည်းဖြစ်နေကြသော
အဆောင်နေကျောင်းသူများ၊ရပ်ကွက်အတွင်း ဆိုးသွမ်းလူငယ်များ၊
ကားစပယ်ယာများနှင့်မကြာခဏ ရိုက်ပွဲဖြစ်နေကြသော
ကျောင်းသားများ၊တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထားနေသော
(DayClub) များ၊(show) ပွဲများ စသည်တို့သည်မတော်တဆဖြစ်ပျက်နေခြင်း မဟုတ်ဘဲ
တမင်တကာ ကြံရွယ်ကျုံးသွင်း လုပ်ဆောင်နေမှု
တမင်တကာပြုပြင်မှု မရှိခြင်းတို့ကြောင့် ဖြစ်နေကြရကြောင်းကို ကျောင်းသားထု
တစ်ရပ်လုံး သတိပြုမိဖို့လိုပါသည်။ပညာရေးစနစ်ယိုယွင်းမှု၏ ပြယုဂ်အဖြစ်
ယနေ့တက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ အခက်အခဲများကို
အနည်းငယ်တင်ပြလိုပါသည်။ဗမာ့တက္ကသိုလ်ပညာရေးကို အဝေးသင်တက္ကသိုလ်ပညာရေးနှင့်
နေ့သင်တန်း တက္ကသိုလ်ပညာရေး အဖြစ် နှစ်မျိုးခွဲခြားထားပြီး
နေ့သင်တန်း(Day)မှာ အထူးသဖြင့်ငွေကြေးအတန်အသင့် သုံးစွဲနိုင်သော
အထက်တန်းလွှာနှင့် အလယ်အလတ်လူတန်းစားများ၏ သားသမီးများတက်ရောက်သင်ကြားကြပြီး
အဝေးသင် တက္ကသိုလ် (U.D.E) မှာတော့
အခြေခံလူတန်းစားများနှင့်ဝန်ထမ်းသားသမီးများ၊ အလုပ်တစ်ဘက်နှင့် ကျောင်းတက်
နေရသော ကျောင်းသားကျောင်းသူများ
တက်ရောက်ကြပါသည်။နေ့သင်တန်း(Day)တွင်တက်ရောက်နေကြသော
ကျောင်းသားကျောင်းသူအများစုမှာ ဓါတ်ခွဲခန်းကြေး၊ကျောင်းဝင်ကြေးများကို
ကျောင်းအပ်တိုင်းမပျင်မကွက်ပေးသွင်းနေရသော်လည်း လက်တွေ့တွင် မပြည့်စုံသော
စက်ပစ္စည်း ဓါတ်ခွဲခန်းကိရိယာများကိုသာ
သုံးစွဲနေကြရသည်။အခြားတဖက်တွင်မြင့်မားလာသော
ကုန်ဈေးနှုန်းနှင့်အပြိုင်ဈေးတက်လာသော ကျူရှင်ခများ၊ စာအုပ်စာ
တမ်းစာရေးကိရိယာဖိုးနှင့်
ဖယ်ရီကားခကိုလဲလစဉ်မှန်မှန်ကြိုးစားပေးဆောင်နေကြရသည်။ပြင်ပစားသောက်ဆိုင်များ၏
ဈေးနှုန်းထက်ကြီးမြင့်နေသော ကျောင်းစားသောက်ဆိုင်များ၏ တစ်ဘက်
တစ်လမ်းမှနှိပ်စက်မှုဒါဏ်ကိုလည်းခံနေကြရသည်။ထို့ပြင်ကျောင်းခေါ်ချိန်(၇၅%)မပြည့်မှု၊ကျောင်းစည်း
ကမ်းများဖောက်ဖျက်မှု စသည့်ပြစ်ချက်များကြောင့်
ကျောင်းထုတ်ကျောင်းနားခံနေရသော
ကျောင်းသား ကျောင်းသူများကလည်း ဒုနှင့်ဒေးပင်။
မပီပြင်သောသင်ကြားရေးစနစ်များကြောင့် အမှန်တကယ်
ပညာတတ်မြောက်ခြင်းမရှိသော်လည်း “မအောင်မနေရပညာရေးစနစ်”အရ
စာမေးပွဲကျရှုံးသော ဘာသာရပ်များအား ပြန်လည်ဖြေဆိုကြရပြီး ဘွဲ့ရသွားသော
ကျောင်းသား ကျောင်းသူများကလည်း မရေမတွက်နိုင်အောင်များပြားလှသည်။
တက္ကသိုလ်ဆရာ၊ဆရာမများသည် လည်း အနှစ်မရှိသော ပညာရေးစနစ်၏
ရိုက်ခတ်မှုဒဏ်ကိုခံနေကြရသည်။သတ်မှတ်ကာလအပိုင်းအခြားအတွင်း
သင်ကြားမှုပြီးစီးရမည်ဟု ပညာရေးဝန်ကြီးဌာနမှ ချမှတ် ပေးထားသော
သင်ခန်းစားများသင်ကြားပြီးမြောက်၍ အထက်လူကြီးများ၊ ပါမောက္ခများ
ငြိုငြင်ခံရမှုမရှိစေရန် တပည့်များနားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ
တတ်သုတ်ရိုက် သင်ကြားနေကြရပြီး
ပညာရေးနှင့်ကျောင်းသားကျောင်းသူများအရေးကိစ္စများတွင်တော့
ခပ်လျှိုလျှိုနေတတ်သော အမူအကျင့်မှာယနေ့တက္ကသိုလ်ဆရာ၊ဆရာမများ၏ အလေ့အထတစ်ခု
ဖြစ်လာနေသည်။ ထိုသို့အာမခံချက်မရှိသော ပညာရေးစနစ်ကြောင့်
တက္ကသိုလ်ကျောင်းသား၊ကျောင်းသူအများစုမှာ တက္ကသိုလ်ပညာရေးသင်ကြားရင်း
တစ်ဖက်မှလည်း အခြားပညာ ရပ်သင်တန်းများကို ငွေကုန်ကြေးကျခံကာ သင်ယူနေကြရသည်။
ယခုခေတ် တက္ကသိုလ်ကျောင်းသား ကျောင်းသူအများစုမှာ မိမိတို့သင်ကြားနေကြရသော
ပညာရေးစနစ်အပေါ် ယုံကြည်မှုလုံးဝ ကင်းမဲ့ နေကြပြီး ဤပညာရေးစနစ်အရ
ရရှိလာမည့်ဘွဲ့ကို အဆောင်အယောင် ဂုဏ်တစ်ခု၊ပြယုဂ်တစ်ခု အဖြစ်သာ
သတ်မှတ်ထားကြသည်။
တက္ကသိုလ်များမှရရှိလာသောဘွဲ့မှာ ဘ၀ရပ်တည်ရေးအတွက်
အလုပ်တစ်နေရာစာမျှလောက်ကိုပင် အာခံချက်မရှိခြင်းကြောင့်
ပညာရေးစနစ်နှင့်ဘွဲ့အပေါ် တန်ဖိုးမထားခြင်းမှာများစွာ ထူးခြားလှသော
အကြောင်းအရာတစ်ခုတော့ မဟုတ်ပေ။ထို့ကြောင့်ဘွဲ့ရရှိပြီးပါက သင်တန်းတစ်ခုခု
တတ်၍ နိုင်ငံခြားထွက် အလုပ်လုပ်ကြခြင်းဓလေ့မှာ
လူငယ်များအကြားခေတ်ပေါ်ယဉ်ကျေးမှုအဖြစ် မြန်မာနိုင်ငံတွင်
အဆမတန်ကြီးထွားလာနေခြင်းဖြစ်ပြီး မြန်မာ့လူ့ဘောင်အတွင်းတွင်
အခြားဖွံ့ဖြိုးဆဲ နိုင်ငံများထက်ပို၍ ဦးနှောက်ယိုစီးမှုပြဿနာကို
ပိုမိုရင်ဆိုင်လာနေကြရခြင်းဖြစ်သည်။ကျောင်းသားလူငယ်ထုအတွင်း
မိမိတို့သင်ကြားနေကြရသော ပညာရေးစနစ်အပေါ် အယုံအကြည်
မရှိတော့ခြင်းသည်နိုင်ငံ၏ အနာဂတ်
အတွက်အကြီးမားဆုံးသောပြဿနာတစ်ခုပင်ဖြစ်သည်။
လွန်ခဲ့သောအနှစ်ငါးဆယ်ကာလက ရန်ကုန်တက္ကသိုလ်သည်အရှေ့တောင်အာရှတွင် ထိပ်တန်း
တက္ကသိုလ်ကြီး တစ်ခုဖြစ်ခဲ့ခြင်းသည် ယနေ့ခေတ်လူငယ် ကျောင်းသားများအတွက်
ယုံတမ်းပုံပြင် တစ်ခုအဖြစ်သာအတိတ်ကာလတွင်
ကုန်လွန်ကျန်ရစ်ခဲ့ပြီဖြစ်သည်။နိုင်ငံဖွံ့ဖြိုးမှုနောက်ကျနေခြင်း၊အခြားနိုင်ငံများနှင့်ယှဉ်လျင်
နည်းပညာကွာဟချက်ကြီးမားနေခြင်း၊ နိုင်ငံတော်၏ သာမာန်အခြေ အနေလေးအတွင်းပင်
ပြည်သူတိုင်း ရှင်သန်ရပ်တည်ရေးခက်ခဲနေခြင်းအရင်းခံပြဿနာဇစ်မြစ်သည်
အမှန်စင်စစ်အားဖြင့် စနစ်တကျဖြိုခွင်းခံထားရသော
ပညာရေးစနစ်ကြောင့်ဖြစ်ကြောင်းကို ကျောင်းသား ကျောင်းသူတိုင်း
သဘောပေါက်နားလည်ကာ အဖက်ဖက်ကပျက်စီးယိုယွင်းနေသော မိမိတို့ပညာရေး စနစ်ကို
မိမိတို့ကိုယ်တိုင် ပြုပြင်ပြောင်းလဲ၍ ဒီမိုကရေစီပညာရေးနစ်ဆီသို
့ဦးတည်ချီတတ်ကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
မင်းသွေးသစ်
ဗကသများအဖွဲ့ ချုပ်

No comments:
Post a Comment