Saturday, 2 March 2013

မုံရွာမြို့ ၊ အထက (၁) အာစရိယပူဇော်ကြေးကောက်ခံခြင်း အဖြစ်အပျက်



မုံရွာမြို့ ၊ အထက (၁) ပဉ္စမတန်း (က) အတန်းပိုင်ဆရာမနှင့်
အခြားသောအတန်းပိုင်ဆရာတို့၏ အာစရိယ ပူဇော်ပွဲကျင်းပရန်
အလှုငွေကောက်ခံခြင်း အကြောင်းလေးပါ။ ပဉ္စမတန်း (က)ကျောင်းသား
မောင်သီဟသစ်သည် အတန်းပိုင်ဆရာမ ပေးလာသော စာအိတ် (၁၀) အိတ်ကို မိဘများအိမ်သို့ ယူဆောင်လာပါသည်။

စာအိတ်တစ်အိတ်စီတွင် ဆရာ/ဆရာမများကို
ကန်တော့ရန်အတွက် ပိုက်ဆံများထည့်ခဲ့ရမည်ဟု အတန်းပိုင်ဆရာမမှ
မှာကြားလိုက်ပါသည်။ ထို့ကြောင့် မိဘများမှာ စာအိတ်တစ်အိတ်စီ၌
ငွေငါးရာ(၅၀၀)ကျပ်စီ အသီးသီးထည့်၍ သားဖြစ်သူနှင့် အတန်းပိုင်ဆရာမထံ
ပြန်လည်ပေးပို့ခဲ့ပါသည်။

ပြဿနာမှာ ထိုအချိန်ရောက်မှ စတင်ပါသည်။ စာအိတ်ထဲ၌
ငွေငါးရာကျပ်သာ ထည့်ခြင်းသည် တစ်နှစ်ပတ်လုံး စာသင်ကြားပေးရသော
ဆရာ/ဆရာမများကို စော်ကားရာကျသည်ဟု အတန်းပိုင်ဆရာမမှာ ကျောင်းသား
မောင်သီဟသစ်အား ဆူပူကြိမ်းမောင်းမာန်မဲပါသည်။ ဆက်လက်ပြီး စာအိတ်များထဲ
ယခုထက်ပိုများသော ငွေကြေးအတိုင်းအတာတစ်ရပ်ကို ထပ်ထည့်ခဲ့ရန်
စာအိတ်များကို အိမ်သို့ ပြန်လည်ယူသွားစေပါသည်။

အိမ်သို့ရောက်သောအခါ
စီးပွားရေးကျပ်တည်းမှုကို ကြုံတွေ့ခံစားနေရသည့်မိဘနှစ်ပါးမှာ
ယင်းငွေငါးရာကျပ်ထက် ပိုပြီးထပ်ထည့်နိုင်သော အခြေအနေမရှိပါ။ အတန်းထဲရှိ အခြားသောငွေကြေးချို့တဲ့သော ကျောင်းသားများမှာလည်း မောင်သီဟသစ်ကဲ့သို့ အတန်းပိုင်လိုချင်သောငွေကြေးနှင့်ကိုက်ညီစွာ
ထည့်ဝင်နိုင်ခြင်းမရှိသည့်အဖြစ်မျိုးကို
ရင်ဆိုင်နေရပါသည်။ တတ်နိုင်သောငွေကြေးကိုသာထည့်ရရှာသော မိဘများနှင့် အာစရိယကြေးကို သောင်းကျန်းသူများဆက်ကြေးခွဲသကဲ့သို့ ကောက်ခံနေသော
အတန်းပိုင်ဆရာများကြားမှ ကျောင်းသားများမှာ အရွယ်နှင့်မမျှသော
စိတ်ဖိစီးမှုများ ၊ ဝေခွဲမရမှုများနှင့် ကျောင်းသွားရန်
တွန့်ဆုတ်တွေဝေလျက်ရှိပါသည်။

ယခုဖြစ်စဉ်နှင့်ထပ်တူ အထက (၁)
ကျောင်းအတွင်းရှိ အခြားသောအတန်းများတွင် စာအိတ်များဖြင့်
အာစရိယပူဇော်ကြေးများကို ဆက်ကြေးကောက်သကဲ့သို့ အတန်းပိုင်ဆရာများက
ကောက်ခံနေခြင်းကြောင့် အတန်းအသီးသီးရှိ အချို့သောကျောင်းသားများမှာ
ကျောင်းသွားရန် ၀န်လေးလျက်ရှိပါသည်။

သလ္လာဝတီတိုင်း(မ်)အယ်ဒီတာများမှတစ်ဆင့် ယင်းအထက(၁) ကျောင်းရှိ
အာစရိယပူဇော်ကြေးအား ဆက်ကြေးကောက်သကဲ့သို့
ကောက်ခံနေသောအတန်းပိုင်ဆရာများအား ယခုကဲ့သို့ အာစရိယပူဇော်ကြေးများကို
ကောက်ခံခွင့်ရှိပါသလား ။ ထိုသို့ကောက်ခံခြင်းကြောင့် ကျောင်းသားများ၏
ပညာရေးအား မည်မျှထိ အနှောင့်ယှက်ဖြစ်စေပါသလဲဆိုသည်ကို စဉ်းစားမိပါသလား ။ အာစရိယနှင့်တူအောင်နေပါက ၎င်းတို့လိုချင်နေသော အလေးအမြတ်ပြုခံမှုများမှာ
အလိုလိုဖြစ်လာမည့်အရာများဖြစ်ကြောင်းကို သိရှိရန် ရည်ရွယ်ကာ
ရေးသားပေးပို့ရခြင်းဖြစ်ပါသည်။

ပွင့်လင်းမြင်သာသော ယခုခေတ်အခြေအနေမျိုး၌
ဦးဆုံးအနေဖြင့် ယခုကဲ့သို့ အွန်လိုင်းမီဒီယာများမှတစ်ဆင့်
အများပြည်သူအား အသိပေးပြီး ဆင်ခြင်ရှောင်ရှားရန်
သတိပေးအကြံပြုရခြင်းဖြစ်ပါသည်။ ပြုပြင်သတိပေးခြင်းကို မသိကျိုးကျွုံ
ဆက်လက်ပြုနေပါက ဒုတိယအဆင့်ဖြင့် ဆိုင်ရာဌာနများနှင့်
တိုင်းဒေသကြီးအစိုးရအဖွဲ့အား အသိပေးကာ
ဆုံးမပဲ့ပြင်ခိုင်းရမည်ဖြစ်ပါကြောင်း အသိပေးပြောကြားလိုပါသည်။

(ပေးစာအား မူရင်းအတိုင်းဖော်ပြပေးခြင်းဖြစ်ပါသည်)
အယ်ဒီတာ
သလ္လာဝတီတိုင်းမ်

No comments:

Post a Comment