ဒါလေး တစ်ခုတော့ ခွင့်လွှတ်စေချင်တယ်
နိုင်ငံတစ်ခုမှာ နိုင်ငံ လွတ်လပ်ရေးအတွက် လေးလေးနက်နက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တွေ ကွယ်လွန်ကုန်ကြတဲ့အခါမှာ ယောင်တောင်တောင် ပါခဲ့ဖူးတဲ့ လူတစ်ယောက်က နိုင်ငံရဲ့ အထွတ်အထိပ် တက်ဖြစ်သတဲ့ဗျ။
ဖြစ်တာမှ အားလုံးက ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရတဲ့ အာဏာရှင်ကြီး ဖြစ်တာဗျ။ လက်ညှိုးညွှန်ရာ ရေဖြစ်ပေါ့ဗျာ။ အိမ်သာတက်ရင်တောင် ဘာမှ ကိုယ်ကိုယ်တိုင် လုပ်စရာ မလိုဘူးတဲ့။ တော်တော် တန်ခိုးထွားပါ့ဗျာ။
ခက်တာက သူက ငြိမ်ငြိမ်မနေဘဲ ဟိုလျှောက်သွား သည်လျှောက်သွား၊ ပါးစပ်နဲ့ လက်ကလည်း ငြိမ်ငြိမ် မနေဘူးတဲ့။ သူ့နောက်တော်ပါးတွေကလည်း အဲဒီပါးစပ်နဲ့ လက်လှုပ်သမျှကို သူတို့ နားလည်သလို အဓိပ်္ပာယ်ဖော်ပြီး လိုက်လုပ်ကြတာဗျ။ ဥပမာဗျာ၊ တစ်ရက်မှာ ကားပေါ်ကနေ ဒီနေရာမှာ အိမ်နှစ်လုံးပါလား ဆိုတော့ နောက်ရက် သူ့တပည့်တွေက သြော် မျက်စိနောက်လို့ ထင်ပါရဲ့ဆိုပြီး အိမ်နှစ်လုံးကို ဖျက်ပစ်သတဲ့ဗျာ။
ဌာနဆိုင်ရာတွေ သွားစစ်ရင်း မိတ်ဟောင်းဆွေဟောင်းတွေ့လို့ “ဟကောင်ကြီး၊ မင်း ရှိတုန်းပဲနော်” လို့ နှုတ်ဆက်တော့၊ တပည့်တွေက ဒီလူကို မရှိစေချင်ဘူးနဲ့ တူတယ်ဆိုပြီး ပင်စင်ပေးပစ်သတဲ့ဗျ။ တစ်ရက်မှာ အင်္ဂလိပ်သတင်းစာ ဖတ်ကြည့်ပြီး နားမလည်တာနဲ့ လွှင့်ပစ်လိုက်တယ်ဗျ။ ပါးစပ်ကလည်း “တောက်၊ နယ်ချဲ့အင်္ဂလိပ် တွေတော့ကွာ”လို့ ကြိမ်းတာကို တပည့်တွေက ကြားသွားပြီးတော့ ကားဆိပ် ရထားဆိပ်တွေ မြို့အ၀င်တွေက ဆိုင်းဘုတ်တွေမှာ ရေးထားတဲ့ အင်္ဂလိပ်စာတွေကို အကုန် လိုက်ဖျက်ကြသတဲ့။ အင်္ဂလိပ်စာ လေ့လာလိုက်စားသူတွေကိုလည်း နယ်ချဲ့ အလိုတော်ရိတွေ ဆိုပြီး ရှုတ်ချပွဲတွေ လုပ်သတဲ့။
နောက်တစ်ခါ “လူတန်းစားညီမျှရင် ကောင်းမှာပဲ”လို့ အာဏာရှင်ကြီး ညည်းတွားတာကို သူ့တပည့်တွေက ကြားသွားသတဲ့။ ခေါင်းဆောင်ကြီးနှယ် ဒီလောက် လွယ်တာများ ညည်းနေရတယ်လို့ဆိုပြီး ချမ်းသာတဲ့ လူတွေရဲ့ ပစ္စည်းတွေကို သိမ်း၊ မွဲအောင်လုပ်လိုက်တော့ ပြည်သူအားလုံး ဆင်းရဲပြီး လူတန်းစား ညီမျှသွားသတဲ့။
ခေါင်းဆောင်ကြီးဟာ သူကိုယ်တိုင်ကလည်း ညံ့၊ သူ့တပည့်တွေကလည်း သူ့ထက် ညံ့ဆိုတော့ တိုင်းပြည်က တစ်နှစ်ထက် တစ်နှစ် မွဲလာလိုက်တာ ကုန်းကောက်စရာတောင် မရှိတော့ဘူးတဲ့။ ဒါနဲ့ စိတ်ပျက်လက်ပျက်နဲ့ ခရီးတွေချည်း ထွက်နေသတဲ့။ ခရီးထွက်ရင် သူ့စတိုင်က ဘောင်းဘီနဲ့ ဟာဝိုင်ယံရှပ်လို့ ခေါ်တဲ့ ကွက်တိကွက်ကျား အင်္ကျီလက်တိုပွပွကို အပြင်ထုတ်ဝတ်တယ်။ ခါးကြားမှာတော့ ခြောက်လုံးပြူး အမြဲ ထိုးထားတယ်။
တစ်ရက် နယ်ဘက်မှာ ကားနဲ့ သွားရင်း ကားလမ်းဘေးမှာ ထန်းပင်တွေ ရှိသတဲ့။ (မေ့လို့ဗျာ၊ ထန်းပင်ဆိုမှ သတိရတယ်၊ ဘယ်နိုင်ငံလဲဆိုတာ မပြောရသေးဘူး၊ ထန်းပင်ဆိုတိုင်း မြန်မာနိုင်ငံ မဟုတ်ပါဘူး၊ မြန်မာတစ်နိုင်ငံတည်း ထန်းပင်ပေါက်တယ် မထင်ပါနဲ့၊ လက်တင် အမေရိကနိုင်ငံတွေမှာလည်း Palm-tree လို့ ခေါ်တဲ့ ထန်းပင်တွေရှိပါ့ဗျာ၊ မြန်မာနိုင်ငံလို ပေါက်ကရတွေးတဲ့ လူတွေကိုလည်း သတိပေး ရဦးမယ်။ ကိုဆိတ်ဖွားကို မအံ့သြပါနဲ့ဗျာ၊ ကျုပ်လား၊ မော်လည်း မကြည့်ဝံ့ဘူး။ ထိလည်း မထိဝံ့ဘူး၊ ထိရင် မီးပွင့်မယ်ဆိုတာ သိနေတော့ ဘယ်ထိလိမ့်မလဲ၊ သူများ နိုင်ငံပဲ သွားထိမှာပေါ့၊ သူများ နိုင်ငံတွေက သဘောထားကြီးပါ့။ ကြက်ဥပုပ်နဲ့ ပေါက်ပေါက်၊ ခရမ်းချဉ်သီးပုပ်နဲ့ ပေါက်ပေါက်၊ အော်ဆဲဆဲ၊ ကာတွန်းတွေ ကြိုက်သလို ဆွဲ၊ အနုပညာစင်ပေါ်တက်တက်၊ နိုင်ငံရေးစင်ပေါ်တက်တက်၊ စင်ပေါ်က လူကို စင်အောက်က လူက ကိုယ်ရေးကိုယ်တာတောင် ထိခွင့်ရိခွင့် ရှိတယ်၊ စင်ပေါ် ရောက်ရင် ကိုယ့်ကိုယ်ကိုယ် မပိုင်ဘူး၊ အများပြည်သူက ပိုင်တယ်၊ ဒီလို မဖြစ်ချင်ရင် အစကတည်းက စင်ပေါ် မတက်နဲ့၊ အစမ်းသပ်မခံနိုင်ရင် စင်အောက်မှာပဲနေ၊ ရာနှုန်းပြည့် ဒီမိုကရေစီနိုင်ငံတွေမှာ ပြောတာပါ။ ဒီမှာတော့ Mr. Bullet ပြောတာလည်း မှန်ပါ့၊ တစ်နပ်စား ကိုယ်တော်ကြီး မိန့်တာလည်း မှန်ပါ့၊ “ဤ”ကို “ကျွဲ” လုပ်ခဲ့ရင်တောင် မှန်ပါ့လို့ ထောက်ခံ ဝေဖန်တာမျိုး မလုပ်ရင် 'Media Friendly' ဖြစ်မှာ မဟုတ်ဘူးလို့ အသံလွှင့်တဲ့ သူက လွှင့်တယ်) (ဆိတ်ဖွားအမှုက ကုလသမဂ္ဂအထိ ရောက်နိုင်တယ်နော်)
ဒါနဲ့ ဇာတ်လမ်းဆက်ရရင် ခုနက မြန်မာနိုင်ငံ မဟုတ်တဲ့ နိုင်ငံတစ်နိုင်ငံက အာဏာရှင်ကြီးဟာ ထန်းပင်အောက်ကနေ ၀ါသနာအရ မော့ကြည့်လိုက်တော့ ထန်းပင် တက်နေတဲ့ ထန်းတက်သမားက တိုက်တိုက်ဆိုင်ဆိုင် သူတစ်ချိန်က လက်တွဲခဲ့တဲ့ ရဲဘော်ရဲဘက် ဖြစ်နေတယ်။ ထန်းပင်ပေါ်က အဆင်းခိုင်းပြီး သူ့တပည့်တွေနဲ့ ခပ်လှမ်း လှမ်းကို ခေါ်မေးတယ်။
စီးပွားရေး အဆင်ပြေလား မေးတော့၊ ထမင်းနပ်မှန်အောင် မစားရဘူး ဖြေတယ်။ အာဏာရှင်ကြီးက စိတ်မကောင်းဖြစ်သွားပြီး၊ ဒါဆိုရင် ဌာနဆိုင်ရာ တစ်ခုခုမှာ ၀န်ကြီးခန့်မယ် မင်း လုပ်မလားလို့ မေးတယ်။ သူ့ရဲဘော်က ငြင်းတော့ ဒုဝန်ကြီး၊ ငြင်းပြန်တော့ ညွှန်ချုပ် ဒုညွှန်မှူး လက်/ညွှန် အဆင့်ဆင့် မေးသွားတာ အားလုံးကို ငြင်းတယ်။ ပြီးမှ မရဲတရဲ မေးတယ်။ စာရေးလေးပဲ လုပ်လို့ မရဘူးလားတဲ့။
အာဏာရှင်ကြီးခမျာ အံ့သြစိတ်တိုပြီး ပြန်ဖြေတယ်။
“အဲဒီရာထူးတော့ ငါ မပိုင်ဘူး၊ တကယ်တတ်မှ ရတာ၊ နောက်ပြီး အရည် အချင်းစစ် စာမေးပွဲအောင်မှ၊ မင်း ဖြေရင်လည်း မအောင်နိုင်ဘူး၊ ထန်းပဲ တက်စားတော့ ငါ သွားမယ်”တဲ့။
ငါးတန်းနဲ့ ပြိုင် ဘယ်သူမှ မနိုင်
ဘယ်သူမှ မနိုင်တာ မဆန်းပါဘူး။ ဆယ်တန်းစာမေးပွဲကြီး ကျင်းပတဲ့နေ့တွေမှာ စာမေးပွဲအပြီး လမ်းတွေပေါ် ကြည့်လိုက်ရင် နှစ်သစ်ကူးထားသလို စက္ကူစတွေ ဆိုက်မျိုးစုံ ဖွေးဖွေးလှုပ်နေပါတယ်။ ဒါတွေကို မသိယောင် မမြင်ယောင် ပြုနေခြင်းဟာ ပညာရေးစနစ်ကို မြောင်းထဲရောက်အောင် တွန်းပို့နေသလိုပါပဲ။ “၀မ်စွေ့”တို့ကလည်း မြန်မာကျောင်းသားအားလုံး သူခိုးဇာတ်သွင်းပေးတဲ့အနေနဲ့ ခိုးချတဲ့ ကိရိယာတွေ တီထွင်ပေးကြပါတယ်။ ဘောလ်ပင်ထဲက ဆွဲထုတ်လို့ရတဲ့ စက္ကူလိပ် စသဖြင့် မျိုးစုံပါပဲ။ လူကြီးတွေ အားလုံး ငါးတန်းကို နိုင်မှ နိုင်ငံတိုးတက်မှာနော်။
ပညာရေးစနစ်က ဘယ်လောက်ထိ အောက်တန်းကျတဲ့ ဘ၀၊ လူရာမ၀င်တဲ့ ဘ၀ ရောက်သွားလဲဆိုရင် စာပေးစာယူကို လူစားထိုးပြီး အဖြေခိုင်းလို့ရတယ်လို့ ကြားရပါတယ်။ သူ့ပေါက်ဈေးတောင် ရှိသတဲ့။ (စကားမစပ် ဘယ်စာမေးပွဲဖြစ်စေ လူစားထိုး အဖြေခိုင်းတာ စစ်ဆေးတွေ့ရှိရင် ဖြေခိုင်းသူ ဖြေပေးသူနှစ်ဦးစလုံးကို ထောင်ဒဏ်များများ အပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေတော့ ကျုပ်တို့ လိုလာပါပြီ။ ဘာကြောင့်လဲဆိုတော့ ပိုက်ဆံပေး ကိုယ်စား အဖြေခိုင်းလို့ ဆယ်တန်းအောင်၊ ဆယ်တန်းအောင် ဘွဲ့ရလို့ အရာရှိဖြစ်၊ အရာရှိအဖြစ်နဲ့ ဌာနဆိုင်ရာတွေကို ဥုံဖွဆိုပြီး ရောက် လူတစ်ယောက်ရဲ့ဘ၀ တိုးတက်ကြီးပွား သွားတာ ၀မ်းသာစရာပေမယ့် သန်းခြောက်ဆယ် ဒုက္ခဆင်းရဲ ရောက်မယ့် အရေးကတော့ ၀မ်းနည်းဖို့ ကောင်းပါတယ်)
ငါးတန်းနဲ့ ပြိုင်ရင် ကျုပ်လည်း နိုင်မယ် မနိုင်မယ် မသေချာပါဘူး။ ကျုပ် မနိုင်တာက အရေးမကြီးပါဘူး။ ကျုပ်အထက်က လူတွေ (ကျုပ်က မြေညီထပ်မှာ နေတာ) နိုင်ပါစေလို့ ဘုရားမှာ နေ့စဉ် ဆုတောင်းမိပါတယ်။ ဒါမှ အထက်ကနေ ပေါက်ကရ (အမှိုက်တို့ ရေဆိုးတို့ သွန်တာမျိုး) လုပ်တာ မမြင်ရ မတွေ့ရမှာပါ။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေကို ကြည့်ပါ။ ခိုးမချဘဲ တကယ်တတ်တဲ့ ဥပဒေပညာရှင်တွေ၊ Ph.D ဒေါက်တာဘွဲ့ ရသူတွေဟာ အုပ်ချုပ်ရေး အဆောက် အအုံမှာ အားကောင်းနေကြတာပါ။ စာမေးပွဲ ခိုးချဖို့ မဆိုထားနဲ့ ဒေါက်တာဘွဲ့ စာတမ်းတင်စဉ်က တူတဲ့ စာသားတွေ တွေ့လို့ နောက်ကြောင်း တူးကြဖော်ကြရင်းနဲ့ ဂျာမနီနိုင်ငံက ကာကွယ်ရေးဝန်ကြီး နုတ်ထွက်ခဲ့ရဖူးပါတယ်။
ကျုပ်တို့ဆီမှာ ဌာနဆိုင်ရာ အကြီးအကဲတွေ ခန့်အပ် တာဝန်ပေးကြတယ်။ ဘယ်လိုပုံစံ ဘယ်လို သုံးသပ်ချက်တွေနဲ့ ခန့်အပ်ကြ ထောက်ခံကြတာလဲ။ မက်လောက်စရာကောင်းတဲ့ အခွင့်အရေးတွေနဲ့ (စားရဲရင် နေ့ချင်းညချင်း ကြီးပွားမယ့်) တာဝန်တွေကို ခွဲတမ်းပုံစံနဲ့ ဥပမာ နိုင်ငံရဲ့ အဆင့်မြင့် အရာရှိကြီးမို့ ဒါမှမဟုတ် အငြိမ်းစားမို့ ဦးစားပေးရတာလား။
သက်ဆိုင်ရာ ဌာနရဲ့ ဘာသာရပ်ကို မတတ်ကျွမ်ဘူးပဲထားပါ။ စိတ်ဝင်စားမှုနဲ့ စေတနာကတော့ အဓိက လိုအပ်ပါတယ်။ ဦးဆောင်ရမယ့် သူတစ်ယောက်ဟာ တာဝန်ပေးလို့ ရာထူးတစ်ခုကို ရလာပါခဲ့တယ်။ ဂုဏ်ဒြပ်နဲ့တကွ အခွင့်အရေးတွေ ကလည်း ငြင်းရက်စရာ မရှိဘူး။ ဒါနဲ့ စိတ်ဝင်စားမှု မရှိပေမယ့်လည်း ရေလိုက်ငါးလိုက် အချိန်ကာလတစ်ခုကို ဖြတ်ကျော်သွားမယ်။ ဒါပေမဲ့ အောက်ခြေမှာ ဘာတွေ ဖြစ်နေလဲ မလေ့လာဘူး။ ပြည်သူ ဘာတွေ လိုအပ်နေလဲ သူ မသိဘူး။ အောက်ကျမှာစိုးလို့ တကယ် တတ်ကျွမ်းတဲ့ ပညာရှင်တွေကို အားမကိုးဖြစ်ဘူး။ စိုးရိမ်တုန်လှုပ်တဲ့အတွက် အဝေးကို ပို့တယ်။ တတ်တတ် မတတ်တတ် ကိုယ်နဲ့ အဆင်ပြေသူ ကိုယ့်ကို သစ္စာရှိမယ့် သူ အပေးအယူမျှမယ့်သူတွေကိုပဲ အနီးအနားမှာ ထားမယ်။ ဒါကြောင့် သူ့နားမှာ ဘာတွေ ဖြစ်ပျက်နေလဲ အမှန်အတိုင်း ပြောမယ့်သူ မရှိဘူး။ ဒါကြောင့် အမှန်မမြင်နိုင်တဲ့အပြင် နီးစပ်ရာက ပြောသမျှ အမှားတွေချည်းပဲ မြင်နေတယ်။ အန္တရာယ်ကိုလည်း မမြင်နိုင်တော့ဘူး။ သူလည်း ဒုက္ခနဲ့ လက်တစ်ကမ်းရောက် ပြည်သူမှာလည်း အကျိုးမဲ့။
အမှားကို ၀န်ခံချင်တဲ့ သတ်္တိကလည်း ကျုပ်တို့ မြန်မာတွေမှာ တစ်စက်မှ မရှိကြ။ ကိုယ်ကျိုးစွန့်ဖို့ဆိုတာက ဒဏ္ဍာရီပါ။ အနစ်နာခံတာလည်း ပုံပြင်ထဲမှာပဲ ရှိပါတယ်။ ပြည်သူ သန်းခြောက်ဆယ်ရဲ့ အသံမပြောနဲ့ တစ်ယောက်တလေရဲ့ အသံကိုတောင် ခံနိုင်ရည် မရှိပါဘူး။ ဝေဖန်တာကို ကြိုဆိုပါတယ်ဆိုတာ အပေါ်ယံပါဗျာ။ တကယ်တော့ မြှောက်ပင့်ပြောတဲ့ ဝေဖန်မှုမျိုးကိုသာ ကြိုဆိုတဲ့ အမြောက်ကြိုက်ကြီးတွေချည်းပါပဲ။ တိုးတက်ဖို့တော့....။
by ပြည်သူ့ခေတ် on Sunday, 17 February 2013 at 13:38 ·

No comments:
Post a Comment