·
နယ်စပ်မှာ
ပညာရေးပိုမိုတိုးတက်လာစေဖို့အတွက် အသွင်ပြောင်းနေတဲ့ အတောအတွင်းမှာ
ကရင်နီကျောင်းနဲ့ အစိုးရကျောင်း ပူးတွဲပြီး သင်ကြားဖို့
အစီအစဉ်ရှိနေတယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ)
ပညာရေးဝန်ကြီး ဆရာအောင်ဆန်းမြင့်က ပြောပါတယ်။
“ကျနော်တို့
ကရင်နီမှာရှိတဲ့ သင်ရိုးညွှန်းတမ်းနဲ့ အစိုးရတို့မှာ ရှိနေတဲ့
သင်ရိုးညွှန်းတမ်းကို ပေါင်းပြီးတော့မှ သင်ကြည့်မယ်။ အစိုးရဘက်ကလည်း
လုပ်ဖို့ အသိအမှတ်ပြုတယ်လို့ ပြောပါတယ်။ အကယ်၍ပေါင်းမယ်ဆိုရင် သင်နိုင်မယ့်
ဆရာနဲ့ ဆရာမတွေ လိုအပ်နေတယ်”လို့ ပြောပါတယ်။
သင်ရိုးညွှန်းတမ်းများ
ထည့်သွင်းဖြည့်စွက်ခြင်းနဲ့ ပတ်သက်ပြီး ကရင်နီပညာရေးဌာနမှ
အခြားဌာနဆိုင်ရာများ၊က ကရင်နီလူမှုအသင်းအဖွဲ့များ၊ သင်ရိုးညွှန်းတမ်း
ပညာရှင်များနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ပူးတွဲဘာသာရပ်တွေဖြစ်တဲ့
အင်္ဂလိပ်၊ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေကို ရောနှော ဖြည့်စွက်ထားတဲ့
သင်ရိုးညွှန်းတမ်းအသစ်တွေနဲ့ အလယ်တန်း၊ အထက်တန်းနဲ့
အထက်တန်းလွန်ကျောင်းတွေမှာ လာမယ့် ၂၀၁၃-၁၄ ပညာသင် နှစ်မှာစပြီး
အသုံးပြုသွားမယ်လို့ ကရင်နီ ပညာရေးဌာန ဒု-ညွှန်ကြားရေးမှူး ခူးဘူးရယ်က
ပြောပါတယ်။
ပြည်တွင်းအစိုးရ
အထက်တန်းကျောင်းကနေ ပြောင်းပြီး ကရင်နီပညာရေးဌာန လက်အောက်ရှိ
အထက်တန်းကျောင်းမှာ လာရောက်ပညာ ဆည်းပူးတဲ့ အထက်တန်း ကျောင်းသူတဦးက
အခုလိုပြောပါတယ်။
“မြန်မာနိုင်ငံနဲ့
ကရင်နီပြည်မှာရှိနေတဲ့ ကျောင်းသင်ကြားမှုက ကွာခြားနေတာက မြန်မာပြည်မှာ
ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်ပဲ ရွေးရပြီး ကရင်နီပြည်မှာတော့
အကုန်လုံးသင်ရတယ်လို့” ပြောသွားပါတယ်။
အင်္ဂလိပ်၊ သင်္ချာနဲ့
သိပ္ပံဘာသာရပ်တွေဟာ အထက်တန်းအောင်မြင်သွားတဲ့ ကျောင်းသားတွေအတွက် တက္ကသိုလ်
ဆက်တက်နိုင်ဖို့ အရေးကြီးတဲ့အတွက် အဆိုပါ ဘာသာရပ်တွေကို
ကရင်နီကျောင်းမှာပြဋ္ဌာန်းခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ အထက်တန်းမှာ
ကြည့်လိုက်တဲ့အခါကျတော့ တကယ်တမ်း အထက်တန်း အောင်မြင်တဲ့ကလေးဟာ တက္ကသိုလ်ကို
သွားရမယ်ဆိုလို့ရှိရင် အဓိကဘာသာရပ် (အင်္ဂလိပ်၊ သင်္ချာနဲ့ သိပ္ပံဘာသာ)ကို
ကျနော်တို့က ဖြေကို ဖြေရမှာ တက္ကသိုလ်ဝင်ခွင့်ပေါ့နော်” လို့ ပြောသွားပါတယ်။
အစိုးရကျောင်းတွေနဲ့
ကရင်နီပညာရေးဌာန လက်အောက်ရှိကျောင်းတွေ ပေါင်းစပ်ဖွင့်လှစ်နိုင်ဖို့
အစီအစဉ်အပြင် ကရင်နီအမျိုးသားတွေရဲ့ကျောင်းတွေကိုလည်း ဖွင့်လှစ်နိုင်ဖို့
အစီအစဉ်တွေလည်း ရှိတယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
“အမျိုးသားကျောင်းကျတော့
ကျနော်တို့ သင်ရိုးညွှန်းတမ်းနဲ့ ကျနော်တို့ ဘာသာစကားနဲ့ ပိုင်ပြီး သင်တဲ့
ကျောင်းမျိုး အခုလက်ရှိ (နယ်စပ်မှာဖွင့်နေတဲ့) ကျောင်းမျိုးပေါ့။
နောက်ပြီး အစိုးရ ကျောင်းတွေလည်းရှိမယ်၊ ဒါပေမယ့် ဖြစ်လာမှာက
အချိန်ကြာဦးမယ်” လို့ပြောသွားပါတယ်။
ကေအန်ပီပီနဲ့ အစိုးရတို့ဟာ
၂၀၁၂ ခုနှစ် မတ်လဆန်းက ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ
လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၂ ခုနှစ် ဇွန် ၉ ရက်နေ့မှာ ပြုလုပ်တဲ့
ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှာ ကေအန်ပီပီက တင်ပြထားတဲ့ အချက် ၂၀ ထဲမှ ၁၄
ချက်ကိုသဘောတူခဲ့ပြီး နောက်ထပ် ပြည်ထောင်စုအဆင့်မှာ တွေ့ဆုံဆွေးနွေးပွဲကို
လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
No comments:
Post a Comment