သင်ကြားရေး ဆရာ၊ ဆရာမအင်အား လိုအပ်ချက်ရှိနေသည့် အခြေခံပညာ ရေးကဏ္ဍအတွက် လာမည့်ပညာ သင်နှစ်အမီ မူလတန်းပြ ဆရာ၊ ဆရာမ အင်အား တစ်သောင်းတိုးမြှင့်ခန့်ထားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက မတ်လ ၁၉ ရက်နေ့တွင် ပြောကြားသည်။
"နေရာဒေသအလိုက် လိုအပ်ချက်အရ အင်အားဖြည့်တင်းတဲ့သဘောပါ။ ဒေသအားလုံးမှာ မူပြ ဆရာ၊ ဆရာမတွေ ခန့်ထားဖြည့်ဆည်း သွားမှာပါ။ ဦးစား ပေးအနေနဲ့ လိုအပ်ချက်ရှိနယ်တွေကို ဦးတည်ဖြည့်ဆည်းသွားမယ်။ မူလတန်းပြ တစ်သောင်းဝန်းကျင်လောက် ခန့်အပ် သွားပါမယ်" ဟု ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကိုကိုတင်က ပြောကြားသည်။
သင်ကြားရေးဆရာ၊ ဆရာမအင်အား နှစ်သိန်းနီးပါးရှိသည့် မူလတန်းနှင့် မူလွန် အဆင့် အခြေခံ ပညာရေးကဏ္ဍ အင်အားဖြည့်တင်းရာ၌ နယ်ဒေသများတွင် လက်ရှိလုပ်ကိုင်နေသော ဆွဲခန့် ဆရာ၊ ဆရာမများအား ဦးစားပေးခန့် အပ်သွားမည်ဟု သိရသည်။
မူလတန်းပြ ဆရာ၊ ဆရာမ၀န်ထမ်း၊ အခြေခံပညာ ကျောင်းများအတွက် အထွေထွေလုပ်သား ၀န်ထမ်း၊ အငယ်တန်း စာရေးရာထူးနှင့် ရုံးအကူနေရာများအတွက် ၀န်ထမ်းလျှောက်လွှာများ ခေါ်ယူ ခြင်းကို နိုင်ငံပိုင်သတင်းစာများတွင် မတ်လ ၁၇ ရက်နေ့မှ စတင်ပြီး ပညာရေး ၀န်ကြီးဌာနမှ ကြေညာခဲ့သည်။
မူလတန်းပြဆရာ၊ ဆရာမ၀န်ထမ်း နေရာလျှောက်ထားလိုသူများအနေဖြင့် ဧပြီလ ၉ ရက်နေ့တွင် ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး လာမည့်ပညာသင် နှစ်အမီ သင်ကြားရေးဆိုင်ရာ သင်တန်းများ ကိုလည်း မေလအတွင်း တက်ရောက်ရမည်ဖြစ်သည်ဟုလည်း ဦးကိုကိုတင်က ပြောကြားသည်။
အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ် ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး၊ ၂၀၁၂-၁၃ ပညာသင်နှစ်တွင် ငွေကျပ်ဘီလျံ ၆၀၀ ကျော် အသုံးပြုခဲ့သော်လည်း လာမည့်ပညာသင်နှစ် အတွက် ငွေကျပ် ဘီလျံ ၉၀၀ အထိ တိုးမြှင့်သုံးစွဲမည်ဟု ဖေဖော်ဝါရီလအတွင်း ကယားပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ဖူးသည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ မလိုအပ်သော ရုံးအသုံးအဆောင်ပစ္စည်းများ ၀ယ်ယူအသုံးပြုရန်လျာထားသည့် ငွေကျပ် ဘီလျံ ၃၀ ကျော်အား အခြေခံ ပညာရေးကဏ္ဍတွင် ဖြည့်ဆည်းပေးနိုင်ရန် ဖေဖော်ဝါရီလအတွင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူညီခဲ့ပြီးဖြစ်သည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍ ဘတ်ဂျက်တိုးမြှင့်ရရှိခဲ့ရာ ပညာ ရေးဝန်ကြီးဌာနအနေ ဖြင့် မူလတန်းပြ ဆရာ၊ ဆရာမအင်အား ဖြည့်တင်းခြင်း အပြင် အခြေခံပညာကျောင်းများ တည်ဆောက်ပြုပြင်ခြင်းနှင့် ပညာရေးမှူးရုံးများ တိုးချဲ့ခြင်း၊ ဆောက်လုပ်ခြင်းတို့ အတွက် ဘတ်ဂျက်ခွဲဝေ အသုံးပြုသွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်က ပြောသည်။
"ဥပဓိရုပ်ကောင်းမွန်တဲ့ အခြေခံပညာကျောင်းတွေဖြစ်လာဖို့ ပြင်သင့်တာပြင်၊ အသစ်ဆောက်သင့် တာ ဆောက်သွားဖို့ရှိပါတယ်။ အသုံးပြုဖို့ အန္တရာယ်အဆင့်ရှိတဲ့ ကျောင်းတွေ လည်းရှိနေပါတယ်။ ပထမအနေနဲ့ အခြေခံပညာကျောင်း တစ်ထောင် လောက်ကို ဦးစားပေးပြုပြင် သွားဖို့ ရှိတယ်" ဟု ဦးကိုကိုတင်က ပြောသည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပညာရေးမှူးရုံး ၁၈ ရုံးနှင့် မြို့နယ်ပညာရေးမှူးရုံး ပေါင်း ၃၀၀ ကျော် ရှိသည့်အနက် လာမည့်ပညာသင်နှစ်မှ စတင်ပြီး တစ်နိုင်ငံလုံးရှိ ခရိုင် ၅၂ ခရိုင်တွင် ခရိုင်ပညာရေးမှူးရုံးများ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် အသစ် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ပညာရေးကဏ္ဍ အတွက် စုစုပေါင်းအသုံးစရိတ်၏ ၄ ဒသမ ၃ ရာခိုင်နှုန်းအသုံးပြုခဲ့သော်လည်း ယခုနှစ်တွင် ၅ ဒသမ ၈၄ ရာခိုင်နှုန်းခန့် တိုးမြှင့် သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့သည့် ၂၀၁၃ - ၂၀၁၄ ပြည်ထောင်စု အစိုးရ၏ ရသုံးခန့်မှန်း ခြေငွေစာရင်းအရ သိရသည်။
အောင်ရှင် ( မြန်မာတိုင်း(မ်))
No comments:
Post a Comment